Tuesday, May 7, 2024

စစ်အုပ်စု၏ အကျဉ်းထောင်များအတွင်း ဥပဒေမဲ့သတ်ဖြတ်မှုများ ပိုများလာနေ

Must read

နိဒါန်း

“ပြစ်မှု” ကျူးလွန်ကြောင်း တစုံတရာမပြနိုင်ဘဲ မြန်မာပြည်သူများကို လူထုလူတန်းစားမရွေး၊ ကျားမ မရွေး၊ ကလေးလူကြီး မရွေး ဖမ်းဆီးချုပ်နှောင်ကာ နီးစပ်ရာ ရဲစခန်း၊ အချုပ်ခန်းများထံ ခေါ်ဆောင်သွားခြင်း၊ ထိုမှတဆင့် အမှုပြင်ဆင်ခြင်း၊ အမှုဖွင့်ခြင်းနှင့် တရားစွဲခြင်းတို့ကို အကန့်အသတ်မဲ့ ပြုလုပ်လျက်ရှိသော အာဏာသိမ်းစစ်အုပ်စုသည် အကျဉ်းထောင်များအတွင်း ၎င်းတို့အဓမ္မ ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများအား ဥပဒေမဲ့ သတ်ဖြတ်မှုများကိုပါ ကျူးလွန်လာခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံမှ အကျဉ်းထောင်၊ အချုပ်ထောင်များသည် ပြစ်မှုကျူးလွန်သူများ၊ ဥပဒေ ချိုးဖောက်သူများအတွက် ချုပ်နှောင်ထိန်းသိမ်းရာ နေရာအဖြစ် ထင်မှတ်ရသော်လည်း အာဏာသိမ်း စစ်အုပ်စုအတွက်မူ လိုအပ်သလို အသုံးချနိုင်သည့် လှောင်အိမ်တစ်ခုကဲ့သို့ မှတ်ယူထားဟန် ရှိပါသည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ် သတင်းသုံးသပ်ချက်တွင် အဓမ္မ ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများ ဥပဒေမဲ့ သတ်ဖြတ်ခံရမှုများနှင့် စစ်အုပ်စု၏ အသုံးချခံ အကျဉ်းထောင်များအကြောင်း အချက်အလက်များ၊ ဖြစ်စဉ်ဖြစ်ရပ်များဖြင့် ချဉ်းကပ် လေ့လာ တင်ပြသွားပါမည်။

အကျဉ်းထောင်အတွင်း သတ်ဖြတ်ခံရမှုများ

၂၀၂၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ကတည်းက ပျောက်ဆုံးသွားသော ပဲခူးတိုင်း ဒိုက်ဦး (ကျိုက်ဇကော) အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၇ ဦးအနက် ၈ ဦးအထိ သေဆုံးသွားပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ဆိုပါသည်။

“အရေးတကြီး စစ်ဆေးအရေးယူရန် လိုအပ်လာသည့် ဥပဒေမဲ့ သတ်ဖြတ်မှုများ” ဟု ဆိုသော ဇူလိုင်လ ၁၉ ရက်၊ AAPP ၏ ထုတ်ပြန်ချက်တွင် အာဏာသိမ်းစစ်အုပ်စု၏ မတရားဖမ်းဆီးခံရပြီး စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသွားရသည့် သူများ၊ မြို့ရွာများအတွင်း စစ်ကြောင်းထိုးကာ လူသတ်မီးရှို့မှုများ၊ အကျဉ်းထောင်အတွင်း သေဆုံးမှုများ ယခုရက်ပိုင်းအတွင်း ပိုမိုများပြားလာကြောင်းနှင့် ထိုသို့ အာဏာသိမ်းစစ်ကောင်စီတပ်မှ ပြည်သူလူထုအပေါ် လက်လွတ်စပယ် သတ်ချင်တိုင်းသတ်နေသည်မှာ မြန်မာနိုင်ငံအတွင်းတွင်သာမက နိုင်ငံတကာ တရားရေးမဏ္ဍိုင်ကိုပါ စိန်ခေါ်နေသည့်လုပ်ရပ် ဖြစ်နေကြောင်း ဖော်ပြထားပါသည်။

ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာ တရားရေးမဏ္ဍိုင်များအနေဖြင့် မြန်မာပြည်သူများအပေါ် အာဏာသိမ်းစစ်ကောင်စီတပ်၏ တရားလက်လွတ် အနိုင်ကျင့် သတ်ဖြတ်နေမှုများအား အရေးပေါ်စုံစမ်း စစ်ဆေးမှုများ အမြန်ဆုံးပြုလုပ်ကာ ထိရောက်သည့် အရေးယူဆောင်ရွက်မှုများကို ချက်ချင်းဆောင်ရွက်ကြပါရန် AAPP က တိုက်တွန်းထားပါသည်။

၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့ကလည်း ဒိုက်ဦးအကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသား ၂၄ ဦးကို သီးခြားစီ ခေါ်ထုတ်ကာ ရိုက်နှက်စစ်ဆေးခဲ့သဖြင့် ကိုသန့်ဇင်ဝင်းအပါအဝင် နိုင်ငံရေး အကျဉ်းသား ၃ ဦး သေဆုံးခဲ့ပါသည်။

ဒိုက်ဦးအကျဉ်းထောင်အတွင်း ထောင်ပိုင် အပါအဝင် အကျဉ်းထောင်ဝန်ထမ်း ၈ ဦး ကိုလည်း နိုင်ငံရေးအကျဉ်းသားများအား ပြင်ပဆက်သွယ်ရန် ကူညီပေးသည်ဟု ဆိုကာ ဇွန်လနောက်ဆုံးအပတ်ထဲတွင် စစ်ကောင်စီက ဖမ်းဆီးစစ်ဆေး နေသည်ဟု ဆိုပါသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လ ၆ ရက်ကလည်း အဆိုတော်လီလီနိုင်ကျော် သေဆုံးမှုတွင် သံသယဖြင့် ဖမ်းဆီးခံရသူ လူငယ်နှစ်ဦးအား စစ်ကောင်စီစစ်ကြောရေးမှ ခေါ်လာစဉ် ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ၂၉ ရပ်ကွက်၊ မောင်းမကန်လမ်းမပေါ်တွင် ထွက်ပြေးသည်ဟု ဆိုကာ ဖမ်းဆီး ပစ်ခတ်ခဲ့သဖြင့် ဖမ်းဆီးခံရသူ လူငယ်နှစ်ဦး သေဆုံးခဲ့ရသည်။

ဆက်စပ်သတင်းတွေ့ရှိချက်များ

၂၀၂၃ ခုနှစ် ဇူလိုင်လ ၇ ရက်၊ ကျောင်းသားအရေးတော်ပုံ “ဆဲဗင်းဇူလိုင်” ၆၁ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်အတွင်း နိုင်ငံရေးဟောပြောမှုကြောင့် ဟုဆိုကာ နိုင်ငံရေးအကျဉ်းသား ၉ ဦး ကို ရိုက်နှက် တိုက်ပိတ်ထားပါသည်။

ရိုက်နှက်ခံရသူများအနက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုတင်ထွဋ်ပိုင် ဆိုလျှင် ဒဏ်ရာပြင်းထန်သဖြင့် ထောင်တွင်းဆေးရုံ တင်ထားရသည်ဟု ဆိုပါသည်။

မန္တလေးတိုင်း မြင်းခြံမြို့၊ မြင်းခြံအကျဉ်းထောင်အတွင်း အဓမ္မဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသား ၈၀ ကျော်ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် အဆက်အသွယ် လုပ်သည်ဟူသော အကြောင်းပြချက်ဖြင့် ရိုက်နှက်တိုက်ပိတ်ကာ ဆေးကုသခွင့်၊ ထောင်ဝင်စာ ပို့ခွင့်များ ပိတ်ပင်ထားသည်ဟု သိရပါသည်။

မြင်းခြံ ထောင်ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများ၏ အသက်အန္တရာယ်ကို စိုးရိမ်ကြောင်းနှင့် ထောင်တွင်း ရဲဘော်များနှင့် အတူ ရပ်တည်ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး)နှင့် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) တို့က ထုတ်ပြန်ထား ကြသည်။

သုံးသပ်တင်ပြချက်

အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့၏ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု အောင်မြင်ရေးအတွက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ညဉ့်ဦးအချိန်ကတည်းကပင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အစိုးရအဖွဲ့ခေါင်းဆောင်များ၊ ဝါရင့်နိုင်ရေးသမားများ၊ ကျောင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ ထင်ရှားသည့် စာရေးဆရာများ၊ ပရဟိတ သမားများစသဖြင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နိုင်ချေ ရှိသူတိုင်းကို ပစ်မှတ်ထားကာ အကြောင်းပြချက် တစုံတရာမရှိဘဲ ဖမ်းဆီးခဲ့သည်။

ရာနှင့်ချီသော ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်များကို နေပြည်တော်ရှိ စည်ပင်ရိပ်သာဝန်းအတွင်း အကြောင်းပြချက် မရှိဘဲ ဟန့်တားထိန်းသိမ်းထားခဲ့သည်။

