Tuesday, May 7, 2024

လူငယ်တွေကို အတင်းအဓမ္မ စစ်သင်တန်းပေးပြီး စစ်ကောင်စီ နဲ့ ပူးပေါင်းနေတဲ့ PNO

Must read

မနက်စောစော အိပ်ယာထကာ “ဘယ်၊ ညာ၊ ဘယ်၊ ညာ “ ဆိုတဲ့ တညီတညွတ်တည်း ထွက်လာတဲ့ အသံနဲ့အတူ ကွင်းထဲမှာ စစ်ရေးလေ့ကျင့်နေကြပါတယ်။ အဲ့စစ်ရေး လေ့ကျင့်နေတဲ့ သူတွေအများစုဟာ စိတ်အားတက်ကြွစွာ နဲ့ ပါဝင်လေ့ကျင့်နေကြတဲ့သူတွေ မဟုတ်ပါဘူး။

PNO တပ်ဖွဲ့

သူတို့တွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်ပိုင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ပအိုဝ်းအမျိုးသားတပ်မတော် (PNO/PNA) ထိန်းချုပ်တဲ့ နယ်မြေမှာ နေထိုင်တဲ့ ပအိုဝ်း လူမျိုးတွေပါပဲ။

အများသိထားတာကတော့ PNO/PNA ဟာ အာဏာသိမ်းစစ်ကောင်စီ ရဲ့ လက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ တပ်သားသစ်တွေ စုဆောင်းပြီး စစ်ရေးလေ့ကျင့်ပေး နေပါတယ်။

“စစ်အာဏာသိမ်းပြီး နောက်ပိုင်း လူငယ်တွေ၊ အမျိုးသမီးတွေကို တအိမ်တယောက် နဲ့ စစ်သင်တန်းတက်ဖို့ ခေါ်တယ်။ PNO ဆိုတာ နဲ့ လူငယ်တွေက ထွက်ပြေးတော့တာပဲ။ စစ်သင်တန်း မတက်ချင်လို့ ထိုင်းဘက်ပြေးသွားတဲ့ လူတွေ အများကြီးပဲ” လို့ PNO ထိန်းချုပ်နယ်မြေမှာ နေထိုင်တဲ့ ပအိုဝ်းလူငယ် ခွန်စိုး (အမည်လွှဲ) ကပြောပြပါတယ်။

၁၉၉၁ ခုနှစ်မှာ စစ်တပ် နဲ့ ငြိမ်းချမ်းရေးယူပြီး ကိုယ်ပိုင်အုပ်ချုပ်နယ်မြေဒေသအဖြစ် သတ်မှတ်ခံထားရတဲ့ ကျေးရွာတွေမှာ နေထိုင်တဲ့ ပအိုဝ်းလူငယ်တွေကို ခေါ်ယူပြီး ပအိုဝ်းပြည်သူ့စစ် PNO ကနေ စစ်သင်တန်းပေးလာတာ အခုဆိုရင် ၇ ကြိမ်မြောက် ရှိသွားခဲ့ပြီလို့ စစ်သင်တန်း တက်ရောက်ဖူးတဲ့ သူတွေကနေ သိလိုက်ရပါတယ်။

PNO မှ ပြုလုပ်သည့် စစ်သင်တန်း

ဒါပေမယ့် တစ်ဖက်မှာ စစ်သင်တန်းပြီးမြောက်တဲ့ လူငယ်တွေကို စစ်တပ် နဲ့ ပူးပေါင်းပြီး နယ်စပ်ဒေသက တိုက်ပွဲ ဖြစ်ပွားနေလျက်ရှိတဲ့ PDF တွေနဲ့ ပြိုင်ဘက်ယှဉ်ပြီး တိုက်ခိုက်နေရတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေပါတယ်။

ပြီးတော့ ပအိုဝ်းကျေးရွာတွေက ဒေသခံပြည်သူတွေကို စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သေနတ်၊ ကျည်ဆံ ဝယ်ယူဖို့ တစ်အိမ်ကို ၃ သောင်းကျပ် ကနေ ၁ သိန်းကျပ်အထိ ကောက်ခံမှုတွေလည်း ပြုလုပ်လာခဲ့ပါတယ်။

ဒါဟာ နိုင်ငံရေးမှာ ပအိုဝ်းလူငယ်တွေကို အသုံးချပြီး စစ်ကောင်စီအတွက် တိုက်ခိုက်ပေးနေသလားလို့ လူငယ်အတော်များများက မေးခွန်းထုတ်နေကြပါတယ်။

