စစ်တပ်နောက်ခံယူပြီး ဖူလီလိုက် လားရှိုးမြို့ပေါ် စီးပွားရေး သောင်းကျန်း

“လားရှိုးမြို့ပေါ်မှာ တရုတ်ပြည်အလား တိုက်လာဆောက်နေတာ အများကြီးရှိပါတယ်။” လို့ လားရှိုးမြို့ ဒေသခံ စိုင်းလိတ်က ပြောပါတယ်။

အဲ့ဒီအဆောက်အဦးကို ကြည့်မယ်ဆိုပါက လားရှိုးမြို့ဟာ ဖွံ့ဖြိုးတိုးတက်နေပြီး စီးပွားရေးကောင်းမွန်နေတဲ့ မြို့တော်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။

လားရှိုးမြို့ဟာ တရုတ် – မြန်မာ (၂) နိုင်ငံကြား ကုန်တင်ပို့မှု စီးပွားရေး အချက်အခြားကြတဲ့ မြို့ကြီးတစ်ခုဖြစ်ပြီး၊ စစ်အာဏာသိမ်းပြီး ၂နှစ်သာ ကာလအတွင်း လားရှိုးမြို့ပေါ်သို့ နေရာအနှံ့ ရွှေ့ပြောင်းလာကြတဲ့ သူတွေ အများအပြားပါပဲ။

ထိုထဲမှာ တရုတ်ပြည်အလား တရုတ်လူမျိုး ၊ ကိုးကန့်လူမျိုးတွေ စီးပွားရေး တိုးချဲ့မယ့် နယ်မြေတစ်ခုဖြစ်လာတယ်လို့ ပြောရင်လည်း မမှားပါဘူး။

တရုတ်စာတွေနဲ့ လားရှိုးမြို့

အဲ့သူတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ လားရှိုးမြို့နယ်အတွင်း မြေယာ၊ အဆောက်အအုံတွေအပေါ် ရင်းနှီးမှုတွေ ပိုများပြားလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း သျှမ်းသံတော်ဆင့်က ဖော်ပြခဲ့တဲ့ “ တရုတ်တွေ ကြီးစိုးတော့မဲ့ လားရှိုးမြို့ “ ဆောင်းပါးမှာလည်း တရုတ်တွေ မြေယာဝယ်ယူဖို့ မှတ်ပုံတင်အတု ပြုလုပ်တာ၊ မြန်မာအမျိုးသမီးတွေကို လက်ထပ်ယူတာတွေ လည်းရှိလာတယ်လို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတွင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာသွားခဲ့ပြီး စီးပွားရေးတွေ ကျဆင်းသွားခဲ့တယ်ဆိုပေမဲ့ သျှမ်းပြည်တွင်းမှာတော့ လောင်းကစားဝိုင်း ၊ လူကုန်ကူးမှု ၊ ကျားဖြန့်လုပ်ငန်းတွေ နဲ့ စီးပွားကောင်းနေဆဲပါ။

လက်ရှိ လားရှိုးမြို့ပေါ်သို့ လက်ဝါးကြီးအုပ် မြေယာတွေကို စျေးကြီးကြီးနဲ့ပေးဝယ်နေတာကတော့ Fully Light (ဖူလီလိုက်) ကုမ္ပဏီ ပါပဲ။

“အခုဆောက်ပြီးတဲ့ တိုက်တွေကတော့ ဟိုတယ်ပဲ ဖွင့်ထားသေးတယ်။ ကျန်တဲ့တိုက်တွေတော့ ဆောက်ပြီးရင် လောင်းကစားဖွင့်မယ်လိုတော့ ကြားတယ်။ အများစုတော့ ကာစီနိုဖွင့်မယ်တဲ့။ ဒီ ၂၀၂၃ မှာတော့ ဟိုတယ်အသစ်ဆိုရင်တော့ Fully Light (ဖူလီလိုက်) ပဲရှိတယ်။ ကျန်တဲ့ဟာတွေတော့ မရှိသေးဘူး” လို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ စိုင်းလိတ်က ပြောပါတယ်။

