အာဏာသိမ်းပြီး ၂ နှစ်သာကာလ သျှမ်းပြည်တွင်း စစ်ရေးပဋိပက္ခကြောင့် အရပ်သား သေဆုံးမှုသည် အဆင့် ၅ နေရာတွင်ရှိထားကြောင်း ISP Myanmar က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတစ်ဝှမ်းတွင် အာဏာသိမ်း ၂ နှစ်အလွန် လက်နက်ကိုင် ပဋိပက္ခကြောင့် အရပ်သား (၂,၄၅၄) ဦးထက်မနည်းသေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထိုထဲတွင် စစ်ကိုင်းတိုင်းသည် အရပ်သားသေဆုံးမှု ၁၂၀၈ ဦး ဖြင့် အဆင့် ၁ နေရာတွင် တည်ရှိထားပြီး ကရင်နီပြည်သည် ၁၅၉ ဦး ဖြင့် အဆင့် ၃ နေရာရှိထားပြီး သျှမ်းပြည်သည် ၁၅၂ ဦးဖြင့် အဆင့် ၅ နေရာတွင် ရှိထားသည်။
ထိုအပြင် ၂၀၂၃ ခုနှစ် မေလအထိ ၅ လအတွင်း မြန်မာနိုင်ငံတစ်ဝှမ်း အရပ်သား သေဆုံးမှုသည် ၇၄၈ ဦး အများဆုံး ဖြင့် စံချိန်တင်ခဲ့ကြောင်း ထုတ်ပြန်ရေးသားထားသည်။
ယခု ၂၀၂၃ ခုနှစ် ၅ လ အတွင်း အရပ်သား သေဆုံးမှုသည် ယခင်နှစ် တစ်နှစ်တာပမာဏ အရပ်သားသေဆုံးမှု၏ ၆၀ ရာခိုင်နှုန်းနီးပါး တည်ရှိထားကြောင်း ရေးသားထားသည်။
လက်ရှိမှာလည်း သျှမ်းပြည်အတွင်း တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း ၊ စစ်ကောင်စီ နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ၊ စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတို့က တိုက်ပွဲ ဖြစ်ပွားနေလျက်ရှိသည်။
အဆိုပါ တိုက်ပွဲကြောင့် ပြည်သူများကို ဖမ်းဆီးခြင်း ၊ စစ်ဆေးမေးမြန်းခြင်း နှင့် သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်နေလျက်ရှိသည်။
ထိုသို့ အရပ်သားများကို ဓားစာခံအဖြစ် ဖမ်းဆီးသတ်ဖြတ်ပေးခြင်းအပေါ် ရပ်တန့်ပေးရန်အတွက် သျှမ်းပြည် ဖယ်ခုံမြို့ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ တိုက်ပွဲတွေ ဖြစ်တိုင်း စစ်ကောင်စီက မြို့ထဲတွေမှာ တပ်စွဲထားတယ်။ ပြီးတော့ ပြည်သူတွေကိုလည်း ဒိုင်းကာအဖြစ်ဖမ်းတယ်။ တစ်ချို့ကျေးရွာတွေထဲမှာဆိုရင် သတ်ပစ်တာလည်းရှိတယ်။ ကျနော်တို့ ပြည်သူတွေက ဘာမှမသိဘူး။ သူတို့ တိုက်ပွဲကြား ဓားစာခံ ဖြစ်နေရတာ။ ဖြစ်နိုင်ရင်တော့ ကျနော်တို့ ပြည်သူတွေကို ဖမ်းဆီးတာတွေ မလုပ်ဖို့ ပဲ တောင်းဆိုချင်ပါတယ်” ဟု ၎င်းက ပြောသည်။
အလားတူ သျှမ်း – ကရင်နီ နယ်စပ် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲကြောင့် အရပ်သား ၁ သောင်းနီးပါးကလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။











Leave a Comments