Tuesday, January 27, 2026

“ဆွေးနွေးမရရင် လက်နက် နဲ့ ဖြေရှင်းမယ်ဆိုတာ ထူးဆန်းတဲ့အရာ မဟုတ်ပါဘူး”

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မထိုးထားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ စစ်ကောင်စီ တပ်ဖွဲ့တို့ ယနေ့ (သြဂုတ် ၆) ရက် မနက်ပိုင်းမှ စတင်ပြီး  လဲချားမြို့နယ် ထဲမှာတိုက်ပွဲ ပြင်းထန်နေပါတယ်။ ဒီတိုက်ပွဲ မတိုင်ခင် ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ကော်မတီ နဲ့ SSPP ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံမှု ရှိခဲ့ပါတယ်။ အဲ့ဒီ ငြိမ်းချမ်းရေး ဆွေးနွေးမှု အပြီး ယခုလို ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

.

ငြိမ်းချမ်းရေး ဆွေးနွေးမှု အပြီး နှစ်ဖက်တပ်ဖွဲ့ကြားက တိုက်ပွဲဖြစ်ပေါ်လာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပြောရေးဆိုခွင့်ရသူ ဗိုလ်မှူးဖုန်းဟန်ကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းနောင့်နောင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

မေး။     ။ ဒီနေ့ သြဂုတ်လ (၆) ရက်နေ့ မနက်ပိုင်းမှာ လဲချားမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားတယ်လို့ ကြားရတယ်။ ဘယ်နေရာတွေ ဖြစ်ပါသလဲ။

ဖြေ။     ။  ဟုတ်ပါတယ်၊ ဒီနေ့ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့တာ မှန်ပါတယ်။ လဲချားမြို့နယ် အရှေ့တောင်ဘက် နည်းနည်းကျတဲ့ ဟိုင်းဆိုင်ကျေးရွာအုပ်စု တစ်ဝိုက် နားမှာ တိုက်ပွဲ ဖြစ်ခဲ့တာပေါ့နော်။

တိုက်ပွဲဖြစ်ပွားတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ တော်တော်ကို ရှည်လျားပါတယ်။ ကျနော်တို့ RCSS နဲ့ တိုက်ပွဲတွေ ဖြစ်ရင်းဖြစ်ရင်းနဲ့ ဒီလဲချားတို့၊ မိုင်းကိုင်တို့ဘက် ရောက်သွားတဲ့ အနေအထားမှာ အဲ့ဘက်ကိုလည်း ကျနော်တို့ တပ်ဖွဲ့က အခြေချ နေထိုင်ကြတာပေါ့၊ အဲ့ဒီအပေါ်မှာ စစ်ကောင်စီဘက်ကလည်း ကျေနပ်ချက် သိပ် မရှိဘဲနဲ့ “ဒီနေရာမှာ RCSS တပ်မရှိတော့ဘူး၊ ခင်ဗျားတို့ တပ်ပြန်ဆုတ်ပါ” ဆိုပြီး ပြောဆိုလာတာ ရှိပါတယ်။ ကျနော်တို့ကိုလည်း RCSS တပ်ဖွဲ့က မကြာခဏ ဆိုသလို ခြုံခိုတိုက်ပွဲတွေ ၊ ချောင်းမြောင်းတိုက်ခိုက်မှုတွေ၊ မိုင်းဆွဲတိုက်ခိုက်မှုတွေကို စသဖြင့် စဥ်ဆက်မပြတ် လုပ်ဆောင်လာတာ ရှိခဲ့တယ်။

အဲ့ဒီအနေအထားမှာ ကျနော်တို့ တပ်ဖွဲ့ လုံခြုံရေး ဒေသအတွက် လုံခြုံရေး ၊ နယ်မြေ စိုးမိုးရေး စတာတွေအတွက် ကျနော်တို့ တပ်ဖွဲ့က အခြေချမှုတွေကို ဆက်လက် လှုပ်ရှားနေရပါတယ်။

