Saturday, May 4, 2024

စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် စယ်လန့်ကျေးရွာနေ အမျိုးသမီး ကျည်စထိမှန်

Must read

သျှမ်းပြည် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

.

ယမန်နေ့ စက်တင်ဘာလ ၁၈ ရက် ညနေပိုင်းအချိန်တွင် စယ်လန့်ကျေးရွာအုပ်စု မန်ကန်ရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲပြီး အသက် (၄၀) ဝန်းကျင် အမျိုးသမီးတစ်ဦးကို လက်နက်ကြီးကျည်စ ထိမှန်ခဲ့ကြောင်း သိရသည်။

Photo – Credit (စစ်ရှောင်ရသည့် ဒေသခံများ)

“မနေ့ မနက်ပိုင်းလောက်ကစပြီး စစ်ကောင်စီ က လက်နက်ကြီးတွေ ရမ်းပစ်နေကြတာ၊ လွိုင်စန်းဆာတောင်ပေါ်ကနေလည်း ပစ်တယ်၊ ၁၀၅ မိုင်ကနေလည်း ပစ်ကြတာ၊ ရွာထဲကို ကျတဲ့ လက်နက်ကြီးက လွိုင်စန်းဆာ ကနေ ပစ်တာ ဖြစ်နိုင်တယ်။ တစ်လုံးပါပဲ၊ အစတွေက အဲ့အမျိုးသမီးပေါင်ကို ထိသွားတာ” ဟု အသက် (၃၀) ဝန်းကျင် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ လက်နက်ကြီးကျည်စ ထိမှန်သည့် အမျိုးသမီးကို လူမှုကူညီရေး အသင်းကားဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ မန်ကန်ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မန်ကန်ရွာမှ ဒေသခံများအပြင် အနီးပတ်ဝန်းကျင်ရှိ မိုက်ဆက်ရွာ၊ နမ့်ကတ်ရွာတို့မှ ဒေသခံများလည်း စစ်ရှောင်ထွက်ပြေး ရကြောင်း သိရသည်။

အဆိုပါ စစ်ရှောင်များသည် နောင်လောင်းကျေးရွာအုပ်စုရှိ မန်နိမ်ရွာရှိ ဇရပ်တွင် ခိုလှုံနေထိုင်လျက်ရှိကြောင်း မန်နိမ်ကျေးရွာမှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ည ကနေ ဒီနေ့ မနက်အထိ အုပ်စုလိုက်၊ အုပ်စုလိုက် ရောက်လာကြတယ်။ ၂၅၀ ကျော်ကျော် လောက်တော့ ရှိကြမယ်။ အခုချိန်ထိလည်း ဝင်လာနေကြတုန်းဆိုတော့ လူဦးရေကတော့ ဒီထက် ပိုများလာနိုင်မယ်” ဟု မန်နိမ်ကျေးရွာမှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ စစ်ဘေးတိမ်းရှောင် ထွက်ပြေးလာရသည့် စစ်ရှောင်များသည် ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့တွင်လည်း စစ်ကောင်စီ နှင့် TNLA တပ်တို့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသူများ ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့သည် ပြီးခဲ့သည့် သြဂုတ်လနှောင်းပိုင်းမှ စတင်ကာ စစ်ရေးတင်းမာလာခဲ့ခြင်းဖြစ်ပြီး ထိတွေ့တိုက်ပွဲ ငြိမ်သက်သော်လည်း စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ရှိနေခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article