ဖူလီလိုက် ကုမ္ပဏီအဖွဲ့ကို ၁၉၉၉ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီးတော့ သျှမ်းပြည် လောက်ကိုင် ဒေသမှာ အခြေစိုက်တဲ့ ကုမ္ပဏီအဖွဲ့ ဖြစ်ပါတယ်။ လက်ရှိ ဖူလီလိုက် ကုမ္ပဏီအုပ်စုရဲ့ ဥက္ကဌက ကိုးကန့်လူမျိုးဖြစ်တဲ့ ဦးလီကျိန်းချန် (ခ) ဦးလျိုအားပေါက် ဖြစ်ပြီးတော့ ညွှန်ကြားရေးမှူး ဒါရိုက်တာအဖြစ် ဦးမောင်မောင် ပဲ ဖြစ်ပါတယ်။

အဆိုပါ ကုမ္ပဏီဟာ စစ်ကောင်စီ နဲ့ ရင်းနှီးမှုတွေရှိနေပြီးတော့ စစ်ကောင်စီက ပြုလုပ်တဲ့ ဘာသာရေးပွဲတွေမှာ အမြဲတက်ရောက်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလက ပြုလုပ်ခဲ့တဲ့ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ကိုလည်း ဦးလီကျိန်းချန် က အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ကို ရရှိခဲ့ပါတယ်။ ဒါအပြင် သျှမ်းပြည်ဝန်ကြီးချုပ်က ပေးအပ်တဲ့ လူမှုထူးချွန်ဆုတွေလည်း ဖူလီလိုက်ကုမ္ပဏီအုပ်စုက ရရှိခဲ့ပါသေးတယ်။

ဖူလီလိုက် လားရှိုးပေါ်လှုပ်ရှားမှု

ဖူလီလိုက်ကုမ္ပဏီအုပ်စု၏ အဓိကအားဖြင့် ဟိုတယ်လုပ်ငန်း ၊ ကုန်သွယ်ရေးလုပ်ငန်း ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ၊ သတ္တုတူးဖော်ရေးလုပ်ငန်း ၊ ကုန်ထုတ်လုပ်ငန်း တွေကို လုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီးအုပ်စု တစ်ခုဖြစ်ပါတယ်။

သျှမ်းပြည်တွင်းမှာ အဓိက ဟိုတယ်လုပ်ငန်းလုပ်ဆောင်ပြီးတော့ လောင်းကစားဝိုင်း ၊ကာစီနိုရုံတွေ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

လက်ရှိ လောက်ကိုင်ဒေသမှာ ဖူလီလိုက် နာမည်နဲ့ 5 star ဟိုတယ်တစ်လုံးဖွင့်ထားပြီးတော့ တရားမဝင်လုပ်ငန်းပေါင်းများစွာ ပိုင်ဆိုင်ထားကြောင်း လောက်ကိုင်မြို့မှာ ဖူလီလိုက်မှာ အလုပ်လုပ်ဖူးတဲ့ ကိုစိုင်းက ပြောပြပါတယ်။

အဲ့ဒီဟိုတယ်တွေမှာ အဓိကအားဖြင့် လောင်းကစားလုပ်ငန်းတွေ ၊ ပြည်တန်ဆာတွေဖြစ်ပြီး၊ ပြည်တန်ဆာတွေက ဗီယက်နမ် ၊ ထိုင်း အမျိုးသမီးတွေ ဖြစ်ကြတယ်လို့ ကိုစိုင်းက ဆိုပါတယ်။

“ ဟိုတယ်ထဲမှာဆိုရင်တော့ မျိုးစုံရှိပါတယ်။ အသောက်စားတွေလည်း မျိုးစုံရှိတယ်။ လောင်းကစားတွေကော ၊ ကာစီနိုတွေကော ရတယ်။ ပြီးတော့ အမျိုးသမီးတွေလည်း ရတယ်လေ။ အများစုကတော့ ဗီယက်နမ်ကလာတဲ့သူတွေ ၊ ထိုင်းကလာတဲ့သူတွေများတယ်။ အဲဟိုတယ်မှာ ပြည်တန်ဆာ လုပ်ရတာပေါ့။ ကျနော် ဆိုင်ကိုလာတဲ့ ဧည်သည်တစ်ချို့ ဆိုရင်လည်း ထိုင်းကလူတွေဖြစ်တယ် ” လို့ ကိုစိုင်းက ပြောပါတယ်။

