လက်ရှိ နိုင်ငံတော်အာဏာသိမ်းယူထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် အုပ်ချုပ်ရေး ကာလကို နောက်ထပ် ၆ လ သက်တမ်းတိုးအုပ်ချုပ်သွားမည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့် တယ်ရီဂရမ်များက ထုတ်ပြန်ထားသည်။

ယနေ့ ဇူလိုင်လ ၃၁ ရက် မနက်ပိုင်း အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီအစည်းအဝေး ဆုံးဖြတ်ချက်အရ အရေးပေါ်ကာလကို နောက်ထပ် ၆ လ ထပ်မံ တိုးခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များတွင် ဖော်ပြထားသည်။
အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကာ အရေးပေါ် အခြေအနေဟုအကြောင်းပြပြီး နိုင်ငံတော် အာဏာသိမ်းယူနေသည်မှာ ယနေ့ထိတိုင် ဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့သည် သာမာန်မဟုတ်သည့် အရေးပေါ် အခြေအနေ အကြောင်းပြကာ ၃ ကြိမ်မြှောက် သက်တမ်းတိုး ခဲ့ခြင်းဖြစ်ပြီး ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးသည့်အတွက် စတုတ္ထကြိမ်မြောက် သက်တမ်းတိုးလာခြင်း ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အရေးပေါ်ကာလ သက်တမ်းတိုးခြင်းဆိုင်ရာ ပုဒ်မ ၄၂၅ တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တာဝန်ကို ပြီးမြောက်အောင် မဆောင်ရွက်နိုင်သေးပါက သာမာန်အားဖြင့် ခြောက်လ နှစ်ကြိမ် သက်တမ်း တိုးပေးနိုင်ကြောင်း ပြဋ္ဌာန်းထားသော်လည်း သာမာန်မဟုတ်သည့် အခြေအနေဟုဆိုကာ စစ်ကောင်စီ၏ အရေးပေါ်ကာလ သက်တမ်းတိုးမှုသည် ယခုအကြိမ်ဆိုလျှင် ၄ ကြိမ်မြောက်အထိ ရှိလာနေပြီ ဖြစ်သည်။












Leave a Comments