Sunday, May 5, 2024

လဲချားမြို့နယ်အတွင်း စစ်ကောင်စီ ဂျက်ဖိုက်တာ ၂ ကြိမ် လာရောက်ပျံဝဲ

Must read

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း စစ်ကောင်စီဘက်မှ ယနေ့ (သြဂုတ် ၉) ရက် နံနက်ပိုင်းတွင် ဂျက်ဖိုက်တာ ဖြင့် ၂ ကြိမ် လာရောက် ပျံဝဲခဲ့ကြောင်း သတင်းရရှိသည်။

.

ယနေ့ (သြဂုတ် ၉) ရက်တွင် လဲချားမြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် စစ်ကောင်စီ ကြား စစ်ရေးတင်းမာနေဆဲဖြစ်ပြီး၊ နံနက်ပိုင်းတွင် စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာဖြင့် လာရောက်လှည့်ပတ်သွားကြောင်း SSPP/SSA ၏ သတင်းစာမျက်နှာဖြစ်သည့် SSPP Info က ထုတ်ပြန်ထားသည်။

“ဒီကနေ့ ၀၉ -၀၈-၂၀၂၃ ရက်နေ့ နံနက် ၉ နာရီခွဲမှာ တကြိမ်၊ နံနက် ၁၁:၅၃ နာရီမှာတကြိမ် ရှမ်း နှစ်ဖက် စစ်ရေး တင်းမာနေတဲ့ ကျေးရွာတွေဘက်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ တစီး နဲ့ နှစ်ကြိမ်တိုင် လာရောက် ပျံသန်းသွားတာ ဖြစ်ပါတယ်” ဟု SSPP/SSA ၏ သတင်းစာမျက်နှာဖြစ်သည့် SSPP Info က ထုတ်ပြန်ထားသည်။

ယနေ့ သြဂုတ် ၉ ရက် စစ်ကောင်စီ ဂျက်ဖိုက်တာ လာရောက်ပျံသန်း

ယမန်နေ့ သြဂုတ်လ ၈ ရက်နေ့ နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်တွင်လည်း စစ်ကောင်စီ၏ စစ်လေယာဥ် တစ်စီးသည် လဲချားမြို့ အနီးတစ်ဝိုက်သို့ လာရောက် ပျံသန်းသွားကြောင်းလည်း ဒေသခံများထံမှ သတင်း သိရသည်။

လက်ရှိ စစ်ရေးတင်းမာနေသည့် လဲချားမြို့နယ်အတွင်း ည ၆ နာရီမှ မနက် ၆ နာရီအထိကို ညမထွက်ရ အမိန့် ထုတ်ပြန်ထားပြီး ဒေသခံများ အပြင်ထွက်သွားလာခြင်း မပြုလုပ်ရန် တားမြစ်ထားကြောင်း လည်းသိရသည်။

“အဲ့ဒီ ညမထွက်ရအမိန့်က လဲချားမြို့အပြင်၊ ပင်လုံ၊ လဲချား၊ မိုင်းနောင်၊ မိုင်းကိုင်မြို့တို့လည်း ပါဝင်တယ် လို့ သိရတယ်။ ည ၆ နာရီကနေ မနက် ၆ နာရီအထိလို့ ပြောပါတယ်။ တစ်ဖက်ကလည်း သူတို့စစ်အင်အားတွေ ဖြည့်လာနေတုန်းပဲ၊ လဲချားအနီးတစ်ဝိုက်မှာက စစ်ရေးတင်းမာမှု မကျသေးဘူး” ဟု အမည်မဖော်လိုသူ အသက် ၃၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့သည့် သြဂုတ် ၆ ရက်မှစပြီး လက်ရှိအချိန်ထိ လဲချားမြို့ တောင်ဘက်ရှိ မန်ပုံကျေးရွာမှ နမ့်စန်ဘက်သွားသည့် လမ်းကြောင်း နှင့် မက်လန်းကျေးရွာမှ လမ်းတို့ကို စစ်ကောင်စီက ပိတ်ထားပြီး ဒေသခံများကို စစ်ရှောင်ခွင့် ပိတ်ထားကြောင်းလည်း သိရသည်။

လဲချားမြို့နယ်အတွင်း SSPP/SSA တပ် နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြား၌ စစ်ကောင်စီဘက်မှ တပ်သား ၁၀ ဦး ကျော် သေဆုံးသည့်အပြင် အရှင်ဖမ်းမိသူ ၂ ဦး၊ သေနတ် ၂ လက် နှင့် ကားတစ်စီးကိုလည်း ဖမ်းဆီးရမိကြောင်း SSPP/SSA မှ ထုတ်ပြန်ထားသည်။

Leave a Comments

- Advertisement -spot_img

Latest article