Friday, May 3, 2024

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ တပ်သားများ အရက်သောက်ပြီး အချင်းချင်း ပစ်ခတ်သေဆုံးမှုဖြစ်

Must read

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ တပ်သားများ အရက်သေစာသောက်စားပြီး အချင်းချင်း ရန်ဖြစ်ပွားကာ သေနတ် ပစ်ခတ်မှုရှိခဲ့ပြီး သေဆုံးမှုရှိကြောင်း သတင်းရရှိသည်။

ဖယ်ခုံမြို့

ပြီးခဲ့သည့် ဇွန် ၂၁ ရက်တွင် ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာအုပ်စု စစ်ကောင်စီတပ်စွဲထားသည့် လွယ်မကူးတောင်ပေါ်တွင် စစ်ကောင်စီတပ်သားများ အရက် သောက်စား ရန်ဖြစ်ပြီး အပြန်အလှန်ပစ်ခတ် ခဲ့ကြောင်း သိရသည်။

“သူတို့ ရန်ဖြစ်ပြီး ပစ်ခတ်ကြတာ ဟုတ်တယ်။ ဒါတွေကို သူတို့ ဖုံးကွယ်ထားတာ။ ကျနော်တို့လည်း အသေးစိတ် မသိဘူး။ သူတို့ ရန်ဖြစ်တာတွေ ပစ်ခတ်ကြတာတော့ ဟုတ်တယ်။ ထိခိုက်သေဆုံးမှုတွေလည်း ရှိတယ်။ ထိခိုက်မှုများတယ်လို့တော့ ပြောတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကြတာ” ဟု ဖယ်ခုံမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ အချင်းချင်း ပစ်ခတ်ခဲ့မှုကြောင့် လွယ်မကူးတောင်ပေါ်ရှိ စစ်ကောင်စီ တပ်သားအချင်းချင်း ချိန်းလိုက်ကြောင်း ဖယ်ခုံမြို့ PDFများထံမှ သိရှိရသည်။

“အဲ့နေ့က သူတို့ အချင်းချင်းပစ်ကြတာ။ သေနတ်တွေနဲ့လည်း ပစ်ကြတာ။ ကျနော်တို့ သိရသလောက်တော့ ၇ ယောက်လောက်ကတော့ ထိခိုက်ဒဏ်ရာရကြတယ်။ သေဆုံးမှုလည်း ရှိတယ်တဲ့။ ပြီးတော့ သူတို့တပ်သားတွေကို ချိန်းလိုက်ရတယ်။ အဲနေ့မှာပဲ ချက်ချင်းချိန်းလိုက်တာ” ဟု ဖယ်ခုံမြို့ ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၂) က တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူ ဖယ်ခုံမြို့ ဒေသခံတစ်ဦးကလည်း “ သူတို့ တစ်ခြားမြို့ကနေလာတဲ့တပ် တွေနဲ့ချိန်းတာတော့ မဟုတ်ဘူး။ ဖယ်ခုံမြို့နယ်ထဲမှာရှိတဲ့ တပ်ရင်းတွေနဲ့ပဲ ချိန်းကြတာ။ အဲနေ့မှာပဲ ချက်ချင်းချိန်းလိုက်ကြတာ။ အခုရက်ပိုင်း စစ်ကောင်စီတပ်သားတွေ မြို့ထဲလာတာတော့ သိပ်မတွေ့တော့ဘူး ” ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီတို့ အချင်းချင်း တိုက်ခိုက်မှုကြောင့် ဖယ်ခုံမြို့ ဒေသခံများကလည်း မြို့တွင်း လက်နက်တွေကို ပေါက်ခွဲမှာကို စိုးရိမ်နေကြသည်။

ထိုအပြင် ဖယ်ခုံမြို့အတွင်း စစ်ဘေးရှောင်များ ရောက်ရှိနေပြီး အသွားလာလည်း ခက်ခဲမှုရှိနေသည်။

Leave a Comments

- Advertisement -spot_img

Latest article