“အခက်အခဲရှိရင် အားမလျော့ပါနဲ့”

သျှမ်းပြည် လောက်ကိုင်မြို့မှာ Hair Stylist တယောက်အနေနဲ့ ဘာကြောင့် စိတ်ဝင်စားရလဲ။ လူငယ်တယောက်အနေနဲ့ လောက်ကိုင်မြို့မှာ ဘယ်လို ရှာဖွေစားသောက်နေလဲ၊ ဘာတွေ ခက်ခဲနေလဲဆိုတာကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းနောင့်နောင့်က Hair Stylist စိုင်းဖကို တွေ့ဆုံ မေးမြန်းထားပါတယ်။

.

မေး။ ။ ပထမဆုံး အနေနဲ့ အစ်ကိုရဲ့ နာမည်နဲ့ လက်ရှိ လုပ်နေတဲ့ လုပ်ငန်းအကြောင်းကို မိတ်ဆက်ပေးပါအုံး။

ဖြေ ။ ။ မင်္ဂလာပါ။ ကျနော့် နာမည်က စိုင်းဖပါ။ မွေးရပ်မြေကတော့ သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ်က ဖြစ်ပါတယ်။ ဒီလက်ရှိ လုပ်ကိုင်နေတဲ့ လုပ်ငန်းကတော့ Hair Stylist လုပ်နေပါတယ်။

မေး ။ ။ Hair Stylist တစ်ယောက်ဖြစ်လာအောင် ဘာတွေက တွန်းအားဖြစ်စေခဲ့တာလဲ၊ ဘာကြောင့် ဒီလုပ်ငန်းကို ရွေးဖြစ်ခဲ့တာလဲ ဆိုတာကို ပြောပြ ပေးပါအုံးရှင်။

ဖြေ ။ ။ ကျနော် Hair Stylist ဖြစ်လာဖို့အတွက် အဓိက ကတော့ ဝါသနာပေါ့နော်။ ပြီးတော့ ငယ်ငယ်တုန်းက ဆိုရင် ဒီ Hair stylist တွေ ဆံပင် ဆရာတွေကို ကြည့်ရတာ လွယ်ကူတယ်၊ ပေါ့ပေါ့ပါးပါး နဲ့ သက်တောင့်သက်တာ နဲ့ လုပ်ရတယ်လို့ မြင်မိတာပေါ့။ နောက်တစ်ခုကလည်း လွတ်လွတ်လပ်လပ် နဲ့ နေရတာဆိုတော့ စိတ်ဝင်စားတာပေ့ါ။ နောက်ပြီး ကျနော်က ဒီလုပ်ငန်းကို ဘာကြောင့် ရွေးဖြစ်ခဲ့လဲ ဆိုရင် ခုနက ကျနော် ပြောသွားသလိုပေါ့၊ ဝါသနာကို အရင်းခံပြီးတော့မှ ဒီလုပ်ငန်းကို ဖြစ်အောင် ကြိုးစားဖြစ်ခဲ့တာပေါ့။

Hair Stylist စိုင်းဖ

မေး။ ။ Hair Stylist မဖြစ်ခင် ကရော အစ်ကို့ အနေနဲ့က ဘာလုပ်ငန်းတွေကို လုပ်ဆောင်ဖြစ်ခဲ့လဲရှင့်။

ဖြေ ။ ။ Hair Stylist မလုပ်ခင်တုန်းက ဆိုရင်တော့ ကိုယ့်မြို့ကိုယ့်ရွာမှာ နေပြီးတော့ သူငယ်ချင်းတွေနဲ့ အတူတူ ကင်မရာပိုင်း စိတ်ဝင်စားပြီး လုပ်ဆောင်ခဲ့ ဖူးတယ်။ IT ပိုင်းလည်း နည်းနည်း ပါခဲ့တာပေါ့နော်။ အဲ့တာက ၂ နှစ် လောက် လုပ်ဖြစ်ခဲ့တယ်။ အရင်က ရွာမှာပဲ နေတယ်ဆိုတော့လည်း တောင်ယာလုပ်ငန်းတွေ လုပ်ကိုင်တာ များတယ်။ အဲ့ကြောင့် ကျနော်လည်း တောင်ယာလုပ်ငန်းကို လုပ်ကိုင် ခဲ့ဖူးပါတယ်။

