သျှမ်းပြည် မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာသို့ လာရောက်အလုပ်လုပ်သည့် အလုပ်သမား (၇) ဦးသည် မှိုစားပြီး အစာအဆိပ်သင့်ကာ ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၁ ရက်တွင် မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာသို့ လာရောက် အလုပ်လုပ်သည့် အလုပ်သမား (၇) ဦးသည် ခြံဝန်းထဲရှိ ပိုးသတ်ဆေးဖြန်းထားသော မှိုကို စားမိရာမှ မူးဝေခြင်း၊ အော့အန်ခြင်း အဆိပ်သင့်ပြီး မူဆယ်မြို့ သိရီဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။
ထိုမှတစ်ဆင့် မသက်သာသောကြောင့် မှိုအဆိပ်သင့်သူ လူနာ ၇ ဦးကို ယမန်နေ့ ဇူလိုင်လ ၁၂ ရက် မနက်ပိုင်းအချိန်၌ မန္တလေးမြို့ ဆေးရုံကြီးသို့ လွှဲပြောင်းလိုက်ရကြောင်း ၎င်းကိုသွားရောက်ကူညီခဲ့သည့် ကရုဏာလူမှုကူညီရေးအသင်းမှ သိရသည်။
“ ယောင်္ကျားလေး ၂ ယောက် နဲ့ မိန်းကလေး ၅ ယောက်ပေါ့။ သူတို့နေရပ်ဒေသကတော့ ကွတ်ခိုင်ကလို့ ပြောတယ်။ သူတို့ ပန်ခမ်းရွာဖက်မှာလာပြီး အလုပ်လုပ်ကိုင်တဲ့ အဖွဲ့တွေပေါ့နော်။ ခြံစိုက်ခင်းဘေးမှာ ပေါက်နေတဲ့ မှိုကိုစားမိတာပေါ့။ မှိုကစားလို့ရတဲ့ မှိုဖြစ်တယ်။ ဒါပေမယ့် ပိုးသတ်ဆေး ဖြန်းမိထားတဲ့ မှိုကိုစားမိ တာလို့ပဲ ယူဆရတယ်” ဟု ၎င်း လူမှုကူညီရေးအသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။
အဆိုပါ အဆိပ်သင့်မှို နှင့် ပတ်သက်ပြီး မှိုသည် မည်သည့်အမျိုးအစား ဖြစ်ကြောင်း အသေးစိတ်ကို မသိရှိရပေ။
အလားတူ နယ်စပ်ဒေသ အပါအဝင် တရုတ်ပြည်အတွင်း စိုက်ခင်းအလုပ်သွားရောက် လုပ်ကိုင်သူ အလုပ်သမားများသည် မှိုစား၍ အဆိပ်သင့်ကာ နေရပ်ပြန်ပို့ဆောင်လိုက်ရသည့် အခြေအနေထိ နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေရကြောင်း ၎င်းလူမှုညီရေးအသင်းမှ ဆက်ပြောသည်။
“ နှစ်တိုင်းလိုလိုဖြစ်တယ်။ ဆေးရုံကနေ မန္တလေးကို လွှဲရတာရှိတယ်။ တရုတ်ပြည်မှာ စိုက်ခင်းအလုပ်လုပ်ပြီး မှိုစားပြီး အဆိပ်သင့်တော့ တရုတ်ဘက်ကုမရတော့လို့ ပြန်ပို့တာလည်း ရှိတယ်။ ပခုက္ကူ၊ ပေါက်မြို့ ဖက်အထိ ပြန်ပို့ရတဲ့ ၇ ယောက်အဖွဲ့ မနှစ်ကလည်း ရှိတယ်။ ဒီဖက်ကို ပြန်ပို့ပြီး ဆေးကုသလိုက်လို့ ပြန်ကောင်းသွားတဲ့သူရှိသလို တချို့လည်းပြန်ကောင်းလာပြီး ဆုံးသွားတာလည်း ရှိတယ်။ အခု ၃ နှစ်အတွင်းမှာ မှိုအဆိပ်သင့်ပြီး ဆုံးတာ ၁၀ ယောက်လောက်ရှိတယ် “ ဟု ၎င်း လူမှုကူညီရေးအသင်းက ထပ်လောင်းပြောသည်။
လက်ရှိ မိုးရာသီကာလအတွင်းမှာ မှိုအများဆုံး ပေါက်သည့်ကာလဖြစ်၍ ခရီးသွားလာရင်း လမ်းနှင့် တောတောင်အတွင်း မှိုများ တွေ့ရတတ်ပြီး အများက ဟင်းတစ်ခွက်အဖြစ် မှိုကိုချက်စားကြပြီး အဆိပ်အတောက်ရှိ မှိုများ စားမိကာမှ မိမိအတွက် နောက်ဆုံး ထမင်းတစ်နပ်လည်း ဖြစ်သွားနိုင်ကြောင်း ကျန်းမာရေးပညာရှင်များက သတိပေးထားသည်။
ထို့အပြင် မှိုအစားမှား၍ အဆိပ်သင့်ကြသူများသည် စားပြီး ၂၄ နာရီအတွင်း ဗိုက်အောင့်ဗိုက်နာခြင်း၊ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း စသည့်ဖြင့် လက္ခဏာများ တွေ့ရကြောင်း သိရသည်။











Leave a Comments