သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရှိ စစ်ကောင်စီ တပ်စခန်းမှ လက်နက်ကြီးဖြင့် တစ်နေကုန်နီးပါး ဆက်တိုက်ပစ်ခတ်နေသောကြောင့် ပြည်သူများ စိုးရိမ်ကြောက်လန့်နေကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ (စက်တင်ဘာလ ၂၀) ရက် နံနက်ပိုင်း ၁၁ နာရီကျော်မှ ညနေ ၅ နာရီအထိ နမ့်ဖတ်ကာ အခြေစိုက် ခလရ (၁၂၃) တပ်မှ လက်နက်ကြီးဖြင့် ၁၅ မိနစ်ခြား တစ်ကြိမ် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်ပြီး ယနေ့အချိန်ထိ အိမ်ပြင်သို့ ထွက်သွားလာရန် စိုးရိမ်နေရကြောင်း နမ့်ဖတ်ကာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“နမ့်ဖတ်ကာ (၁၂၃) တပ်ကနေ ပစ်နေတာ အကြိမ်ပေါင်းမနည်းဘူး။ စယ်လန့်ဘက်ကို ပစ်နေတယ်လို့ ပြောကြတယ်။ အိမ်ပြင်လည်း မထွက်ရဲဘူး။ ကလေးတွေထိန်းပြီး အိမ်ထဲမှာဘဲနေတာ “ ဟု ၎င်းအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အလားတူ စက်တင်ဘာလ ၁ ရက်တွင်လည်း နမ့်ဖတ်ကာ အခြေစိုက် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ဇီးတဘန်ရပ်ကွက် (၁) ကားလမ်းမပေါ်၌ ကျပေါက်ကွဲပြီး အရပ်သား တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ ၃ ဦး ထိခိုက်ဒဏ်ရရှိခဲ့သည်။
နမ့်ဖတ်ကာ တပ်စခန်းမှ စစ်ကောင်စီသည် ယမန်နေ့ (စက်တင်ဘာလ ၂၀) ရက်တွင် ကွတ်ခိုင်မြို့နယ် ခိုမုန်းရွာအနီး၌ စစ်ကောင်စီ နှင့် TNLA တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် လက်နက်ကြီးဖြင့် ပစ်ကူနေသည်ဟု ဒေသခံတချို့က ပြောဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ၏ထုတ်ပြန်ချက်အရ ကွတ်ခိုင်မြို့နယ် ခိုမုန်းရွာအနီးတွင် စစ်ကောင်စီနှင့် TNLA တို့အကြား တိုက်ပွဲ ၁ ကြိမ်ဖြစ်ပွားခဲ့ပြီး အဆိုပါနယ်မြေဒေသအတွင်း စစ်ကောင်စီတပ်မှ နေရာခြေကုတ်ရနိုင်ဖို့ကြိုးစားနေလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။