မေး ။ ။ အခု Hair Stylist တစ်ယောက်အနေနဲ့ ဘယ်မြို့မှာ အခြေစိုက် နေလဲရှင့်။ ဆိုင်ရော ဖွင့်ထားလား။

ဖြေ ။ ။ ဟုတ်ကဲ့ အခု ကျနော်က လောက်ကိုင်မှာပါ။ ဆိုင်ဖွင့်ထားတယ်ဆိုပေမဲ့ ရှယ်ယာဝင် အနေနဲ့ သွားနေတာပါ။ တရုတ်လောပန်းတွေလည်း ပါဝင်နေပါတယ်။ ကျန်တဲ့ နေရာကတော့ လောလောဆယ် မရှိသေးဘူး။ ဒါပေမဲ့ ဆိုင်ခွဲဖွင့်ဖို့တော့ စီစဥ်ထားပါတယ်။

မေး ။ ။ အခုလိုမျိုး လောက်ကိုင်လို ဒေသမှာ တရုတ်လောပန်းတွေနဲ့ ရှယ်ယာဝင်ထားပြီး လုပ်ငန်း လုပ်နေရတော့ အစ်ကို့အတွက် စိန်ခေါ်မှုတွေက ဘယ်လိုရှိလဲ။

ဖြေ ။ ။ တရုတ်လောပန်း နဲ့ လုပ်ရပေမဲ့ တစ်ခု အားသာတာက သူတို့က အားပေးတာပေါ့။ သူတို့ကို ရထားတော့ ငွေရေးကြေးရေး ဘတ်ဂျက် အပြည့်အစုံ ရှိတာပေါ့။ နောက်တစ်ခုက ကျနော်က ကိုးကန့်ဘာသာစကား၊ တရုတ်ဘာသာ စကားရတော့ အားပေးကြတာပေါ့။ အခက်အခဲ အနေနဲ့တော့ ကိုယ်က ခေါင်းဆောင် တစ်ယောက်၊ ဆရာတစ်ယောက်အနေ နဲ့ ဒီဆိုင်က ဝန်ထမ်းတွေကို ဘယ်လို Train ပေးရမှာလဲ ဆိုတာမျိုးပေါ့၊ သူတို့ တိုးတက်အောင် ဘယ်လို သင်တန်းပေးရမှာလဲ၊ Customers ကို ဘယ်လို ဝန်ဆောင်မှု ပေးရမလဲ ဆိုတာကအစ တွေးရတာပေါ့နော်။ ပြီးတော့ နောက်တစ်ချက်ကတော့ ကိုယ်တွေရဲ့ ဆိုင်မှာကျတော့ လောက်ကိုင် ကဆိုတော့ လူမျိုးပေါင်းစုံ ရှိတယ်လေ။ ကိုးကန့်တွေ ရှိတယ်၊ တရုတ်တွေ ရှိတယ်၊ ပြီးတော့ ဒီနေရာကို လာပြီး အလုပ်လုပ်ကိုင်ကြတဲ့ ကျနော့် Customers တွေဆိုရင် သျှမ်း၊ ကချင်၊ ဗမာ အဲ့လိုမျိုးများတယ်။ တရုတ်တွေလည်း များတယ်။ အဲ့ဒီလို တရုတ်တွေများတော့ ဒီတိုင်းရင်းသား ဆရာတွေက တရုတ်စကားဆိုရင် မရတော့ဘူး။ အဲ့ကြောင့် တရုတ် Customers များလာတဲ့ အချိန် ကျနော်တစ်ယောက်တည်းပဲ ညှိပေးရမယ်ဆိုရင် အခက်အခဲ ရှိတာပေါ့။ ဒီလောက်ကိုင်မှာ ဆိုရင် ကျနော်ရဲ့ Customers က နေ့ဆိုင်း လုပ်တဲ့သူရှိတယ်၊ ညဆိုင်းလုပ်တဲ့သူ ရှိတယ်။ နေ့ဆိုင်းမှာ အလုပ်လုပ်တဲ့သူက ညဘက်မှာ ဆံပင်လာလုပ်ကြတာပေါ့နော်။ ဒါပေမဲ့ ဒီလောက်ကိုင်မှာက ညပိုင်းဆိုရင် ဝင်ထွက်သွားလာလို့ အဆင်မပြေဘူး။ အဲ့တာကတော့ တစ်ခု အခက်အခဲ ရှိတာပေါ့။

