လဲချားမြို့နယ် အာဏာသိမ်း စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ကြား ယမန်နေ့ (သြဂုတ် ၆) ရက် တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦး ထက်မနည်း သေဆုံးကြောင်း SSPP မှ ထုတ်ပြန်လိုက်သည်။

ယမန်နေ့ (သြဂုတ် ၆) ရက် နံနက် ၆ နာရီကျော် မှ ညနေ ၃ နာရီဝန်းကျင်ထိ ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၀) ဦး ထက်မနည်း သေဆုံးပြီး တပ်သားအချို့ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး SSPP ဘက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့အပြင် စစ်ကောင်စီဘက်မှ စစ်သား ၂ ဉီး အရှင်ဖမ်းဆီးရမိခဲ့ပြီး စစ်သုံးယာဉ်တစ်စီးပါ သိမ်းဆည်းရမိခဲ့သည်။
လက်ရှိ အခြေအနေ အရ နှစ်ဖက် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီသည် ပင်လုံ – လဲချား – မိုင်းနောင် နှင့် လဲချားမြို့နယ်ထဲက နမ့်တိန်းတံတား အဝင်တွေမှာ သွားလာခွင့် ပိတ်ပင်ထားပြီး စစ်ရေးနှစ်ဖက် တင်းမာနေဆဲ ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ အခုထိတော့ လမ်းတွေပိတ်ထားတုန်း။ စစ်ရေးကတော့ ဒီနေ့ ငြိမ်နေပေမယ့် ဘယ်အချိန်ပြန်ဖြစ်မှာလဲဆိုတာ မသိရသေးဘူး။ တင်းမာနေဆဲပါ” ဟု လဲချားဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
တိုက်ပွဲကြောင့် လဲချားမြို့နယ် ဟိုင်းဆိုင်အုပ်စု တိုက်ပွဲ နှင့် နီးသည့် နောင်ကျန်ကျေးရွာ (ဝၢၼ်ႈၼွင်ၵႅၼ်) နမ့်ပေါက်ကျေးရွာ (ဝၢၼ်ႈၼမ်ႉပွၵ်ႉ) နမ့်လုတ်းကျေးရွာ (ဝၢၼ်ႈၼမ်ႉလုၵ်း) မှ ဒေသခံများသည် ဟိုင်းဆိုင်ကျေးရွာ (ဝၢၼ်ႈႁၢႆးသႅင်) ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ၊ မတ်လန်းကျေး ရွာ (ဝၢၼ်ႈမၢၵ်ႇလၢင်း) ဒေသခံများသည် လဲချားမြို့ဘက်သို့ ထွက် ပြေးတိမ်းရှောင်နေကြသည်။
လက်ရှိအချိန်အထိ စစ်ဘေးရှောင် စာရင်းကို အတိအကျ မသိရှိရသေးပေ။
ယခုအချိန်ထိ ၎င်းဒေသအတွင်းတွင် နှစ်ဖက် စစ်ရေးတင်းမာလျက်ရှိပြီး တိုက်ပွဲထပ်ဖြစ်နိုင်ချေရှိကြောင်းလည်း SSPP က ထုတ်ပြန်ထားသည်။












Leave a Comments