Sunday, May 19, 2024

“၁၀၂၇ စစ်ဆင်ရေး” ရက်တစ်ပတ်အတွင်း စစ်ရှောင် ၂ သောင်းခွဲအထိ ထွက်ပြေးတိမ်းရှောင်

Must read

သျှမ်းပြည် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ဖော်ဆောင်နေသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့၏ “၁၀၂၇ စစ်ဆင်‌ရေး”တစ်ပတ်အတွင်း စစ်ဘေးရှောင်ဦးရေ ၂ သောင်းခွဲအထိ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စုံစမ်းသိရသည်။

လားရှိုးမန်ဆူ စစ်ရှောင်

ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီတပ်အပေါ် ဆင်နွှဲနေသည့် “၁၀၂၇ စစ်ဆင်ရေး”ကြောင့် ယနေ့ (နိုဝင်ဘာ ၄ ရက်)အထိ သျှမ်းပြည်မြောက်ပိုင်း (၁၂)မြို့နယ်ဖြစ်သည့် လားရှိုး၊ သိန္နီ၊ နောင်ချို၊ ကျောက်မဲ နောင်ပိန်၊ ကွတ်ခိုင်၊ မူဆယ် ပန်ဆိုင်း(ကြူကုတ်)၊ နမ့်ခမ်း၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်နှင့် နမ့်တစ်မြို့များတွင် စစ်ဘေးရှောင်ဦးရေ ၂ သောင်းခွဲ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထို့အပြင် ၎င်းတို့သည် ဆေးဝါး၊ စားနပ်ရိက္ခာနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အလျင်အမြန် လိုအပ်နေကြောင်း စစ်ဘေးရှောင်များနှင့် ကူညီပေးနေသည့် ဒေသခံများထံမှ သိရသည်။

“၁၀၂၇ စစ်ဆင်ရေး”စသည့် အောက်တိုဘာလ ၂၇ ရက်မှ လားရှိုးမြို့နယ် မြို့ပေါ်နှင့် ကျေးရွာများရှိ ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင်စခန်း ၁၀ ခုကျော် ဖွင့်လှစ်ထားပြီး စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၆၅၀၀ ကျော်အထိ ရှိလာကာ ၎င်းတို့အထဲတွင် သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်း၌ စစ်ဘေးရှောင်ဦးရေ ၃၀၀၀ ဝန်းကျင်ဖြင့် အများဆုံးဖြစ်ကြောင်း လားရှိုး‌ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့က လားရှိုးမြို့ မန်ဆူရှမ်းကျောင်းမှ စစ်ဘေးရှောင် ၃၀၀ ခန့်က တိုက်ပွဲအတန်ငယ်ငြိမ်သည်ဟု ဆိုကာ မက်ချိနုကျေးရွာသို့ စပါးရိတ်ရန် ပြန်သွားကြပြီး နှစ်ဘက်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်စခန်းသို့ ပြန်လည်ရောက်ရှိလာကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများက ပြောသည်။

“ကျမတို့ကလည်း တိုက်ပွဲစဖြစ်တဲ့ရက်က ရောက်လာတာဆိုတော့ အခြေအနေငြိမ်လောက်ပြီထင်လို့ စပါးရိတ်ဖို့ဆိုပြီး ပြန်ကြတာ။ သူတို့နှစ်ဘက် မတိုက်ကြဘူးဆိုရင်လည်း ရသလောက်လေး စပါးပြန်ရိတ်ချင်လို့၊ တိုက်ပွဲတွေ ပြီးသွားရင် ငါတို့ဘာသွားစားကြမှာလဲ ဆိုတဲ့စိတ်နဲ့ ပြန်တာ။ မနေ့က ရွာပြန်ရောက်တော့ တိုက်ပွဲသံကြားတာနဲ့ စစ်ဘေးရှောင်စခန်းဆီကို ပြန်လာရတာပဲ”ဟု လားရှိုးမြို့ မန်ဆူစစ်ဘေးရှောင်စခန်းသို့ ပြန်ရောက်လာသည့် မက်ချိနုဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့နယ်အတွင်း ကျေးရွာ ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင်ဦးရေ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးအခက်အခဲများ ရင်ဆိုင်နေရကြောင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ကျေးရွာများရှိ စစ်ဘေးရှောင်စခန်းများမှာ အကူအညီ မရောက်ရှိကြောင်း သိရသည်။

အလားတူ သိန္နီမြို့နယ်တွင်လည်း မြို့ပေါ်နှင့် ကျေးရွာများရှိ ဘုန်းကြီးကျောင်း (၁၀) ကျောင်းတွင် စစ်ဘေးရှောင်ဦးရေ ၈ ထောင်ကျော်အထိ ထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသခံပြည်သူ သောင်းနှင့်ချီ တိုက်ပွဲအတွင်း ပိတ်မိနေသည်ဟု သိန္နီစစ်ဘေးရှောင်စခန်းများတွင် ကူညီပေးနေသည့် လူငယ်များက ပြောသည်။

ယခုလ နိုဝင်ဘာ ၁ ရက်မှ စတင်ပြီး သိန္နီမြို့နယ်ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲ/ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေများစွာ ပြုလုပ်လာပြီး ကျေးရွာများနှင့် စစ်ဘေးရှောင်များ တိမ်းရှောင်ခိုလှုံနေသည့် ဘုန်းကြီးကျောင်းများသို့ ကျရောက်ပေါက်ကွဲခြင်းကြောင့် ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။