မေး ။ ။ ဒီလောက်ကိုင် ရောက်နေတဲ့ အလုပ်သမားတွေ၊ များသောအားဖြင့် မိန်းကလေးတွေက ဘာအလုပ်တွေ လုပ်ဖြစ်ကြလဲနော်။

ဖြေ ။ ။ များသော အားဖြင့်ကတော့ စားဖိုမှူးတွေ၊ ဖဲရှိုလုပ်ငန်းတွေမှာ လုပ်ကြတာ များပါတယ်။ ဆိုင်စောင့်၊ Ocean စောင့် လုပ်ငန်းတွေ လုပ်ဆောင်ကြတာ များတယ်။ ဒါပေမဲ့ ကျနော့် အနေနဲ့ အကြံပေးချင်တာကတော့ အမျိုးသမီး တစ်ယောက် အနေ နဲ့ ဒီ လောက်ကိုင်ကို လာပြီး အလုပ်လုပ်ဖို့ ဆိုတာ လူသိ၊ လူခံရှိမှပဲ လာသင့်ပါတယ်။ လူရင်း (ကိုယ့်အသိ) မရှိပဲနဲ့တော့ မလာစေချင်ပါဘူး။

Hair Stylist စိုင်းဖ

မေး ။ ။ Hair Stylist တစ်ယောက် ဖြစ်အောင် ဘယ်လိုလေ့လာခဲ့ရလဲ ကိုယ့်အရည်အချင်း တိုးတက်ဖို့အတွက် ဘယ်လို လေ့လာဆည်းပူးခဲ့ရလဲဆိုတာလည်း ပြောပြပါအုံး။

ဖြေ ။ ။ လောက်ကိုင်ဆိုတာက တရုတ် – မြန်မာနယ်စပ်လည်း ဖြစ်တယ်ဆိုတော့ ဟိုဘက် (တရုတ်) ဘာလုပ်ခဲ့လဲ ဆိုတာကို သိရ၊ လေ့လာလို့ ရတာပေ့ါ။ ကိုယ့်မြို့ကိုယ့်ရွာမှာ နေတုန်းက ဆံပင်ညှပ်ဆရာ တစ်ယောက်ပဲ ဖြစ်ခဲ့တာပေါ့နော်။ အဲ့ကနေ ဒီဘက် လောက်ကိုင်ကို စရောက်လာတဲ့ အချိန်တုန်းက ကိုယ်က နောက်ကျနေတဲ့ အနေအထားမှာ ရှိနေတာပေါ့နော်။ အဲ့ကနေ ဒီဘက်က ဆရာတွေ နဲ့ ပူးပေါင်းပြီး လေ့လာတယ်။ မသိတာ မေးတယ်၊ သင်ယူတယ်၊ အဲ့လိုတွေနဲ့ ကိုယ်ကြိုးစားခဲ့တာပေါ့။ ပြီးတော့ ကျနော်က နေ့ပိုင်းမှာဆိုရင် Customers Service ပေးတယ်။ ညပိုင်းအချိန်ရောက်ရင်တော့ အွန်လိုင်းကနေ သင်ပြပေးတဲ့ ဆရာတွေဆီကနေ သင်ယူတယ်၊ လေ့လာတယ်၊ ပညာတွေကိုဝယ်တယ်ပေါ့နော် တရုတ်က ဆံပင်ပညာရှင်တွေဆိုရင် ပညာရောင်း ကြတာ ရှိတယ်။ ပြီးတော့ Online Marketing ပိုင်းလည်း အရေးကြီးတယ်ဆိုတာ ကျနော် လေ့လာသိရှိခဲ့တယ်။ အဲ့အပိုင်းကိုလည်း ကျနော်တော်တော်လေး လေ့လာခဲ့ပါတယ်။

မေး။ ။ အခု အစ်ကိုဖွင့်ထားတဲ့ ဆံပင်ဆိုင်မှာ လူငယ်များစွာနဲ့ ပူးပေါင်း အလုပ်လုပ်နေရတယ်ဆိုတော့ စုပေါင်းလုပ်ဆောင်မှု နဲ့ ပတ်သက်ပြီး အစ်ကို အနေနဲ့ ဘယ်လိုမြင်မိလဲ။