ဒီဘက်က စစ်တပ်ကလည်း တစ်နေ့တစ်ခြား မကျေနပ်မှုတွေနဲ့ သူတို့တပ်အင်အားတွေ တိုးလာတာပေါ့။ ပြီးတော့ သူတို့တပ်အင်အားအပြင် ပြည်သူ့စစ်တွေ ဖြစ်ကြတဲ့ အဲ့ဘက်က SSS (S သုံးလုံး) ပြီးတော့ တခြား ဟိုဘက်ရှိတဲ့အဖွဲ့တွေကို အသုံးချပြီးတော့ အင်အားတွေ ထပ်တိုး၊ ဖိအားတွေပေး လုပ်လာရင်းနဲ့ မနေ့တစ်နေ့ကတော့ လက်နက်ကြီးတွေနဲ့ ရမ်းထုလာတယ်။ အမှန်ကတော့ အဲ့ဒါက ခြောက်လှန့်တဲ့ သဘောပါ။ ဒီမနက်ကျတော့ ဒီဟိုင်းဆိုင်ရယ်၊ မက်လန်းကျေးရွာအနီးမှာရယ် သုံးလေး နေရာလောက်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပေါ့။ အခုအနေအထားက နှစ်ဖက် ရင်ဆိုင်နေရသေးတဲ့ အနေအထားပါ။ စစ်ရေးတင်းမာနေတဲ့ အနေအထားလို့ ပြောလို့ရတာပေါ့ဗျာ။

ဗိုလ်မှူးဖုန်းဟန်

မေး။     ။  SSPP/SSA တပ်ဖွဲ့အနေနဲ့ လဲချား၊ မိုင်းနောင်တို့ဘက် ရောက်လာတာကို စစ်ကောင်စီ က ဘာကြောင့် မကျေနပ်ရသလဲ။

ဖြေ။     ။  ဘာကြောင့် မကျေနပ်လဲဆိုရင် သူတို့ပြောပုံအရဆိုရင် နယ်မြေကျွံတာပေါ့။ ဒါပေမဲ့ ဒီစကားက ကျနော်တို့ ပြောရမယ့် စကားဖြစ်တယ်။ ကျနော်တို့ နယ်မြေလေဗျာ။ ဒါကို ကျနော်တို့ ပြန်လာပြောတယ်ဆိုတော့လည်း ဘာအဓိပ္ပါယ်လဲ ဆိုတာက သူတို့ကိုပဲ ပြန်ပြီး  မေးကြည့်ရမလို ဖြစ်နေတယ်။ ခေတ်စကားအနေနဲ့ဆိုရင် ဘာသဘောလဲပေါ့။

မေး ။    ။ ဒီအခု လဲချားမြို့နယ်ထဲမှာ ဖြစ်ပွားနေတဲ့ ပစ်ခတ်မှုက စစ်ကောင်စီဘက်ကနေ စတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာလို့ ပြောလို့ရမလားရှင့်။

ဖြေ။     ။  ထိုးစစ်ဆင် ဆိုတာထက် ရန်စတာလို့ ပြောရမှာ။ နဂိုကတည်းလည်း သူတို့က ဒီဘက်မှာ ရှိနေသလို ကျနော်တို့ကလည်း ရှိနေခဲ့တယ်။ ဗိုလ်နေမြဲ ကြားနေမြဲ ဆိုရင် ဒါက တိုက်ပွဲ ဖြစ်စရာ အကြောင်းမရှိဘူး။ သူတို့နေနေတဲ့ မိခင် တပ်ရင်းတပ်ဖွဲ့ ဖြစ်တဲ့ တိုင်းဌာနချုပ်တို့ ဘာတို့ ကနေ မထွက်လာဘူး၊ နေရင်းဌာန နေရာမှာပဲ နေနေကြမယ် ဆိုရင် ထိတွေ့တိုက်ပွဲ ဖြစ်စရာ အကြောင်း မရှိပါဘူး။ ဒါက ရည်ရွယ်ချက် တောတိုး ထွက်လာပြီးတော့ ကျနော်တို့ကို တိုက်ခိုက်လာတာ။ သူတို့ စကားအရ ဆိုရင် နယ်မြေစိုးမိုးရေးပေါ့။ အဲ့ကနေ တိုက်ပွဲတွေ ဖြစ်လာတာပေါ့။ ကျနော်တို့ ဘက်ကနေ စပြီး ရန်စတဲ့ အနေအထား တစ်ခါမှ မရှိပါဘူး၊ ချောင်းမြောင်းပစ်ခတ်တာလည်း တခါမှလည်း မရှိပါဘူး။ ဒါပေမဲ့ ဘယ်လက်နက်ကိုင် တပ်ဖွဲ့မဆို တပ်ဖွဲ့ အချင်းချင်းကြား ကြိုတင်အကြောင်းကြားမှု မရှိပဲ သူများနေရာ ရောက်သွား ရင်တော့ ဘယ်သူမဆို ပစ်ကြမှာ ထုံးစံပါပဲ။ ဒါကတော့ စစ်ရဲ့ သဘောတရား ဖြစ်ပါတယ်။ 