“အခု သူတို့ ပြန်လိုက်ခေါ်နေတာပေါ့နော်။ အရင်တုန်းက သူတို့ သင်တန်းပေးတဲ့ လူငယ်တွေရှိတယ်။ ပြောရရင် ကျေးရွာက လူငယ်တွေ တော်တော်များ ပြန်လိုက်ခေါ်နေတယ်။ ပြီးတော့ တပ်သားဟောင်းတွေလည်း ပြန်ခေါ်နေတယ်“ ဟု PNO ထိန်းချုပ်နယ်မြေ အတွင်းရှိ ပအိုဝ်းလူငယ် ခွန်စိုး (အမည်လွှဲ) က ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လဆန်းပိုင်းမှစပြီး ပအိုဝ်းပြည်သူ့စစ်တပ် PNO ကနေ ကိုယ့်ကျေးရွာ၊ ကိုယ့်ဒေသ ကာကွယ်ရေးအတွက် ဆိုပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား ပအိုဝ်းလူငယ်တွေကို စစ်သင်တန်း ခေါ်ယူခဲ့တာပါ။

PNO မှ ပြုလုပ်သည့် စစ်သင်တန်း

ပအိုဝ်းဒေသအတွင်း နယ်မြေတည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေး၊ ပအိုဝ်းအမျိုးသားများနဲ့အတူ နေထိုင်တဲ့ တိုင်းရင်းသားများရဲ့ အသက်အိုးအိမ် စည်းစိမ်များအပေါ် အန္တရာယ် ကျရောက်လာနိုင်ပြီး အဲ့ဒီ အန္တရာယ်တွေကို ကာကွယ်နိုင်ရန် အတွက် ဒေသကာကွယ်ရေး လုံခြုံရေးတပ်တွေကို ဖွဲ့သွားမယ်လို့ စစ်သင်တန်းခေါ်ယူခြင်းနှင့် ပတ်သက်၍ PNO ကထုတ်ပြန်ခဲ့ပါတယ်။

တချို့က စစ်ကောင်စီ ရဲ့ အခိုင်းအစေအဖြစ် အသုံးချခံရမယ်ဆိုတဲ့ စိတ်နဲ့ ဒီစစ်သင်တန်းကို မတက်ချင်တဲ့ လူငယ်တွေက ထိုင်းနိုင်ငံဘက်ကို သွားကြတာလည်း ရှိပါတယ်။

သို့ပေမယ့် ဒီစစ်သင်တန်းကို သွားတက်ခဲ့ဖူးတဲ့ ပအိုဝ်းလူငယ် တစ်ဦးကတော့ ၁၅ ရက်သာ စစ်သင်တန်းထဲမှာ အဓိက အခြေခံကျတဲ့ စစ်ရေးလေ့ကျင့်ခန်း အပါအဝင် မိမိ ကိုးကွယ်ရာ ဗုဒ္ဓဘာသာရဲ့ ယဉ်ကျေးမှုတွေသာ သင်ကြား ပို့ချပေးခဲ့တယ်လို့ ဆိုပါတယ်။

PNO မှ ပေးသည့် စစ်သင်တန်း

“အဲ့တုန်းကတော့ ဘယ်၊ ညာ အဲ့ဒါပါပဲ။ ပြီးတော့ ယဉ်ကျေးမှုအပိုင်းပေါ့နော်။ ကိုယ့်လူမျိုး ယဉ််ကျေးမှုအပိုင်းကော ကိုယ်ကိုးကွယ်တဲ့ ဘာသာတိုင်းမှာ ယဉ်ကျေးအောင် ဆုံးမပေးတဲ့အပိုင်းမှာ ဆရာတော်တွေလည်း ပါတာပေါ့နော်။ အဓိက ဆရာ နဲ့ ဒကာ ပိုရင်းနှီးအောင် သင်တန်းပေးတာ “ ဟု ဒုတိယအကြိမ် ပြုလုပ်တဲ့ စစ်သင်တန်း တက်ရောက်ဖူးတဲ့ ပအိုဝ်းလူငယ်တစ်ဦးက ပြောပါတယ်။

အဲ့ဒီ ဒုတိယအကြိမ် ပြုလုပ်တဲ့ စစ်သင်တန်းထဲမှာဆိုရင် အမျိုးသမီး ဦးရေ ၄၀ ဦး ပါဝင်ပြီး စုစုပေါင်း သင်တန်းသား ဦးရေက ၅၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း PNO ဟာ စစ်ကောင်စီ နဲ့ ပူးပေါင်းပြီး သျှမ်း – ကယား နယ်စပ်ဒေသ တလျှောက်မှာ စစ်ရေးလှုပ်ရှားနေတယ်လို့ ပြည်သူ့ကာကွယ်တပ်ဖွဲ့များထံမှ သိရပါတယ်။