ဖြေ ။ ။ ဟုတ်ကဲ့၊ ဆံပင်လောကမှာဆိုရင်မှာ အရင်တုန်းက ဆိုင်တဆိုင် ဖွင့်ဖို့ဆိုတာ ကိုယ့်ကျွမ်းကျင်မှုနဲ့လည်း လုပ်လို့ရတယ်။ ဆရာတစ်ယောက် နှစ်ယောက်တည်းပေါင်းပြီးလည်း လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ အခုခေတ်မှာတော့ မြို့ကြီးပြကြီးတွေမှာ ဖွင့်မယ်ဆိုရင် Family ဖြစ်ဖြစ် Group ဖြစ်ဖြစ် ပူးပေါင်းလုပ်ဆောင်ကြတာ များလာတယ်။ အခုခေတ်မှာ တစ်ယောက်တည်းဆိုတာ သိပ်တော့ အဆင်မပြေ နိုင်လောက်ဘူး။ ကိုယ့် Team အင်အားတောင့်တင်းအောင် လုပ်ဆောင်နိုင်ရမယ်။ အားလုံး စိတ်တူညီမှလည်း ဖြစ်မယ်။ Group တစ်ခု ဆိုင်တစ်ဆိုင်မှာဆိုရင် ဆရာအနေနဲ့ ၇/၈ ယောက်လောက် ရှိမှ ဝန်ဆောင်မှုတွေကို ပြည့်ပြည့်စုံစုံ ကောင်းကောင်းမွန်မွန် လုပ်နိုင်တာပေ့ါ။

မေး ။ ။ ဒီလုပ်ငန်းကို ဦးစီးဦးဆောင်လုပ်ရတဲ့ လူငယ်တစ်ယောက်အနေနဲ့ အခက်အခဲတွေ ကြုံလာရတဲ့ အခါမှာ တခြား လုပ်ငန်း ပြောင်းလုပ်ဖို့ တွေးဖူးလား၊ အဲ့လိုတွေးမိရင် ဘယ်လိုအားတင်းပြီး ရှေ့ဆက်ဖြစ်လဲ။

ဖြေ ။ ။ ကျနော်ယုံကြည်တာကတော့ အခက်အခဲဆိုတာက ကိုယ့်အရည်အချင်း ပိုမိုတိုးတက်စေဖို့ ဖြစ်တာပေါ့ နော်။ အခက်အခဲရှိမှ ပိုပြီး ကြိုးစားဖြစ်တယ်။ အခက်အခဲတွေ ရင်ဆိုင်ရင်းနဲ့ ကိုယ့်အရည်အချင်း တိုးတက်အောင် လုပ်လို့ရတာပေါ့။ အရင်က ကိုယ့်အိမ်ကိုယ့်ယာမှာ ရှိတုန်း ဆံပင်လုပ်ငန်းကို လုပ်ဆောင်ခဲ့ပေမဲ့ ကျနော် မအောင်မြင်ခဲ့ဘူး။ ဒါပေမဲ့ မိသားစု နဲ့နေရတယ်။ နွေးထွေးမှု ရှိခဲ့တယ်ပေါ့နော်။ ဒီလောက်ကိုင်ဘက် တာလာပြီး နယ်စပ်မှာ နေရတော့ အခက်အခဲတွေက ရှိတာပေါ့။ ကျရှုံးမှု တွေရှိတဲ့အခါ အိမ်ပြန်ချင်လိုက်တာလို့ တွေးမိတာမျိုး ရှိခဲ့တယ်။ ဒါပေမဲ့ ကျနော်လုပ်ငန်း ပညာရခဲ့တယ်။ အဲ့ဒါကြောင့် ကျနော် ကြိုးစားတယ်။ ကျနော့်ဆိုင်က တပည့်တွေ နဲ့ ဆော့တယ်၊ စကားပြောတယ်၊ အလုပ်လုပ်တာကို ပျော်အောင်လုပ်တယ် အဲ့လိုနဲ့ ဝမ်းနည်းတဲ့စိတ်ကို ဖျောက်ပြီး ကျနော်ပြန်ပျော်လာတယ်။ အဲ့လို အားတင်းပြီး ကျနော်ရှေ့ဆက်လာခဲ့ပါတယ်။ နောက်တစ်ခုကတော့ ကျနော် ဝမ်းနည်းမှုတွေ ကြုံလာချိန်၊ လုပ်ငန်းပိုင်းမှာ အားနည်းချက်တွေ ကြုံတွေ့လာရတဲ့ အချိန် ငါ ဘာမှားနေလဲ၊ ဘယ်နေရာမှာ ဘာလိုအပ်ချက်ရှိလဲ၊ ငါ ဘယ်လို ပြင်ရမလဲ ဒီအဖြစ်အပျက်က ဘာကြောင့် ဖြစ်ရမလဲ ဆိုတာမျိုးတွေ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ပြီး ကိုယ့်အရည်အချင်းကို ပြန်လည် တိုးတက်အောင် လုပ်တယ်။ အဲ့လိုပဲ ဖြတ်သန်းလာတယ်။

