Tuesday, May 7, 2024

နမ့်ဖတ်ကာ လက်နက်ကြီးထိ သေဆုံးသူ၏ မိသားစုဝင် နှင့် ဒဏ်ရာရသူကို စစ်ကောင်စီက ရွှေဖီဦး နှင့် အရက်ဖြင့် နှစ်သိမ့်

Must read

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအတွင်း လက်နက်ကြီးကျမှုကြောင့် သေဆုံးသွားရသည့် မိသားစုဝင်များ နှင့် ဒဏ်ရာရရှိသူများကို စစ်ကောင်စီတပ်သားများက အရက် နှင့် ရွှေဖီဦးကော်ဖီဖြင့် သွားရောက်နှစ်သိမ့်ခဲ့ကြောင်း သတင်းရရှိသည်။

.

ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ကြား တိုက်ပွဲပြင်းထန်မှု ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၁ ရက်တွင် နမ့်ဖတ်ကာ ဇီးဒဘန်ကျေးရွာအတွင်း လက်နက်ကြီးကျ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အရပ်သား တဦး သေဆုံးကာ၊ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

Photo – စစ်ကောင်စီဝါဒဖြန့် telegram

ထိုထိခိုက်ဒဏ်ရာ ရရှိသူများနှင့် သေဆုံးသွားသူ၏ မိသားစုဝင်များကို ယမန်နေ့ (စက်တင်ဘာ ၃) ရက်က စစ်ကောင်စီက သွားရောက်တွေ့ဆုံခဲ့ပြီး ကျေးရွာအတွင်း ပေါက်ကွဲခဲ့သော လက်နက်ကြီးသည် စစ်ကောင်စီ လက်နက်ကြီး မဟုတ်ကြောင်းကို ပြောဆိုခဲ့ပြီး စစ်ကောင်စီတပ်ထုတ် ရွှေဖီဦးကော်ဖီ ထုပ်ကြီး ၃ ထုပ်၊ နို့ဆီဗူးတဗူး နှင့် အရက် တလုံးတို့ ပေးကာ နှစ်သိမ့်ခဲ့ကြောင်း အသက် (၃၀) အရွယ်ရှိ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့ဒီ လက်နက်ကြီးကျပြီး သေဆုံးမှုရှိတဲ့ အတွက် စိတ်မကောင်းဘူးပေါ့။ ပြီးတော့ အဲ့ဒီ လက်နက်ကြီး က သူတို့ ပစ်လိုက်တာ မဟုတ်ဘူးတဲ့၊ TNLA တပ်က ပစ်လိုက်တာလို့ ပြောသွားတယ်။ သေဆုံးသွားတဲ့ မိသားစုဝင်တွေကို ရွှေဖီဦးကော်ဖီ (၃) ထုပ်၊ အရက် တပုလင်း၊ နို့ဆီတဗူး ပေးပြီး နှစ်သိမ့်သွားတယ်” ဟု ဖြစ်စဥ်ကို သိရှိသည့် ဒေသခံ အမျိုသား တစ်ဦးက ပြန်ပြောပြသည်။

အဆိုပါ လက်နက်ကြီးကြောင့် သေဆုံးသွားသူ၏ မိသားစုဝင်များနှင့် ဒဏ်ရာရရှိသည့်သူများကို သွားရောက် တွေ့ဆုံစဥ်တွင်လည်း စစ်ကောင်စီတပ်သားမှ “ အရင်ရက်က ကျနော်တို့ မအားလို့ မလာခဲ့ရတာပါ။ အခုလိုဖြစ်သွားတာ စိတ်မကောင်းပါဘူး။ ဒါက ကျနော်တို့ ပစ်လိုက်တာမဟုတ်ဘူး။ တပ်မတော် နဲ့ ပလောင်နဲ့တိုက်ပွဲကြားထိပြီးသေဆုံးသွားတာ စိတ်မကောင်းဘူး” ဆိုပြီးပြောဆိုသော ရုပ်သံသည် စစ်ကောင်စီ ဝါဒဖြန့် Telegram တွင် တင်ထားသည်။

Photo – စစ်ကောင်စီဝါဒဖြန့် telegram

ထို့အပြင် စစ်တပ်ဝါဒဖြန့် Telegram ဖြစ်သည့် ပြည်သူ့စစ် ဆိုသည့် အကောင့်တွင်လည်း “TNLA မှ KIA အဖွဲ့ကို မကျေနပ်၍ လူမျိုးရေးအမုန်းထားကာ နမ့်ဖတ်ကာ၊ ကချင်အများစုနေထိုင်သည့်ရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်” ဟု လူမျိုးရေး ပဋိပက္ခဖြစ်ပွားစေသည့် အသုံးအနှုန်းများလည်း သုံးစွဲထားသည်။

စစ်ကောင်စီမှ ထိုကဲ့သို့ ပြောဆိုမှုသည် လူမျိုးရေးပဋိပက္ခဖြစ်ပွားစေအောင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း နမ့်ဖတ်ကာ ဒေသခံ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ထောက်ပြပြောဆိုလိုက်သည်။

“သူတို့ (စစ်ကောင်စီ) တပ်က လုပ်တာကို မလုပ်ဘူးပြောတယ်။ နောက် ကချင်လူမျိုးအိမ်ကို TNLA ကပစ်လိုက်တာဆိုပြီး ပေါ်အောင် စစ်တပ်က လာပြီး နှစ်သိမ့်တယ်။ တမင်သက်သက် လူမျိုး ၂ ခုကြား မီးမွှေးနေတာပဲ။ ဒါက ဘယ်သူလုပ်တယ် ဘယ်သူ ပစ်တယ်ဆို သိသာပါတယ်” ဟု ၎င်းအမျိုးသား ဆိုသည်။

လက်ရှိ စစ်ကောင်စီတပ်ဖွဲ့ မှ လက်ဆောင်ပေးပြီး နှစ်သိမ့်ပြောဆိုခဲ့သော်လည်း နမ့်ဖတ်ကာ ဒေသခံများ အနေဖြင့် မကျေနပ်နိုင်ကြောင်း အသက် ၃၀ အရွယ် နမ့်ဖတ်ကာ အမျိုးသမီးက ဆက်လက်ပြောသည်။

“သူတို့ ပစ်တာကို မပစ်ဘူးလို့ လိမ်တော့ ဘယ်လိုပြောရမလဲ။ သူတို့ စစ်သားအချင်းချင်း ပြည်သူမရှိတဲ့ နေရာမှာ ပစ်ပါ။ ဒီလို လက်နက်ကြီးတော့ လျှောက်ရမ်း မပစ်စေချင်ဘူး။ ဘာမှမမှားတဲ့ ပြည်သူတွေ ဘယ်လောက်ပဲ လာနှစ်သိမ့် နှစ်သိမ့် မလိုချင်တော့ဘူး။ သူတို့ မျက်နှာကိုတောင် မမြင်ချင်တော့ ဘူး။ ကျေနပ်ဖို့မပြောနဲ့” ဟု နမ့်ဖတ်ကာ ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

PSLF/TNLA ၏ ပြန်ကြားရေးဌာန နှင့် ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး တားအိုက်ကျော် က နမ့်ဖတ်ကာ၊ ဇီးဒဘန်ကျေးရွာအတွင်း လက်နက်ကြီး ပေါက်ကွဲမှုကြောင့် အရပ်သား သေဆုံးမှုသည် စစ်ကောင်စီ၏ လက်နက်ကြီးဖြစ်ကြောင်း ပြောဆိုထားသည်။

Leave a Comments

- Advertisement -spot_img

Latest article