PNO ဟာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် ဖြစ်တာကြောင့် စစ်တပ်ရဲ့ လှုပ်ရှားဆောင်ရွက်မှု တိုင်းမှာ ပါဝင်ဆောင်ရွက်မှုတွေ ရှိနေနိုင်တယ်လို့ ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ ခမ်းကောင် PNDF (KK) မှ တာဝန်ခံ ခွန်ဘင်ဂျမင်က ပြောပါတယ်။

PNO တပ်သားများ

“ ကျနော်တို့ အနေ နဲ့ PNO ရဲ့ ပါဝင်ပတ်သက်မှုကို ပြောရမယ်ဆိုရင် PNO ဟာ ပြည်သူ့စစ် ဖြစ်တဲ့အတွက် စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ ပြည်သူစစ် ခံယူကတည်းက ရှိကြတယ်။ စစ်တပ်ရဲ့ လှုပ်ရှားဆောင်ရွက် မှုတိုင်းမှာ PNO အနေနဲ့ ပါဝင်ဆောင်ရွက်မှုတွေ ရှိနိုင်ပါတယ် “ ဟု ခွန်ဘင်ဂျမင်က ပြောပါတယ်။

လက်ရှိ စစ်ရေးပြင်းထန်နေတဲ့ သျှမ်း – ကရင်နီ ဒေသမှာ PNO အနေနဲ့ စစ်တပ်နဲ့ ပူးပေါင်းပြီး တော်လှန်ရေးတပ်ဖွဲ့ PDF တွေကို တိုက်ခိုက်နေတဲ့အပေါ် ပအိုဝ်းလူမျိုး အချင်းချင်းကြား လူမျိုးကွဲရေး ပြဿနာ ဖြစ်ပေါ်စေတယ်လို့ ပအိုဝ်းလူငယ်များက သုံးသပ်ကြပါတယ်။

အာဏာရှင်စနစ် မကြိုက်လို့ လက်နက်ကိုင်ပြီး စစ်တပ်ကို တော်လှန်တိုက်ခိုက်နေစဉ် တစ်ဖက်မှာ စစ်တပ်ရဲ့ မှိုင်းတိုက်ခိုက်မှုတွေကြောင့် ပြန်လည်တိုက်နေရတာဟာ ပအိုဝ်းလူမျိုးအချင်းအချင်းကြား အပြန်အလှန် သတ်ဖြတ်ရလောက်တဲ့အထိ စစ်တပ်ဟာ စစ်ရေးမှာ ဉာဏ်ရည်ပါးနပ်ခဲ့ပါတယ်။


“ လူမျိုး အချင်းချင်းကြား ပဋိပက္ခ ဖြစ်စေအောင် စစ်တပ်က လုပ်ဆောင်နေတယ်ဆိုတာ ပြောလို့ရပါတယ်။ စစ်တပ် လက်အောက်ခံ ပြည်သူစစ်အဖြစ် ခံယူထားတော့ စစ်တပ်ရဲ့ အလိုကိုတော့ သူတို့ ငြင်းလို့မရပါဘူး “ ဟု ခွန်ဘင်ဂျမင်မှ စိတ်မကောင်းစွာနဲ့ ပြောပြနေပါတယ်။


အလားတူ PNO ထိန်းချုပ်ရာဒေသရှိ လူငယ်တွေအပြင် တပ်သားဟောင်းတွေကို ပြန်လည်ခေါ်ယူနေတယ်လို့ သိရပါတယ်။

PNO တပ်ဖွဲ့


ဒါ့ကြောင့် ပအိုဝ်းပြည်သူ့စစ် PNO ထံ တာဝန်ထမ်းဆောင်ဖူးတဲ့ တပ်သားဟောင်း တချို့တွေက ကိုယ့်လူမျိုးအချင်းချင်း အပြန်အလှန် သတ်ဖြတ်ရမှာကို မလိုလားတဲ့အတွက် အကြောင်းအမျိုးမျိုးပြပြီး တိမ်းရှောင်နေရတဲ့သူတွေလည်း ရှိနေတယ်လို့ ခွန်စိုးက ပြောပါတယ်။

“တခြားဒေသတော့ မပြောတတ်ဘူး။ ကျနော်တို့ ဒေသမှာတော့ တပ်သားဟောင်းတွေက အကြောင်းအမျိုးမျိုး ပြပြီး ရှောင်နေရတာရှိတယ် “ ဟု ခွန်စိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ မတ်လ ၁၁ ရက် နိမ့်နိန်းကျေးရွာအတွင်း သံဃာတော် (၃) ပါး နှင့် အမျိုးသမီး တစ်ဦးအပါအဝင် အရပ်သားပြည်သူပေါင်း ၂၂ ဦးအထိ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ်ကို စစ်တပ်ရဲ့ ဝါဒဖြန့် တယ်ရီဂရမ်မှာ KNDF PDF တွေရဲ့ လက်ချက်ဖြစ်ကြောင်း စွပ်စွဲထားပါတယ်။