မေး ။ ။ အစ်ကို့လိုမျိုး ဝါသနာပါရာမှာ အောင်မြင်ဖို့အတွက် ကြိုးစားလုပ်ကိုင်နေကြတဲ့ လူငယ်တွေကို ဘယ်လို အားပေးစကားပြောချင်လဲ။

ဖြေ။ ။ ဆံပင်လောကမှာ နေရာတစ်ခုရနိုင်တဲ့ Hair Stylist တစ်ယောက်ဖြစ်နိုင်ဖို့ ဆိုတာကတော့ တော်တော် လေးကို လေ့လာရမှာပေါ့နော်။ ကိုယ့်မြို့ ကိုယ့်ရွာမှာ လေ့လာသင်ယူပြီး ဆိုင်ပြန်ဖွင့်မယ်ဆိုလည်း ဖွင့်နိုင်တယ်။ ဒါပေမဲ့ ဖြစ်နိုင်ရင်တော့ အများကြီး ထပ်လေ့လာ ကြည့်ပေါ့နော်။ ကိုယ်ကိုယ်တိုင် အမြင်ကျယ်အောင်၊ သူများက ဘယ်လိုလုပ်နေလဲ သိရအောင် သင်ယူပါ။ လေ့လာပါ။ ကျနော်ဆိုရင် ဒီအခုမှာဆိုရင် လောက်ကိုင်မှာ ဆိုင်ဖွင့်ထားတယ် ဆိုပေမဲ့ ကချင်၊ သျှမ်း ၊ ဗမာ၊ တရုတ်၊ ပြီးတော့ တခြားနိုင်ငံခြားသားတွေလည်း ပါဝင်နေတော့ အဲ့ဒီ Customers တွေအားလုံး စိတ်တိုင်းကျ ဝန်ဆောင်မှုပေးနိုင်ဖို့က တရုတ်ဆိုင်တွေနဲ့ ယှဥ်ရင် နည်းနည်း နောက်ကျ နေသေးတယ်။ အဲ့ကြောင့် လူငယ်တစ်ယောက်အနေနဲ့ သူများအထင်သေးတာ မခံရအောင်၊ ချီးကျူးခံရလေ အောင် များများလေ့လာပါ။ များများကြိုးစားပါလို့ ပြောချင်ပါတယ်။

မေး ။ ။ ထပ်မံပြီး ဖြည့်စွက်ပြောချင်တာများရှိရင်လည်း ပြောပေးပါအုံး။

ဖြေ ။ ။ ကျနော်တို့ ဆံပင်လောကမှာ ရှိနေတဲ့ မြန်မာနိုင်ငံက လူငယ်တွေကို အားမလျှော့ပါနဲ့၊ ဘာဖြစ်လို့ ဒီစကားပြောရသလဲဆိုရင် ကျနော်ကြုံတွေ့ရတဲ့ တော်တော်များများ ကျနော်ကိုယ်တိုင် အပါအဝင် ပညာရပ် တခုကို နည်းနည်း တတ်ကျွမ်းလာပြီ ဆိုရင် အားလျော့ချင်လာတယ် ။ ပထမ စလုပ်ရင် Customers မရှိဘူး၊ ဝင်ငွေမရဘူး အဲ့လိုမျိုးတွေ ကြုံတွေ့ရမှာက ပုံမှန်ပါပဲ။ ဒါပေမဲ့ ကျနော်ပြောချင်တာ အားမလျော့ပါနဲ့ ဆက်ကြိုးစားပါ။ တစ်နေ့ကျ အောင်မြင်တဲ့ ကိုယ်ဖြစ်ချင်တဲ့ အတိုင်းဖြစ်လာမှာပါလို့ ပြောချင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...