အဲ့ဒီအမျိုးသမီးတွေဟာဆိုရင် ပွဲစားမှတစ်ဆင့် ဖြားယောင်းခေါ်ဆောင် လာခံရတာဖြစ်ပြီးတော့ လောက်ကိုင်ဒေသ နဲ့ အဆိုပါ ဟိုတယ်မှာ ပိတ်ခံနေရတဲ့ အမျိုးသမီးတွေလည်းရှိပါတယ်။

အချို့အမျိုးသမီးတွေကို ဟိုတယ်ကဝယ်ယူထားပြီးတော့ အချို့က တရုတ်သူဌေးတွေအတွက် မယားငယ်အဖြစ် သွားလုပ်ရတယ်လို့ ကိုစိုင်းက ဆက်ပြောပြပါတယ်။

“တချို့ကတော့ ကုမ္ပဏီတွေက ဝယ်ထားတာပေါ့။ လှတဲ့သူဆိုရင် တရုတ်သူဌေးတွေက ဝယ်သွားတာပေါ့။ သူတို့က ဒီဘက်ဝင်လာတာလည်း ခိုးဝင်လာရတာလေ။ လူကုန်ကူးခံရတယ်လို့ ပြောလည်းရတယ်။ သူတို့က Passport မရှိဘူးလေ။ ရဲတွေတိုင်လည်း မရဘူး။ ပိတ်ခံနေရတာပေါ့။ အဲကြောင့် ပိုက်ဆံမရှိတော့လည်း လုပ်ရတာပဲလေ။ ပွဲစားတွေက သူတို့ကို သူဌေးတွေနားရောင်းပေးတာပေါ့” လို့ ကိုစိုင်းက ရှင်းပြပါတယ်။

ဒါအပြင် သူဌေးတွေနား ရောင်းစားခံရတဲ့ အမျိုးသမီးတွေကတော့ ပုံမှန်လစာမရရှိတော့ဘူးလို့ ကိုစိုင်းက ထပ်လောင်းပြောပြပါတယ်။

အလားတူ ဖူလီလိုက် ကုမ္ပဏီ ဟာ လားရှိုးမြို့မှာလည်း ၁၀ ထပ်မြင့်တဲ့ ဟိုတယ်ကိုလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ လားရှိုးစီးပွားရေးသမား တစ်ဦးဖြစ်တဲ့ စိုင်းလိတ်က ပြောပါတယ်။

“ အခုနောက်ပိုင်း ဟိုတယ် အသစ်ဖွင့်တာဆိုလို့ ဖူလီလိုက် ကုမ္ပဏီပဲရှိတယ်။ အခုတော့ အဲဟိုတယ်မှာ လောင်းကစားတော့ မရှိသေးဘူး။ အပေါ်ဆုံးထပ်မှာတော့ Bar တော့ဖွင့်ထားတယ်။ လောင်းကစားဖွင့် လုပ်နေပြီး လို့တော့မကြားရသေးဘူး” လို့ စိုင်းလိတ်ကဆိုပါတယ်။

ဒါအပြင် မြန်မာနိုင်ငံရဲ့ ဒု – သမ္မတဟောင်း ဒေါက်တာစိုင်းမောက်ခမ်း ပိုင်ဆိုင်တဲ့ လားရှိုးမြို့က ယူလီခ ဆေးရုံကိုလည်း ဖူလီလိုက် ကုမ္ပဏီအုပ်စုက ဝယ်သွားလိုက်ကြောင်း သိရပါတယ်။

“ လားရှိုးမှာ အရမ်းကို နာမည်ကြီးနေတာကတော့ ဖူလီလိုက်ပေါ့။ သူတို့ အဖွဲ့ကတော့ အများဆုံးလှုပ်ရှားနေတာပေါ့။ ဈေးကြီးပါတယ်ဆိုတဲ့ မြေနေရာကိုလည်း သူတို့တွေ အားလုံးဝယ်ထားလိုက်ပြီ။ ဒေါက်တာ စိုင်းမောက်ခမ်း ရဲ့ ယူလီခ ဆေးရုံကြီးကလည်း သူတို့ဝယ်သွားလိုက်ပြီ” လို့ စိုင်းလိတ်က ပြောပါတယ်။

အဆိုပါ ယူလီခ ဆေးရုံကြီးကို သိန်းပေါင်း တသိန်း နှစ်သောင်းနဲ့ ရောင်းထွက်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပေမဲ့ သျှမ်းသံတော်ဆင့်အနေနဲ့တော့ အတည်မပြုနိုင်သေးပေ။