နမ့်နိန်းကျေးရွာကို စကစ မှ မီးရှို့ထားသည့် မြင်ကွင်း

ဒါကြောင့် မတ်လ ၁၅ ရက် တောင်ကြီးမြို့ ကံကြီးရပ်ကွက် တပေါင်းမှာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် PNO ကနေ ဦးဆောင်ပြီး “တစ်အိမ်ကို တစ်ယောက် မတက်မနေရ” ခြိမ်းခြောက် ပြောဆိုကာ နမ့်နိမ်းကျေးရွာအတွင်း သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ KNDF PDF အလိုမရှိကြောင်း ဆန္ဒပြပွဲ တရပ်ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် PNO ဟာ စစ်သင်တန်း တက်ရောက်လာတဲ့ လူငယ်တွေကို KNDF PDF တွေသာ ကျေးရွာများကို လိုက်လံဖျက်ဆီးနေတဲ့ အကြမ်းဖက်တပ်ဖွဲ့ဖြစ်တယ်ဆိုတဲ့ ဝါဒဖြန့်စနစ်နဲ့ လူငယ်တွေကို စိတ်သက်သွင်း နေတယ်လို့ ဆိုပါတယ်။

ပအိုဝ်းတိုင်းရင်းသားများ ဆန္ဒထုတ်ဖော်


“အရင်ကတည်း ကျနော်တို့ ပအိုဝ်းလူငယ်တွေကို စိတ်သက်သွင်းထားတယ်။ PNO ဟာအကောင်းပဲ။ PDF တွေဟာ ကျေးရွာတွေကို ဖျက်ဆီးနေတဲ့ အကြမ်းဖက်သမားပဲ။ PDF တွေလာရင် မင်းတို့ရွာတွေ ပျက်မယ်။ PDF ကြောင့် အခုတိုင်းပြည်ပျက်နေတယ်။ အဲ့လိုလူငယ်တွေကို စည်းရုံးသိမ်းသွင်းထားတယ် “ လို့ ခွန်စိုးက ပြောပါတယ်။

စစ်အာဏာသိမ်း ကာလအတွင်း ပအိုဝ်းပြည်သူ့စစ် PNO မှ စစ်တပ် နှင့် ပူးပေါင်းကာ ဆန့်ကျင့်ဘက် လက်နက်ကိုင် တပ်ဖွဲ့တွေကို တန်ပြန်တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး အကယ်၍ တော်လှန်ရေးပြီးသွားရင် ပအိုဝ်းလူမျိုးတွေကသာ မျက်နှာငယ်ရတယ်လို့ ပအိုဝ်းလူငယ် ခွန်ရှိုင်း (အမည်လွဲ) က ပြောပါတယ်။

ပအိုဝ်းတိုင်းရင်းသားများ ဆန္ဒထုတ်ဖော်

“ကျနော်တို့ လူမျိုးတွေက ပိန်းကိုပိန်းတာပါ။ ကျွန်စိတ်မပျောက်ဘူး။ အခုထိ လူငယ်တွေ အခွင့်အရေး မရှိဘူး။ လူငယ်တွေ ပြောရင်လည်း လူငယ်လူငယ်နေရာနေ ဆိုတာကြီးပဲ။ စစ်တပ်က မှိုင်းတိုက်ထားတဲ့ အမျိုး၊ ဘာသာ၊ သာသနာကနေ မလွတ်မြောက်နိုင်သေးဘူး။ တော်လှန်ရေးပြီးရင် ကိုယ့်လူမျိုးမျက်နှာ ငယ်ရတော့မှာပေါ့ဗျာ“ လို့ ခွန်ရှိုင်းက ဝမ်းနည်းစွာနဲ့ ပြောပြနေပါတယ်။

စစ်တပ်နဲ့ ငြိမ်းချမ်းရေး ယူပြီး စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းကာလမှာ ပအိုဝ်းလူငယ်တွေကို အသုံးချပြီး နိုင်ငံရေးမှာ အမြတ်ထုတ်နေတယ်လို့ ခွန်စိုးက ဆိုပြန်ပါတယ်။

“ကျနော်တို့ တွေ အမြင်တွေ ပြောင်းလဲသင့်ပြီ၊ PNO ဆိုတာ ဘာလဲဆိုတာ သေချာသိသင့်ပြီ၊ စစ်အာဏာရှင်နဲ့ပေါင်းနေတဲ့ ဘယ်အဖွဲ့မှ မဆို ဆန့်ကျင်သင့်ပြီ။ PNO အဖွဲ့ မျိုးချစ်လို့ပြောပြီး လူငယ်တွေကို သတ်နေတာ” လို့ ခွန်စိုး က ပြောဆိုလိုက်ပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article