မေး။     ။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်တုန်းကလည်း စစ်ကောင်စီ နဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ  တွေ့ဆုံ ခဲ့တာတွေ  ရှိခဲ့တယ်။ အခုတော့ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတော့ ဘယ်လို ကြောင့်ပါ သလဲ။

ဖြေ ။    ။ အဲ့ဒါ ကျနော်တို့ တပ်ဖွဲ့ အနေနဲ့ ဖြေရမယ့် မေးခွန်းလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ စဥ်းစားစရာတွေကတော့ အများကြီးရှိတာပေါ့။ တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေနဲ့ကျ ငြိမ်းချမ်းရေး မဆွေးနွေးဘူး၊ မဖြစ်တဲ့ အဖွဲ့ကိုမှ ခေါ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်တယ်။ တကယ့် အခြေခံ ဥပဒေ နဲ့ ပတ်သက်နေတဲ့ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ မဆွေးနွေးဘဲနဲ့၊ သူတို့နဲ့ တိုက်ရိုက်ဆွေးနွေးလို့ရနိုင်တဲ့ အခွင့်အလမ်းတွေ လည်း မရနိုင်ပဲနဲ့ ဒီလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ကျ ဒါတွေကို ပြင်မယ်ဆိုပြီး ဆွေးနွေးပွဲတွေ လာပြုနေတယ်။ အနိုင်ရတဲ့ ရွေးကောက်ခံ ပါတီတွေ နဲ့ ဆွေးနွေးပွဲ မလုပ်ပဲနဲ့ အနိုင်မရတဲ့ ပါတီတွေနဲ့ ဆွေးနွေးပြီး အခြေခံ ဥပဒေကို ပြုပြင်မယ် ဆိုတဲ့ ဆွေးနွေးပွဲ တွေကျတော့ ယုတ္တိကျတဲ့ ဆွေးနွေးပွဲဖြစ်လား၊ အဓိပ္ပါယ် ရှိတဲ့ ဆွေးနွေး ပွဲဖြစ် လားဆိုတာ စဥ်းစားစရာဖြစ်လာတယ်။ အဓိက ကတော့ ယုတ္တိမကျတဲ့ ဆွေးနွေးပွဲ လို့တော့ ကျနော်တို့အနေနဲ့ ဒီလိုမျိုးပဲ မြင်ပါတယ်။ မဟာမိတ်တပ်ဖွဲ့ အနေနဲ့ သွားတဲ့ ဆွေးနွေးပွဲကိုကျတော့ အများသဘော၊ အများနဲ့ လုပ်နေတဲ့ Process ဖြစ်တဲ့ အတွက် စောဒက တက်စရာအကြောင်း မရှိပါဘူး။

မေး ။    ။ တွေ့ဆုံတုန်းက ငြိမ်းချမ်းရေး ညီလာခံ ကိစ္စတွေဆွေးနွေးခဲ့တယ်လို့ ကြားတယ်။ SSPP ဘက်က အဲ့ကိစ္စကို အဖြေမပေးခဲ့သေးဘူးလို့လည်း ကြားတယ်။ ဒါကြောင့် တိုက်ပွဲဖြစ်တာလား။

ဖြေ။     ။  အဖြေက မပေးသေးဘူးဆိုတာကလည်း ကျနော်တို့က FPNCC အဖွဲ့ဝင်ဖြစ်လို့ FPNCC အနေနဲ့က ညီလာခံ တက်မယ်၊ မတက်ဘူးဆိုတာ သဘောထား မကျသေးလို့ပါ။ ဘာပဲပြောပြော FPNCC  နဲ့ သူရဲ့ မူက အားလုံး အတူတကွ ဆိုတဲ့ ဆွေးနွေးချက် ရှိတာပေါ့။ ဆိုတော့က FPNCC တစ်ခုလုံးကို လွှမ်းခြုံနိုင်တဲ့ သဘော ထား မကျသေးဘဲနဲ့ ကျနော်တို့က သွားမယ်ဆိုပြီးတော့ အဖြေပေးနိုင်ဖို့က ယုတ္တိမကျဘူး။ ဒါကြောင့် FPNCC နဲ့ ကျနော်တို့ မိခင်တပ်ရင်းရဲ့ သဘောထား ဆန္ဒကို ရယူပြီးမှ အကြောင်းပြန်မယ် ဆိုတဲ့ အနေအထားကို ရောက်ခဲ့တာပေါ့။ ဒါပေမဲ့ ဒီတိုက်ပွဲက ဘာလို့ ထဖြစ်တာလဲဆိုရင်တော့ အဲ့ဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မရှိခင် ကတည်းက ဒီစစ်ရေး တင်းမာမှုက ရှိနေပြီးသား၊ အဲ့ဒီ ဆွေးနွေးပွဲတုန်းကတည်း ဒီဟာက ယုတ္တိပတ်တိ မပြောခဲ့ မဆွေးနွေး ဖြစ်ခဲ့ဘူး။ ပြီးတော့ ဒီဆွေးနွေးပွဲကလည်း သဘောတူညီချက်ဆိုပြီး ဘာမှ တိတိပပ မရှိခဲ့ဘူး။