ဒ့ါအပြင် လားရှိုးမြို့နယ်တွင်းက မြေယာ အတော်တော်များများကိုလည်း ဖူလီလိုက် ကုမ္ပဏီက ဝယ်ယူထားပြီး တစ်ချို့ တည်းခိုခန်းတွေကိုလည်း ဝယ်ယူထားတယ်လို့ သိရပါတယ်။

ဒါအပြင် လောက်ကိုင်ဒေသမှာလည်း အခုနှစ်အတွင်းမှာပဲ ဈေးဝယ်စင်တာ Ocean အသစ်ကို ဖွင့်လှစ်ခဲ့တယ်လို့ လောက်ကိုင်မြို့တွင်း အလုပ်လုပ်နေတဲ့ ကိုစိုင်းက ပြောပါတယ်။

“ ကျနော်တွေ့နေရတာတော့ ဟိုတယ်ကြီး ၊ Ocean နဲ့ နာရီဆိုင်တွေဖြစ်တယ်။ သူတို့ရဲ့ Ocean ကလည်း အကြီးကြီးပဲ။ သူတို့ အရင်နှစ်လောက်ပဲ စဖွင့်တာ။ ဖွင့်လာတာတော့ မကြာသေးဘူး။ ခေတ်မှီတဲ့ ဈေးဝယ်စင်တာပေါ့။ ပြီးတော့ ပစ္စည်းတွေလည်း စုံတယ်” လို့ ကိုစိုင်းက ပြောပါတယ်။

သျှမ်းပြည်တွင်း စီးပွားရေး

အာဏာသိမ်း ၂ နှစ်ကာလအတွင်း မြန်မာနိုင်ငံမှာ ခရီးသွားလာမှုလျော့နည်းသွားတာကြောင့် ဟိုတယ်လုပ်ငန်းတွေလည်း အရှုံးပေါ်ပြီး မြန်မာပြည်ဘက်က ဟိုတယ်တစ်ချို့ ရောင်းဝယ်ဖို့ လုပ်နေကြပါတယ်။
ပြည်ပ ခရီးသည်တွေ ဝင်ရောက်လာမှု နည်းပါးလွန်းတာကြောင့် ဟိုတယ်လုပ်ငန်းတွေလည်း ရပ်ဆိုင်းထားကြရပါတယ်။

လောက်ကိုင်မြို့က ဖူလီလိုက်

ရန်ကုန်တိုင်းဒေသအတွင်းမှာ ပြီးခဲ့တဲ့ မေလက အိမ်ခြံမြေ ရောင်းဝယ်ရေးတစ်ခုမှာ ဟိုတယ် အလုံးပေါင်း ၅၀ ကျော်လောက် ရောင်းဖို့ရှိနေတယ်လို့ RFA မြန်မာပိုင်းက ရေးသားထားပါတယ်။

ဒါအပြင် နေပြည်တော်မှာ ဖွင့်လှစ်ထားတဲ့ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ကမ္ဘာ့ထိပ်တန်းဟိုတယ်လုပ်ငန်းစုတစ်ခုဖြစ်တဲ့ Kempinski ကြယ်ငါးပွင့် ဟိုတယ်ကလည်း လုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့ပါတယ်။

ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၉ မှာ နိုင်ငံတကာခရီးသွားဝင်ရောက်မှု ၄ ဒသမ ၃၆ သန်းရှိခဲ့ပြီး ၂၀၂၁ မှာ တော့ တစ်သိန်းသုံးသောင်းသာ ဝင်ရောက်တော့တယ်လို့ ဖော်ပြထားပါတယ်။

အခုလို ပြည်တွင်း ပြည်ပ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လျော့ကျသွားတယ်ဆိုပေမဲ့ သျှမ်းပြည်တွင်းမှာ ဟိုတယ်အသစ်တွေဖွင့်ဖို့ တည်ဆောက်နေဆဲဖြစ်ပါတယ်။

လက်ရှိ လားရှိုးမြို့နယ်အတွင်းမှာတော့ တိုက်ကြီးတွေ တည်ဆောက်နေတာက ၁၀ လုံးကျော်လောက်ရှိတယ်လို့ လားရှိုးမြို့တွင်းမှာ နေထိုင်တဲ့ နန်းလှရီက ပြောပါတယ်။