“အခုသိန္နီမှာက ဘယ်မှလဲ ထွက်မရ သွားမရတော့ ရိက္ခာပြတ်တော့မှာ၊ လာရောင်းတဲ့လူရှိရင်လဲ ဈေးနှစ်ဆ သုံးဆတင်ပြီး ရောင်းကြတာ။ ဘုန်းကြီးကျောင်းမှာ လက်နက်ကြီးမှန်ပြီး သေတဲ့လူလဲ ဖျာနဲ့လိပ်ပြီး ဒီတိုင်းထားထားရတာ။ ဘယ်သူမှ မြေသွားမမြှုပ်ရဲသေးဘူး။ ဟိုနေ့က ရွာမှာ လက်နက်ကြီးကြောင့် သေတဲ့လူလဲ အလောင်းသွားမမြှုပ်ရဘူး။ အနံ့တောင် ထွက်နေလောက်ပြီ”ဟု သိန္နီမြို့ ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုး စစ်ရှောင်

သိန္နီမြို့နယ် စစ်ကောင်စီတပ် စကခ-၁၆ အနီးရှိ ကျောင်းခမ်းဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်ဦးရေ ၃၀၀၀ နီးပါး တိမ်းရှောင်ခိုလှုံနေပြီး စစ်ကောင်စီတပ်က ၎င်းစစ်ရှောင်စခန်းရှိ ပြည်သူများကို အခြားနေရာသို့ ထွက်ခွင့်မပေးဘဲ ပိတ်ပင်ထားခြင်းကြောင့် ပြည်သူများက တိုက်ပွဲကြား ဓားစာခံဖြစ်မည်ကို စိုးရိမ်ထိတ်လန့်နေသည်ဟု သိန္နီဒေသခံများက ပြောသည်။

နောင်ချိုမြို့နယ်တွင် ပြင်ဦးလွင်မြို့မှ ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့မှ ယမန်နေ့ (နိုဝင်ဘာ ၁ ရက်)က စပြီး ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံ ၁ ထောင်ကျော်မှာ နောင်ချိုမြို့နှင့် ပြင်ဦးလွင်မြို့များသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်တွင်လည်း နောင်ချိုနှင့်ကျောက်မဲမြို့တို့ရှိ စစ်ကောင်စီတပ်များမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် လုံခြုံရေးစိုးရိမ်ပြီး အောင်ဓမ္မာရုံနှင့် ရှမ်းစာပေယဉ်ကျေးမှုခန်းမတို့တွင် စစ်ဘေးရှောင် ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု နောင်ပိန်ဒေသခံများက ပြောသည်။

ထို့အတူ မြန်မာ-တရုတ် နယ်စပ်ရှိ နမ့်ခမ်းမြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၃ ရက်)မှစ၍ စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့အကြား နှစ်ဘက်ထိတွေ့တိုက်ပွဲနှင့် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခြင်းများကြောင့် နမ့်ခမ်းဒေသခံ ၁၅၀၀ ကျော်မှာ ကွန်ဟိုင်း၊ နောင်ခမ်းနှင့် မန့်ကွန်ရွာ ဘုန်းကြီးကျောင်းများတွင် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အကူအညီ အရေးပေါ်လိုအပ်နေသည်။

မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့တွင်လည်း စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့၏ နှစ်ဘက်ထိတွေ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်ဦးရေ ၁၆၀၀ ကျော်သည် မြန်မာ-တရုတ်နယ်စပ် ဝမ်တိန်ဂိတ်အနီး တိမ်းရှောင်နေကြရသည်ဟု ပန်ဆိုင်း(ကြူကုတ်)မြို့ ဒေသခံများက ပြောသည်။

ချင်းရွှေဟော်မြို့၏ အရှေ့တောင်ဘက်ခြမ်းရှိ “ဝ”နယ်မြေတစ်ခုဖြစ်သည့် နမ့်တစ်မြို့တွင် ချင်း‌ရွှေဟော်၊ လောက်ကိုင်နှင့် ကွမ်းလုံမြို့တို့မှ စစ်ဘေးရှောင် ၁ သောင်းနီးပါး ရောက်ရှိနေသည်ဟု သိရပြီး စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းတို့ကို ကူညီပေးထားသည်ဟု “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်း၏ ပြောကြားချက်အရ သိရသည်။

သျှမ်းပြည် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ် ပြုလုပ်လျက်ရှိကာ စစ်ကောင်စီခေါင်းဆောင်က ညီနောင်မဟာမိတ်တပ်ဖွဲ့များကို ပြန်လည်ခြေမှုန်းမည်ဟု နိုဝင်ဘာ ၂ ရက်တွင် ထုတ်ဖော်ပြောဆိုလာသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ပန်ဆိုင်း(ကြူကုတ်)နှင့် သိန္နီမြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်သည်ဟု ကြေညာထားပြီး စစ်ကောင်စီဘက်မှ ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ပန်ဆိုင်း(ကြူကုတ်)မြို့တို့ကို လက်လွတ်ဆုံးရှုံးလိုက်ရသည်ဟု ထုတ်ဖော်ဝန်ခံထားသည်။

မည်သို့ပင်ဆိုစေကာမူ နှစ်ဘက်ရင်ဆိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကာ သျှမ်းပြည် မြောက်ပိုင်းရှိ မြို့နယ် ၁၂ ခုထက်မနည်းတွင် စစ်ဘေးရှောင်ဦးရေ သောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရပြီး တစ်မြို့နှင့်တစ်မြို့ ကူးသန်းသွားလာ၍မရဘဲ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် စားနပ်ရိက္ခာ၊ အဝတ်အထည်နှင့် ဆေးဝါး စသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အလျင်အမြန် အရေးပေါ်လိုအပ်နေသည်။

SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

စစ်ရှောင် #ညီနောင်မဟာမိတ် #၁၀၂၇စစ်ဆင်ရေး

Leave a Comments

- Advertisement -spot_img

Latest article