မေး။     ။  SSPP တပ်ဆုတ်ခိုင်းဖို့နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က လေကြောင်းလိုင်း အပါအဝင် ခြိမ်းခြောက်မှု အကြိမ်ကြိမ်ရှိခဲ့တော့ SSPP/SSA အနေနဲ့ တပ်ဆုတ်မဆုတ်နဲ့ ပတ်သက်ပြီး ဘယ်လို ပြောချင်လဲ။

ဖြေ ။    ။ ယုံကြည်မှုဆိုတာ မရှိသေးသရွှေ့ ဆွေးနွေးမှု ရလဒ်က ရလဒ်ကောင်းရလာမှာ မဟုတ်ဘူး။ ရန်ဆောင်မှု၊ ရန်ရှောင်မှုတွေ ဘယ်လောက်ထိ လျှော့ချနိုင်မလဲဆိုတာ အဓိက ကျပါတယ်။ တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ အပြုတ်တိုက်မယ်ဆိုရင်လည်း နောက်ဆုံးက စားပွဲဝိုင်းမှာပဲ လာတွေ့ကြမှာပဲလေ။ တပ်ဆုတ်ဖို့ ပြောတယ်ဆိုတာကလည်း သူဆုတ် ကိုယ်ဆုတ်ဆိုရင် တစ်မျိုးပေါ့။ တိုက်နေရင်းနဲ့ ကိုယ့်တပ် ပြန်ဆုတ်ဖို့ ဆိုတာ စစ်ရိုး ထုံးစံမရှိဘူး။

မေး ။    ။ တိုက်ပွဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပစ်နေတယ်ဆိုတော့ ရှေ့ဆက် တိုက်ပွဲတွေ ပြင်းထန်လာနိုင်လား။

ဖြေ ။    ။ နှစ်ဦးနှစ်ဖက်ရဲ့ သဘောထား နဲ့ သက်ဆိုင်တာပေါ့။ ဖြစ်နိုင်သေးသရွှေ့ပေါ့။ ဆွေးနွေးစကားဝိုင်းနဲ့ သွားမယ်ဆိုတာ ကျနော်တို့မှာ မူရှိပြီးသားလည်း ဟုတ်တယ်။ အမှတ်တိုင်းပြောရမယ်ဆိုရင် ဒီ SSA ပေါ်လာတယ်ဆိုတာက ဒီမိုကရေစီ တွေ ဆိတ်သုဥ်းခဲ့လို့၊ ဖွဲ့စည်းပုံ အခြေခံကို အာဏာသိမ်းခဲ့လို့ ဒီ SSA ဆိုတာ ပေါ်ပေါက် လာခဲ့ရတယ်။ နိုင်ငံရေးရဲ့ အရှိန်အဝါ၊ နိုင်ငံရေးရဲ့ ရေချိန်ကို ကျနော်တို့က အတော်လေးကို ဖြတ်သန်းလာခဲ့ရတဲ့ အဖွဲ့လည်း ဖြစ်တယ်။ ဆိုတော့ ဒါက ရန်စတဲ့သူ စပြီးတိုက်ပွဲကို ဖော်တဲ့သူက ပိုပြီးတော့ သူတို့ရဲ့ သဘောထားက ပိုပြီးတော့ အက္ခရာ ကျတယ်။ ဒီအတိုင်းပဲ ဆက်သွားမယ်ဆိုရင် ကျနော်တို့ သျှမ်းအချင်းချင်းတောင်မှ တိုက်ပွဲဖြစ်ခဲ့တာပဲ၊ တခြား အဖွဲ့နဲ့ဆိုရင်လည်း ညှိလို့မရတဲ့ အခြေအနေကို ကြုံလာ ရင်တော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားအတိုင်း၊ ညှိလို့ရရင်ရ မရရင်ချ ဆိုတဲ့ စကား အတိုင်း ဆွေးနွေးမရရင် လက်နက်နဲ့ ဖြေရှင်းမယ်ဆိုတာ ထူးဆန်းတဲ့အရာ မဟုတ်ပါဘူး။