၂၀၂၁ ခုနှစ် ဖေ‌ဖော်ဝါရီ ၁ ရက်၊ စစ်အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀ ရက် အထိ အာဏာသိမ်း စစ်အုပ်စု၏ ဖမ်းဆီးခံရသူပေါင်း ၂၄၀၀၀ နီးပါး ရှိပြီး ထိုအနက်မှ ၂၀၀၀၀ နီးပါးသည် စစ်အုပ်စု၏ အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စစ်ကြောရေးစခန်းများတွင် ဖမ်းဆီးခံထားရဆဲ ဖြစ်ပါသည်။

စစ်အာဏာရှင်စနစ် အမြစ်ပြုတ် ချေမှုန်းရေးအတွက် ဦးတည်လျှောက်လှမ်းနေသော နွေဦးတော်လှန်ရေးနှင့် ဆက်စပ်သဖြင့် သေဒဏ်ချမှတ် ခံထားရသူပေါင်း ၁၅၈ ဦး အထိ ရှိနေပါသည်။

ယခုအခါ အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့၏ စစ်အာဏာသိမ်းရန် ကြိုးပမ်းသည့်ကာလ ကြာမြင့်လာသည်နှင့်အမျှ နွေဦးတော်လှန်ရေးအင်အားစုများ၊ အထူးသဖြင့် မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-LDF) များ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ (EROs) များနှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်ရင်း၊ တပ်ဖွဲ့များ၏ ခုခံတော်လှန်စစ် ဆင်နွှဲနေမှုကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရင်ဆိုင်ကြုံတွေ့နေရသကဲ့သို့ နိုင်ငံတကာ မျက်နှာစာတွင်လည်း ဖယ်ကျဉ်ခံရမှု၊ ဖိအားပေး ခံရမှုများကို ကြီးမားစွာ ရင်ဆိုင်နေရပါသည်။

ထို့‌ကြောင့် ပြစ်မှုတစုံတရာမပြနိုင်ဘဲ အဓမ္မဖမ်းဆီးခံထားရသည့် ပြည်သူများအား လွတ်ငြိမ်းချမ်းသာခွင့် အမည်တပ်ကာ ခံဝန်ထိုးပြီး ပြန်လွှတ်ပေးခြင်းကို ဟန်ပြလုပ်ဆောင် ပြသနေသော်လည်း နိုင်ငံတဝှမ်းလုံးရှိ အကျဉ်းထောင်များအတွင်း ဖိနှိပ်မှုများကို ပုံသဏ္ဍာန်မျိုးစုံဖြင့် ပြုလုပ်နေသဖြင့် ရန်ကုန် အင်းစိန်ထောင်၊ မန္တလေး အိုးဘိုထောင်၊ ကရင်ပြည်နယ် ဖားအံထောင်၊ ပဲခူးတိုင်း ပဲခူးထောင်၊ ပြည်ထောင်နှင့် သာယာဝတီထောင်၊ စစ်ကိုင်းတိုင်း ကလေးထောင်၊ ဧရာဝတီတိုင်း ပုသိမ်ထောင် စသည်တို့တွင် ထောင်တွင်းဆန္ဒပြမှုများ မကြာခဏ ဖြစ်ပေါ်ခဲ့ပါသည်။

အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲအကျပ်အတည်းမှ ရုန်းထွက်နိုင်ရေးအတွက် နေပြည်တော်အကျဉ်းထောင်အတွင်းမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုပင် NUG နှင့် PDF-LDF များအား ဖြောင်းဖျပေးရန် မျှော်လင့်နေဟန် ရှိပါသည်။

ဆိုရသော် အာဏာသိမ်းစစ်အုပ်စုအတွက် မြန်မာနိုင်ငံတဝှမ်းလုံးရှိ အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စစ်ကြောရေး စခန်းများသည် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုလုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေသည်ကို တွေ့ရသည်။

ထို့ကြောင့် အာဏာသိမ်းစစ်အုပ်စု၏ အဓမ္မဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသည့် ပြည်သူပြည်သား အားလုံးအတွက် လွတ်မြောက်ရေး လမ်းစများကို ရှာဖွေကြရန် နွေဦးတော်လှန်ရေး အင်အားစုအသီးသီးနှင့် နွေဦးတော်လှန်ရေးအား ထောက်ခံအားပေးနေကြသော နိုင်ငံတကာအစိုးရများတွင် တာဝန်ရှိနေပြီ ဖြစ်သည်။

အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့၏ အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စစ်ကြောရေးစခန်းများမှ အဓမ္မ ဖမ်းဆီးခံထားရသည့် ပြည်သူပြည်သား၊ နိုင်ငံရေးအကျဉ်းသားများကို ဥပဒေမဲ့သတ်ဖြတ်မှုများ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းအား အရေးတကြီး စစ်ဆေးအရေးယူနိုင်ရေး ပြင်ဆင်ကြိုးပမ်းသင့်ပြီ ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

Leave a Comments

- Advertisement -spot_img

Latest article