သျှမ်းပြည် သီပေါမြို့နယ် ကျင်သီတံတားအနီးရှိ ကျေးရွာ နေအိမ်များကို စစ်ကောင်စီတပ်မှ ဝင်ရောက်မွှေနှောက်ဖျက်ဆီးပြီး တန်ဖိုးကြီးပစ္စည်းများယူဆောင်သွားကြောင်း စုံစမ်းသိရသည်။
သီပေါမြို့နယ် ကျင်သီတံတားအနီးရှိ ပုံဖန်းကျေးရွာတွင် စစ်ကောင်စီတပ်က ပြည်သူနေအိမ်များသို့ ဝင်ရောက်မွှေနှောက်ကာ အိမ်တွင်းရှိ တန်ဖိုးကြီးပစ္စည်းများ၊ ဆိုင်ကယ်နှင့် ကားများကို ယူဆောင်သွားကြောင်း သီပေါမြို့ဒေသခံများက ပြောသည်။
“စစ်ကောင်စီတပ်သားတွေက ပုံဖန်းရွာမှာရှိတဲ့ အိမ်တွေထဲဝင်ပြီး အဝတ်လျှော်စက်တွေ၊ ရေခဲသေတ္တာတွေကို ကားပေါ်တင်ပြီး ယူသွားတယ်။ ဦးမောင်ငယ်ရဲ့ အိမ်က CRV ကားတစ်စီးနဲ့ ဆိုင်ကယ် ၃ စီး ယူသွားတယ်။ ရွာက အိမ်တိုင်းနီးပါးပဲ အဖောက်ခံရတာ။ ပြည်သူတွေရဲ့ အိမ်ဖောက်ပြီး ပစ္စည်းယူတာကတော့ စစ်ကောင်စီတပ်ကပဲ”ဟု သီပေါမြို့မှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ယမန်နေ့ (နိုဝင်ဘာ ၂၂ ရက်)က နံနက် ၆ နာရီမှ နေ့လည် ၁၂ နာရီကျော်အထိ သီပေါမြို့နယ် ကျင်သီတံတားအနီး ဘော်ကြို၊ စံဖိတ်ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများက ပုံဖန်းရွာအတွင်းရှိ ပြည်သူနေအိမ်များသို့ ဝင်ရောက်ဖျက်ဆီးကာ တန်ဖိုးကြီးပစ္စည်းများကို ခိုးယူသွားခြင်းဖြစ်ကြောင်း သီပေါဒေသခံများထံမှ သိရသည်။
“ကျင်သီတံတားနားက ရွာတွေမှာ စစ်ကောင်စီတပ်က ရွာသားအိမ်တွေကို ဝင်မွှေထားတာ။ အိမ်ထဲမှာရှိတဲ့ တန်ဖိုးကြီးပစ္စည်းတွေ၊ ဆိုင်ကယ်တွေ ယူသွားတယ်။ ကားလဲ တစ်စီးပါသွားတယ်၊ ကျတော်ဆိုင်ကယ်ကော သူတို့စစ်သားတွေ ယူသွားတယ်။ ရွာထဲခဏပြန်ကြည့်တာ မိနစ် ၃၀ လောက်ပဲ ရှိသေးတာကို နှစ်ဖက်စလုံး ထပ်ပစ်နေကြပြီ။ ရွာသားတွေကတော့ သူ့လမ်းကိုယ့်လမ်း တောထဲပြေးကုန်ကြပြီ”ဟု စစ်ကောင်စီက ဆိုင်ကယ်ယူသွားခြင်းခံရသည့် သီပေါမြို့မှ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
လက်ရှိတွင် ကျောက်မဲမြို့ရှိ စစ်ကောင်စီ အမြောက်တပ်-၃၅၂ နှင့် ခမရ-၅၀၁/၅၀၂ တပ်တို့မှ သီပေါမြို့ဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေပြီး မြို့ဆင်ခြေဖုန်းရှိ ရပ်ကွက်နှင့် ကျေးရွာများသို့ ကျရောက်ပေါက်ခြင်းများ ရှိနေကြောင်း သီပေါဒေသခံများထံမှ သိရသည်။
“အခုပစ်နေတာက ကျောက်မဲ အမြောက်တပ်က ပစ်နေတာ။ မိုင်းငေါ့သွားတဲ့လမ်း လွယ်ခွင်တောင်ဘက်မှာရှိတဲ့ တပ်ကနေ ရမ်းသမ်းပစ်လာနေတာ။ ဘော်ကြိုနားတစ်ဝိုက်မှာလဲ မဟာမိတ်တပ်တွေ နေရာယူထားတယ် ပြောတယ်။ စစ်ကောင်စီတပ်က ကျင်သီတံတားကျိုးထားတော့ မလာနိုင်သေးဘူး။ သူတို့က ဘေလီတံတားထိုးပြီး အင်အားဖြည့်လာမှာ။ တိုက်ပွဲကတော့ ရေရှည်မှာလဲ ဆက်တိုက်နေမယ့်သဘောရှိတယ်”ဟု သီပေါမြို့မှ အသက် ၅၀ အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ယမန်နေ့ (နိုဝင်ဘာလ ၂၂ ရက်)နေ့က ဖြစ်ပွားသော တိုက်ပွဲများကြောင့် သီပေါမြို့တွင် ဘိုးတော်ကျောင်း၊ စံဖိတ်၊ နားလွယ်၊ နောင်ကတ် ဘုန်းကြီးကျောင်းများနှင့် ရွှေမောင်းသိလရှင်ကျောင်းတို့တွင် စစ်ဘေးရှောင် ၁၀၀၀ ခန့် ရောက်ရှိနေကြောင်း သီပေါဒေသခံများထံမှ သိရသည်။
သီပေါမြို့တွင် စစ်ကောင်စီတပ် ခလရ-၂၃ ၊ ခမရ-၅၀၃/၅၀၄ တပ်ရင်းတို့ အခြေစိုက်ပြီး ပြင်ဦးလွင်မှ ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီယာဉ်တန်းသည် ကျောက်မဲမြို့သို့ နိုဝင်ဘာ ၁၉ ရက် တွင်ရောက်ရှိလာပြီး ၎င်းတို့အထဲမှ စစ်ကား ၁၀ စီးခန့်သည် သီပေါမြို့သို့ ဆက်လက်ထွက်ခွာနေသည်ဟု ကျောက်မဲဒေသခံများထံမှ သိရသည်။