မေး။     ။  အခု လဲချားမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီးတော့ရော ပြည်သူတွေကို ဘာများပြောချင်လဲ။

ဖြေ။     ။  ပြည်သူတွေကို ဘယ်လိုပြောချင်လဲ ဆိုတော့ သူတို့က စစ်ရဲ့ အနိဌာအာရုံ မြင်ကွင်းတွေကို အများကြီး ကြုံတွေ့လာခဲ့ရပြီ။ ကျနော်တို့က အတတ်နိုင်ဆုံး ပြည်သူလူထုဘက်က ဆုံးရှုံးနစ်နာမှုမရှိအောင် ကြိုးစား ရှောင်လာခဲ့တယ်။ သူတို့ ပြည်သူလူထုရဲ့ ဒုက္ခကလည်း ကျနော်တို့ရဲ့ ဒုက္ခသာဖြစ်တယ်။ သူတို့ရဲ့ မငြိမ်းချမ်းမှု ကလည်း ကျနော်တို့ရဲ့ မငြိမ်းချမ်းမှု ဖြစ်တယ်ဆိုတဲ့ဟာက ဒီပြည်သူလူထု နားလည်ထားဖို့ လိုပါတယ်။ ကျနော်တို့ တပ်ဖွဲ့ဟာ ပြည်သူလူထုဘက်ကပဲ အမြဲတမ်း ရပ်တည်ခဲ့တယ်ဆိုတာကို  ပြောချင်ပါတယ်။

မေး။     ။  နောက်တစ်ခုမေးချင်တာက အခုရက်ပိုင်းတွေမှာ သျှမ်းပြည် မြောက်ပိုင်း ဘက် စစ်ရေးတွေက နေရာအနှံ့ ဖြစ်လာတာ တွေ့ရတယ်။ ဒါက မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီ နဲ့ ညှိနှိုင်းတာ မရတဲ့ အနေအထားလား။

ဖြေ။     ။  အဲ့ဘက်ကတော့ နည်းနည်းဟုတ်သလား မဟုတ်သလားဆိုတာ ပြောနိုင်ဖို့ ကတော့ မသေချာဘူး။ အဲ့ဘက်အဖွဲ့အစည်း ပေါင်းစုံရှိတဲ့ နေရာလည်း ဖြစ်တယ်။ မူရင်းရှိပြီးသား အဖွဲ့တွေရော ထပ်မံပြီး ပေါ်လာတဲ့ အဖွဲ့တွေကရော များလှတယ်။ တချို့က စီးပွားရေးကြောင့် ပေါ်ပေါက်လာတဲ့ အဖွဲ့ဖြစ်သလို တချို့က သူများ အသုံးချခံ အဖွဲ့အနေနဲ့လည်း ရှိနေတယ်။ တော်တော်ကို ရှုပ်ထွေးတဲ့ နယ်မြေ အနေအထား ဖြစ်တယ်။ ယေဘုယျအနေနဲ့ ကျနော်တို့ ဆုံးဖြတ်လို့ ဘယ်လိုမှ မရပါဘူး။ ပြောဆိုဖို့လည်း စောပါသေးတယ်။ စောင့်ကြည့်ရမယ့် အနေအထား ဖြစ်တယ်။

မေး။     ။  ထပ်မံဖြည့်စွက်ပြောချင်တာ ရှိရင် ပြောပေးပါ။

ဖြေ ။     ။  ပြောချင်တာကတော့ ကျနော်တို့ SSPP တပ်ဖွဲ့ဟာ ပြည်သူဘက်က ရပ်တည်နေတဲ့ အဖွဲ့အစည်း ဖြစ်တယ်ဆိုတာ ဘယ်လိုမှ ယုံမှားသံသယ မဖြစ်ပါနဲ့။ ယုံကြည်ပါလို့ ကျန်တဲ့ အဖွဲ့အစည်းတွေကိုရော ပြည်သူလူထုကိုရော ကျနော် စကားလက်ဆောင် ပြောချင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...