Sunday, May 19, 2024

ညိုမဲအောင် ရိုက်နှက်ခံရသည့် ကလေးငယ်ကို ဆရာမက ဆေးကုသစရိတ် ကျပ်သိန်း ၅၀ လာပေး

Must read

သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် ညိုမဲအောင် ရိုက်ခံရသည့် ကလေးငယ်ကို ဆရာမက ဆေးကုသစရိတ်အတွက် ကျပ်သိန်း ၅၀ လာပေးသွားကြောင်း စုံစမ်းသိရပါသည်။

သျှမ်းပြည် မိုင်းရှူးမြို့နယ် ဟိုနမ့်ကျေးရွာတွင် ညိုမဲအောင် ရိုက်ခံရသည့် နန်းငင်းနွံ ကို ဆရာမက ဆေးကုသစရိတ်နှင့် လမ်းစရိတ်အတွက် ငွေကျပ်သိန်း ၅၀ လာပေးသွားကြောင်း မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဆရာမ လာပေးသွားတဲ့ သိန်း ၅၀ က ကလေးဆေးကုဖို့ပါပဲ။ ဆေးကုခက ခန့်မှန်းခြေ ကုန်ကျထားတာကတော့ သိန်း ၄၀ ကျော်နေပြီ၊ သေချာ မတွက်ရသေးဘူး”နန်းငင်းနွံ၏ မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုကလေး၏ ဒဏ်ရာသည် ဦးခေါင်းနှင့် မျက်နှာတပြင်လုံး ညိုမဲစွဲသည်အထိ ဒဏ်ရာရရှိခဲ့ပြီး ဆေးဝါးကုသမှု ခံယူပြီးနောက် ကလေး၏ ဦးခေါင်းတွင် ဒဏ်ရာကျန်ရှိနေသေးသော်လည်း ဆရာဝန်များက စိုးရိမ်စရာ မရှိကြောင်း ပြောသည်ဟု မိသားစုဝင်တစ်ဦးက ဆက်ပြောသည်။

ကလေးငယ်ကို ရိုက်နှက်ခဲ့သည့် ဆရာမကို အရေးယူမှုမရှိသေး။

နန်းငင်းနွံသည် ခိုလမ်စစ်ဆေးရုံတွင် ၈ ရက်ကြာ ဆေးကုသမှု ခံယူခဲ့ပြီး၊ အောင်ပန်း စစ်ဆေးရုံတွင် အောက်တိုဘာလ ၂၀ ရက်နေ့မှ ၂၃ ရက်ထိ ဆေးဝါးကုသမှု ထပ်မံ ခံယူခဲ့ရကြောင်း သိရသည်။

ညိုမဲဒဏ်ရာရသည့် ကလေးသည် ဆေးကုသပြီး နှစ်ပတ်ကြာသော်လည်း ဒဏ်ရာကျန်နေသေးပြီး၊ ကျောင်းလည်း သွားရောက်မတက်နိုင်သေးကြောင်း၊ ကလေးငယ်ကို ဟိုနမ့်ကျေးရွာတွင် ကျောင်းပြန်မထားရန် မိဘများက ဆုံးဖြတ်ထားကြောင်းလည်း သိရသည်။

“ကလေးက ခုမှ ဆေးကုပြီးတာဆိုတော့ စောင့်ကြည့်နေတုန်း။ ကျောင်းကတော့ ဆက်ထားမှာပါ၊ ကျောင်းပြောင်းရမှာပေါ့၊ သူ့ကိုရိုက်ခဲ့တဲ့ ဆရာမ ရှိတဲ့ကျောင်းကိုတော့ ပြန်မထားတော့ဘူး”ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

အာဏာသိမ်းပြီး ၂ ကျော် ကာလအတွင်း မြန်မာနိုင်ငံတဝှမ်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှု ပိုမို များပြားလာပြီး၊ ထိုထဲတွင်မှ ပညာရေးဝန်ထမ်းများသည် ကျောင်းသား၊ ကျောင်းသူများကို ကလေးအခွင့်အရေး ချိုးဖောက်မှုကလည်း ယခင်ထက် ပိုများလာကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများမှ မှတ်ချက်ပြုလိုက်သည်။

Leave a Comments

- Advertisement -spot_img

Latest article