“ ကျမတို့ သိသလောက်တော့ လားရှိုးမြို့မှာ တိုက်တွေဆောက်နေတာ ၁၀ ခုထက်မနည်းရှိတယ်။ မြို့ဝင် ၊ မြို့ထွက်တွေဘက်ကော ထပ်ပြီးတော့ တိုက်ဆောက်နေတာတွေတော့ ရှိပါတယ်။ လားရှိုးမှာက ဟိုတယ်တွေလည်း တည်းတဲ့သူတွေ အမြဲပြည့်နေတယ်လေ” လို့ နန်းလှရီက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည် နယ်စပ်ဒေသတွေမှာ ကျားဖြန့်လုပ်ငန်း ၊ အွန်လိုင်းငွေလိမ်လည်မှုတွေလည်း ပိုပြီးထင်ရှားလာခဲ့ပါတယ်။ အွန်လိုင်းဂိမ်းအလုပ်၊ ကျားဖြန့်အလုပ်တွေကို တာချီလိတ်မြို့ ၊ လားရှိုးမြို့ ၊ လောက်ကိုင်ဒေသ၊ “ဝ” ဒေသ မိုင်းပေါက် တို့ဘက်မှာ သွားရောက်လုပ်ကိုင်သူတွေ များပြားလာခဲ့ပါတယ်။

အဆိုပါ အလုပ်တွေကြောင့် လူကုန်ကူးခံရသူတွေ ၊ ရိုက်နှက်ခံရသူ ၊ အလုပ်တွင်း နှိပ်စက်ခံရသူတွေလည်း အများပြားရှိခဲ့ပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ မြန်မာနိုင်ငံတစ်ဝှမ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေအပြင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကိုလည်း စစ်မျက်နှာဖွင့်ထားနေရပြီး တိုက်ပွဲတွေ ပြင်းထန်နေလျက်ရှိပါတယ်။

ဒါအပြင် ကုန်ဈေးနှုန်းတွေ မြင့်တက်လာခဲ့ပြီး စီးပွားရေးတွေ ကျဆင်းလာခဲ့တာကြောင့် မြန်မာပြည်ဘက်က ဒေသခံတွေ သျှမ်းပြည်တွင်းသို့ အလုပ်လာလုပ်သူတွေ ယခင်ကထက် ပိုများလာခဲ့တယ်လို့ လောက်ကိုင်ဒေသခံ ကိုစိုင်းက ပြောပါတယ်။

“ အခု ၂ နှစ်အတွင်းမှာတော့ လောက်ကိုင်မှာ အလုပ်လာလုပ်တဲ့သူတွေ အရမ်းများတယ်။ အခုနှစ်က ပိုများလာတယ်။ မြန်မာပြည်ကလာတဲ့သူတွေ ပိုများတယ်။ အလုပ်သမားတွေ များလာတော့ အလုပ်က ရှားပါးလာခဲ့တယ်။ ဘယ်လောက်များလာလဲဆိုတော့ တစ်ချို့ဆိုရင် နေထိုင်ဖို့ ၊ စားဖို့ရှိတာနဲ့တင် အဲနေရာမှာ အလုပ်ဝင်လုပ်ကြတယ်။ လစာက မြန်မာငွေနဲ့ ၃ သိန်းလောက်ရပြီးတော့ နေဖို့ ၊ စားဖို့ရှိတယ်ဆိုရင်လည်း အဲနေရာမှာ အလုပ်ဝင်လုပ်ကြတာတွေရှိတယ်။ လူကများပြီးတော့ အလုပ်က မရှိဘူးဖြစ်နေတာလေ” လို့ ကိုစိုင်းက ပြောပါတယ်။

အလားတူ တာချီလိတ်မြို့ နဲ့ မူဆယ်မြို့တွေဘက်မှာလည်း တစ်ခြားနယ်က လာတဲ့သူတွေ ပိုများလာခဲ့တယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင်း လုပ်ငန်းများရပ်ဆိုင်းရန် သို့မဟုတ် နိုင်ငံတွင်းမှ အပြီးထွက်ခွာရန် ဆုံးဖြတ်ခဲ့သည့် နိုင်ငံတကာကုမ္ပဏီကြီး ၁၁ ခု ရှိကြောင်း ထုတ်ပြန်ထားပါတယ်။ ဒါအပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ကတိကဝတ်များ ကျဆင်းနေတယ်လို့လည်း ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာလည်း ဆိုထားပါတယ်။

