Wednesday, April 24, 2024

ဒီးမော့ဆို အနောက်ဖက်ခြမ်းကို စစ်ကောင်စီမှ ဗုံးကြဲချ၊ KNDF မှ ရဲဘော် ၅ ဦးကျဆုံး

Must read

ကရင်နီ (ကယား) ပြည် ဒီးမော့ဆိုအနောက်ဖက်ခြမ်းဒေသရှိ ကျေးရွာကို စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်ဖြင့် ညဘက်အချိန်၌ ဗုံးကြဲချခြင်းကြောင့် KNDFမှ  ရဲဘော် ၅ ဦးကျဆုံးသွားခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

 မေလ ၂၄ ရက် ည ၉ နာရီခွဲအချိန်ခန့်၌ ဒီးမော့ဆို အနောက်ဖက်ခြမ်း ဒေသရှိ ကျေးရွာကို စစ်ကောင်စီမှ ဂျက်တိုက် လေယာဉ်တစ်စင်းဖြင့် ၃ ကြိမ်ထက်မနည်း လာရောက် ဗုံးကြဲချခဲ့ခြင်းကြောင့် KNDF တပ်ရင်း ၆ မှ ရဲဘော် ၅ ဦး ကျဆုံးသွားခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

“ ကျမတို့ စခန်းကို ဂျက်တိုက်လေယာဥ်နဲ့အကြဲခံလိုက်ရတာ။ စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စင်းနဲ့ ၃ ကြိမ်လောက် လာကြဲသွားတာ။  KNDF က၅ ယောက်ကျတယ်။ လွိုင်ကော် PDF တစ်ယောက်ပါတယ် “ ဟု ၎င်းတော်လှန်ရေး သတင်းရင်းမြစ်ထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြား ကျဆုံးသွားသည့် ရဲဘော် ၅ ဦးနှင့် ပတ်သက်ပြီး ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့  KNDF မှ ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် ပြီးခဲ့သည့် မေလ ၁၄ ရက်မှစပြီး စစ်ကောင်စီသည် ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ တနီးလာလဲ ကျေးရွာတောင်ပေါ်မှ ဒေါလျားခူ ကျေးရွာတောင်ပေါ်ဖက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် ၁၀ ရက်ကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း KNDF မှ ယနေ့တွင် ထုတ်ပြန်ထားသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦး၊ ဗိုလ်အဆင့် ရှိသူ ၂ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၄၀ နီးပါး သေဆုံးခဲ့သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ထံမှ MA-1 (၈)လက်၊ MA-2(၁)လက်၊ MA-3 (၃)လက်၊ MA-4 (၁)လက်၊ ၉ မမ Pistol (၁)လက်၊ RPG (၂)လက် နှင့် ဆက်စပ်ခဲယမ်းမီးကျောက်များ၊ ဆက်သွယ်ရေးပစ္စည်းများ နှင့် စစ်အသုံးအဆောင်အမြောက်အများ သိမ်းစည်းရရှိခဲ့ပြီး စစ်သုံ့ပန်း (၂)ဦး အားအရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း ရေးသားဖော်ပြထားသည်။ 

အလားတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့ KNDF/B01 မှရဲဘော်(၁)ဦး ၊ KNDF/B07 မှ ရဲဘော်(၂)ဦး၊ KNDF/B09 မှ ရဲဘော်(၃)ဦး၊ KNDF/B10 မှ ရဲဘော်(၁)ဦး နှင့် ကရင်နီတပ်မတော်(KA) မှ ရဲဘော်(၁)ဦး စုစုပေါင်း (၈) ဦးကျဆုံးသွားကြောင်း ထုတ်ပြန်ထားသည်။

Leave a Comments

- Advertisement -spot_img

Latest article