Wednesday, May 8, 2024

ကျောက်မဲနှင့် နောင်ချိုတွင် လက်နက်ကြီးဖြင့် ပစ်ခတ်၊ စစ်တပ်မှ လေယာဉ်ဖြင့် တိုက်ခိုက်

Must read

သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့နှင့် နောင်ချိုမြို့ရှိ စစ်တပ်စခန်းအနီး လက်နက်ကြီး ပစ်ခတ်သံများ အဆက်မပြတ် ကြားနေရပြီး စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ကျောက်မဲမြို့

ယနေ့ ( နိုဝင်ဘာလ ၁ ရက် ) နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ကျောက်မဲမြို့ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း အမှတ် (၅၀၁/၅၀၂) အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ အဆက်မပြတ်ကြားနေရပြီး ငြိမ်းချမ်းရေးကုန်းတွင်လည်း ပစ်ခတ်သံများ ကြားနေရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ လက်နက်ကြီးအသံက အဆက်မပြတ် တစ်လုံးပြီးတစ်လုံး ကြားနေရတာ ၁၀ လုံးလောက်ရှိပြီ။ မြေတွေတောင် တုန်တယ်။ စစ်တပ်စခန်းဘက်မှာ ပိုကျယ်တယ်။ ငြိမ်းချမ်းရေးကုန်းမှာလည်း ကြားနေရတယ်။ အိမ်ကလူတွေတော့ စိုးရိမ်နေကြတယ်။ ဘယ်မှမထွက်ခိုင်းဘူး “ ဟု ၎င်းဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။


လက်နက်ပစ်ခတ်သံများသည် တစ်ဖက်တည်းသာကြားနေရကြောင်း ၎င်းက ဆက်ပြောသည်။


ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအတွင်း နေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးကလည်း ကျောက်မဲမြို့ရှိ စစ်တပ်စခန်းနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်လာနေသလို နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာရှိ စစ်တပ်စခန်းမှ နေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်လာနေသည်ဟု ဆိုသည်။

အလားတူ နောင်ချိုမြို့နယ် အုမ္မခါးကျေးရွာအနီးတွင်လည်း ယနေ့ ( နိုဝင်ဘာလ ၁ ရက်) မနက်ပိုင်း အချိန်၌ စစ်ကောင်စီဘက်မှ လေယာဉ်အသုံးပြုပြီး တိုက်ခိုက်နေသည်ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဘန့်ဘွေးဘက်ကနေ စစ်ကား၊ တင့်ကားတွေ တက်လာနေတယ်လို့ ကြားတယ်။ မနက်တုန်းက အုမ္မသီး၊ အုမ္မခါး ဘက်ကိုတော့ စစ်ကောင်စီ လေယာဉ်နဲ့ လာကြဲတာ မြင်နေရတယ် “ ဟု နောင်ချိုမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ဗုံးကြဲတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ထိခိုက်သေဆုံးမှု အသေးစိတ်ကို မသိရှိရသေးပေ။

Leave a Comments

- Advertisement -spot_img

Latest article