ဂျပန်၊ စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ ဟောင်ကောင်၊ ဩစတြေးလျ၊ ပြင်သစ်နှင့် နော်ဝေးနိုင်ငံတို့မှ နိုင်ငံတကာ ကုမ္ပဏီကြီးများက ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းများကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီ အပါအဝင် စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါ နှင့် ဥရောပသမဂ္ဂတို့က ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုများ ဆက်တိုက်ပြုလုပ်ထားပါတယ်။

အခုလို အဖက်ဖက်က ကျဆင်းနေတာဟာ တိုင်းပြည်က ပျက်စီးနေပြီဖြစ်ကြောင်းကို ပြသနေတယ်လို့လည်း အမည်မဖော်လိုတဲ့ သျှမ်းပြည်တွင်း လွှတ်တော်အမတ်ဟောင်းတစ်ဦးက အခုလို သုံးသပ်ပြောဆိုပါတယ်။

“ အခု မင်းအောင်လှိုင်ခေတ်မှာတော့ တိုင်းပြည်ကတော့ ပျက်စီးနေပြီ။ စစ်အာဏာခေတ်မှာ ပြည်သူတွေအတွက် ဘာမှ မလုပ်ပေးနိုင်တော့တာတော့ စိတ်မကောင်း ဖြစ်မိတယ်။ ပြည်သူတွေလည်း ပိုက်ဆံရရင် နေရာတိုင်းမှာ သွားလုပ်နေကြတော့တာပဲ။ သတင်းတွေကိုလည်း ပြည်သူတွေက စိတ်မဝင်စားတော့ဘူး။ ကိုယ့်ဝမ်းရေးအတွက်ပဲ ပိုပြီး အလေးထားလာရတော့ ရရာအလုပ်တွေပဲ သွားလုပ်နေကြရတာလေ” လို့ ၎င်းက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒုစရိုက်တွေလည်း တစ်နေ့ထက်တစ်နေ့ ပိုများပြားလာခဲ့ပြီးတော့ လောင်းကစား ကလည်း ခေတ်တစ်ဖန် ပြန်ကြီးလာခဲ့ပါတယ်။

လက်ရှိ လားရှိုးမြို့ဟာဆိုရင် တရုတ်တွေ ကြီးစိုးပြီးတော့ လောင်းကစားမြို့တော် ဖြစ်လာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

“ တကယ်လို့ လောင်းကစားတွေ ပြန်များလာမယ်ဆိုရင် ကျနော်တို့ ပြည်သူတွေလည်း သေနတ်ကိုင်ရတော့မလားလို့တောင် အချင်းချင်းစနောက်နေကြသေးတယ်။ လောင်းကစားအလုပ်ပြန်ဖြစ်ရင်လည်း သူခိုးတွေက ပိုများလာမယ်လေ။ လောဆယ်တော့ လားရှိုးက တရုတ်မြို့ကြီးဖြစ်လာတော့မှာကို စိုးရိမ်တယ်” လို့ စိုင်းလိတ်က ပြောပါတယ်။

မှတ်ချက် ။ ။ လုံခြုံရေးအရ ဆောင်းပါးအတွင်း နာမည်တွေကို အမည်လွှဲအဖြစ်အသုံးပြုထားပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံ စစ်ရေးပဋိပက္ခနှင့် စီးပွားရေး ပြိုလဲမှုကြား အမျိုးသမီးများကို တရုတ်မယားအဖြစ် ရောင်းစားမှု မြင့်တက်လာ

0
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများနှင့် စီးပွားရေးပြိုလဲမှုများကြောင့် အမျိုးသမီးများအား တရုတ်မယားအဖြစ် ရောင်းစားသည့် လူကုန်ကူးမှုများ မြင့်တက်လာနေကြောင်း ကချင်အမျိုးသမီးအစည်းအရုံး (KWAT) က ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နောက်ပိုင်း လူကုန်ကူးမှုပုံစံများ ပြောင်းလဲလာနေပြီး ယခင်က နယ်စပ်ဒေသတွင်သာ အဖြစ်များခဲ့သည့် တရုတ်မယားအဖြစ် ရောင်းစားခံရမှုမှာ ယခုအခါ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...