Sunday, May 5, 2024

နမ့်ဖတ်ကာ လက်နက်ကြီးကျရောက်ပေါက်ကွဲ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

Must read

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (နိုဝင်ဘာလ ၁၆ ရက်) နံနက် ၆ နာရီဝန်းကျင်မှစပြီး ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာ ရပ်ကွက် ၆ အတွင်းသို့ လက်နက်ကြီး ရုတ်တရက် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ လက်နက်ကြီးကျည်ထိ၍ ဝမ်းဗိုက်ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကိုသွားရောက် ကူညီခဲ့သည့် မေတ္တာရှင် လူမှုကူညီရေးအသင်းမှ လူမှုကွန်ရက်စာမျက်နှာပေါ်၌ ရေးသားဖော်ပြထားသည်။

ထိုထိခိုက်ဒဏ်ရာရသူ အမျိုးသမီးတစ်ဦးကိုလည်း မူဆယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဆိုသည်။

အလားတူ ကွတ်ခိုင်မြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက “ ဒီနေ့ မနက် ၆နာရီ ကစပြီး နမ့်ဖတ်ကာမှာ လက်နက်ကြီးတွေနဲ့ပဲ ပစ်နေတယ်။ နေ့လယ် ၂ နာရီထိ ပစ်နေတာ။ လက်နက်ကြီးကျလို့ လယ်တောမှာ အိပ်နေတဲ့ နွား ၅ ကောင် သေတယ်ပြောတယ် “ ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းလက်နက်ကြီးများသည် နမ့်ဖတ်ကာ အခြေစိုက် စစ်တပ်မှ ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးများ ဖြစ်ကြောင်း ဆိုသည်။

ပြီးခဲ့သည့် (အောက်တိုဘာလ ၂၇ ရက်)တွင်လည်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ရပ်ကွက် ၄ အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၂ ဦးသေဆုံးပြီး၊ ၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသည်။

ဒေသခံတစ်ဦးက “ အခုကတော့ ဘယ်သူမဆိုကိုယ့်အိမ်မှာပဲ ပုန်းအောင်းပြီး မိသားစုတွေနဲ့နေကြတယ်။ အလုပ်ဆင်းတဲ့ လူတွေလည်းရှိတယ်။ အခုက စပါး၊ ပြောင်းတွေလည်း ရှိသေးတယ်ဆိုတော့ သွားသိမ်းတဲ့သူလည်း သွားသိမ်းကြတာပေါ့။ သေနတ်သံကြားတာနဲ့ အလုအယက်လုပ်နေကြရတာ “ ဟု ထပ်လောင်းပြောသည်။

သျှမ်းမြောက်ဒေသတွင် (အောက်တိုဘာလ ၂၇ ရက်)မှ (နိုဝင်ဘာလ ၁၁ ရက်) အထိ “ ၁၀၂၇ စစ်ဆင်ရေး “ ကြောင့် တိုက်ပွဲအတွင်း ကလေးငယ်အပါအဝင် အရပ်သား ၃၇ ဦး သေဆုံးပြီး၊ ၆၅ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီ ဖြစ်ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ထုတ်ပြန်ထားသည်။

Leave a Comments

- Advertisement -spot_img

Latest article