Friday, May 3, 2024

ကွတ်ခိုင်မြို့နယ် စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံး

Must read

သျှမ်းပြည် ကွတ်ခိုင်မြို့ ကာလိုင်ကျေးရွာ နှင့် နမ့်ဖတ်ကာကျေးရွာတွင် စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပျက်စီးဆုံရှုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့ ကာလိုင်ကျေးရွာတွင် နိုဝင်ဘာလ ၂ ရက် နေ့လည် ၂ နာရီခွဲဝန်းကျင်တွင် ရွာထဲကို ဂျက်လေယာဉ်ဖြင့် ‌ဗုံးလာကြဲရာ ကာလိုင်ဈေးအနီးတွင်နေထိုင်သော ဒေသခံ အမျိုးသမီး တစ်ဦးကို ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံအမျိုးသမီး တစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

Photo- Credit လက်နက်ကြီးထိမှန်ပျက်စီးသည့်အိမ်

“ဗုံးကြဲလို့ ထိပြီးပွဲချင်းပြီး သေဆုံးသွားတာ ဟုတ်တယ်၊ အိမ်တွေလဲ ပျက်စီးသွားတာတွေရှိတယ်” ဟု ကွတ်ခိုင် ဒေသခံ အမျိုးသမီး တစ်ဦးကပြောသည်။

ထိုအမျိုးသမီးသည် အသက် ၅၀ ဝန်းကျင် ဒေါ်မာလု ဖြစ်ပြီး ကာလိုင်ဈေးအနီးတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

ထို့အပြင် ညနေ ၄ နာရီဝန်းကျင်ခန့် နမ့်ဖတ်ကာကျေးရွာရှိ ခလရ ၁၂၃ တွင်လည်း ရဟတ်ယာဉ်များ နှင့် ရိက္ခာချပြီးနောက် လက်နက်ကြီး ကျရောက်ပေါက်ကွဲသံမျိုး ကြားရပြီး အမျိုသမီးတစ်ဦး ထပ်မှန် သေဆုံးကြောင်း နမ့်ဖတ်ကာ ဒေသခံတစ်ဦးက ပြောသည်။

နမ့်ဖတ်ကာကျေးရွာတွင် သေဆုံးသည့် အမျိုးသမီးသည် အသက် ၆၅ နှစ် ဒေါ်ဖုန်ယာန်လု ကချင် အမျိုးသမီး ဖြစ်ကြောင်း သိရသည်။

ကာလိုက်ကျေးရွာတွင် နေထိုင်သော ပြည်သူအချို့လည်း ထွက်ပြေး တိမ်းရှောင်ရန် ပြင်ဆင်နေကြောင်း ဒေသခံများက ပြောသည်။

အလားတူ သိန္နီမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့၏ နှစ်ဖက်တိုက်ပွဲအကြား အမျိုးသား (၃) ဦး နှင့် အမျိုးသမီး ၂ ဦးတို့ လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၂) ဦး အထိ ရှိလာကြောင်း သျှမ်းသံတော်ဆင့်၏ စုံစမ်းမေးမြန်းချက်များအရ သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article