Friday, May 17, 2024

လောက်ကိုင် စကစ လက်အောက်ခံ ခလရ-၁၂၅ တပ်ရင်းတစ်ရင်းလုံး ထပ်မံလက်နက်ချ အလင်းဝင်

Must read

သျှမ်းပြည် လောက်ကိုင်မြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ) လက်အောက်ရှိ ခလရ-၁၂၅ တပ်ရင်းတစ်ရင်းလုံးသည် ကိုးကန့်တပ်ဖွဲ့ MNDAA ထံသို့ ထပ်မံလက်နက်ချ အလင်းဝင်ခဲ့ကြောင်း စုံစမ်းသိရသည်။

လောက်ကိုင်

ကုန်းကြမ်းမြို့နယ်အခြေစိုက် စစ်ကောင်စီ ခလရ-၁၂၅ တပ်ရင်းကို ညီနောင်မဟာမိတ်တပ်ဖွဲ့များမှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ခမရ-၁၂၅ တပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင်များအပါအဝင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်များ စုစုပေါင်း (၂၇၂)ဦးသည် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထံသို့ လက်နက်ချအလင်းဝင်ခဲ့ကြောင်း ကိုးကန့်မီဒီယာမှ သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်နေ့အထိ ကုန်းကြမ်းမြို့နယ် စစ်ကောင်စီ တပ်စခန်း (၅)ကို ကိုးကန့်တပ်ဖွဲ့ MNDAA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ခလရ-၁၂၅ တပ်ရင်းတစ်ရင်းလုံးမှာ အလံဖြူထောင်ပြီး ၎င်းတပ်ရင်းမှ တပ်ရင်းမှူးသည် ရဲဘော်တစ်ဦးနှင့်အတူ လက်နက်ချအလင်းဝင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA ထံသို့ ဆွေးနွေးတောင်းဆိုခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ကုန်းကြမ်းမြို့နယ်တွင် နှစ်ပေါင်း (၃၀)ခန့် တပ်စွဲထားခဲ့သော စစ်ကောင်စီတပ်များမှ ကိုးကန့်တပ်ဖွဲ့ MNDAA သို့ လက်နက်ချ အလင်းဝင်လာသူများမှာ ခလရ-၁၂၅ အဖွဲ့ဝင် (၉၃)ဦး၊ စကခ-၁၆ အဖွဲ့ဝင် (၃၆)ဦး၊ စကခ-၁၂ အဖွဲ့ဝင် (၁၄)ဦး၊ စစ်ဆင်ရေးအကြံပေးသူ (၅)ဦး၊ ပြည်သူ့စစ်အဖွဲ့ဝင် (၂၇)ဦး၊ ရဲတပ်ဖွဲ့ဝင် (၁၁)ဦးနှင့် စစ်မိသားစုဝင် (၈၆)ဦး စုစုပေါင်း ၂၇၂ ဦး ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

လောက်ကိုင် စကစ အလင်းဝင်

လက်နက်ချ အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်သုံ့ပန်းဥပဒေအရ ထိန်းသိမ်းစောင့်ရှောက်ထားပြီး ၎င်းတို့၏ မိသားစုဝင်များနှင့် ဒဏ်ရာရလူနာများကို စောင့်ရှောက်ပေးထားကြောင်း ညီနောင်မဟာမိတ်တို့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ခလရ-၁၂၅ တပ်ရင်းမှူး၏ ပြောဆိုချက်အရ စစ်ကောင်စီ စကခ-၁၆၏ စကခမှူးမှာ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အဖွဲ့ဝင် ၁၀၀ ကျော် ခေါ်ဆောင်ထွက်ပြေးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုကဲ့သို့ ကုန်းကြမ်းမြို့နယ်မှ ခလရ-၁၂၅ တပ်ရင်းတစ်ရင်းလုံး ကိုးကန့်တပ်ဖွဲ့ MNDAA ထံသို့ လက်နက်ချ အလင်းဝင်ခဲ့ခြင်းကြောင့် ကုန်းကြမ်းမြို့နယ် ဒေသတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA က ကြေညာသည်။

အလားတူ နိုဝင်ဘာ ၁၂ ရက်ကလည်း လောက်ကိုင်မြို့နယ် ညံခွမ်း(ရန်ခွမ့်)ရွာတွင် အခြေစိုက်သည့် ခလရ-၁၂၉ တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်သည့် တပ်ဖွဲ့ဝင် ၁၂၆ ဦးနှင့် မိသားစုဝင် ၁၃၄ ဦး၊ စုစုပေါင်း ၂၆၂ ဦးတို့က ပြည်သူ့ရင်ခွင်သို့ အလင်းဝင်ရောက်လာခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က နိုဝင်ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

လောက်ကိုင်မြို့အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) လက်အောက်တွင် ခလရ-၁၂၅ (ကုန်းကြမ်း)၊ ခလရ-၁၂၈ (ပါစင်ကျော်)၊ ခလရ-၁၂၉ (ညံခွမ်း)၊ ခလရ-၂၃၉ နှင့် ခမရ-၃၂၂ ဟူ၍ တပ်ရင်းတို့ရှိပြီး ကိုးကန့်တပ်ဖွဲ့ MNDAA က လောက်ကိုင်မြို့အား ဝင်ရောက်တိုက်ခိုက်မည်ဟု ကြေညာအပြီးနောက် ယခုကဲ့သို့ ခလရ-၁၂၅ (ကုန်းကြမ်း) တပ်ရင်းတစ်ရင်းလုံးသည် ညီနောင်မဟာမိတ်ထံသို့ တတိယမြောက်တပ်ရင်းအဖြစ် လက်နက်ချ အလင်းဝင်ရောက်လာခြင်း ဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article