Thursday, June 20, 2024

ဖယ်ခုံမြို့နယ်အတွင်း ညအချိန် လက်နက်ကိုင်ပြီး ဓားပြတိုက်မှု ပိုများပြားလာ

Must read

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်အတွင်း ယခုရက်ပိုင်း ညအချိန် လက်နက်ကိုင်ပြီး ဓားပြတိုက်မှု ပိုများလာသဖြင့် ဒေသခံများ စိုးရိမ်နေထိုင်ရကြောင်း စုံစမ်းသိရသည်။

ဖယ်ခုံမြို့

အဆိုပါ လက်နက်ကိုင်ပြီး ဓားပြတိုက်သူများသည် စစ်ကောင်စီ တပ်ထဲကသူများ ဖြစ်ကြောင်း ‌ဒေသခံများက ပြောပြသည်။

“ဓားပြတိုက်မှုကတော့ ပိုများလာတယ်။ ကျနော်တို့တွေလည်း စိုးရိမ်နေရတယ်။ စိုးရိမ်မှုတွေကတော့ အရမ်းများတာပေါ့။ ညအချိန်‌မှ ဓားပြတိုက်တာ၊ လူမရှိတဲ့ အိမ်တွေမှာဆိုရင် ဝင်ဖောက်ပြီးတော့ ပစ္စည်းတွေယူသွားတာ” ဟု ဖယ်ခုံမြို့ ဒေသခံတစ်ဦးက ပြောသည်။

ဖယ်ခုံမြို့

အလားတူ ဖယ်ခုံမြို့အတွင်း ဘုန်းကြီးတစ်ပါးကလည်း “ ကြားရသလောက်တော့ အိမ်ဖောက်တာ၊ ဓားပြတိုက်တာတွေတော့ ပိုများလာတယ်။ လက်နက်တွေ နဲ့ ဓားပြတိုက်တာလည်း ၃ ကြိမ် လောက်တော့ ရှိလာပြီ။ အရင်က လုံးဝမရှိဘူး။ ပြီးတော့ ဓားပြတိုက်တဲ့သူတွေက စစ်တပ်ထဲက လူတွေဖြစ်တယ်။ ဒါကတော့ ၁၀ ယောက်မေးရင် ၉ ယောက်လောက်ကတော့ အဲလိုပြောကြတယ်” ဟု ဘုန်းကြီးက မိန့်သည်။

ဖယ်ခုံမြို့နယ်ထဲတွင် မနက် ၆ နာရီ မိုးလင်းမှသာ ပြည်သူများနေအိမ်သို့ ထွက်လေ့ရှိပြီး ညနေ ၅ နာရီထိုးပါက အပြင်သွားလာမှု နည်းပါးလာကြောင်း သိရသည်။

ထိုအပြင် မြို့တွင်း လူငယ်များကလည်း တစ်ခြားဒေသသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသောကြောင့် လူငယ်များ ရှားပါးလာခဲ့ကြောင်း ဘုန်းကြီးက ဆက်မိန့်သည်။

“မနက် နေမြင်မှပဲ ဆိုင်တွေဖွင့်ကြတာ၊ ညနေ ၄ နာရီ ၅ နာရီလောက်ဆိုရင် လူသူရှင်းနေတာပဲ။ မနက် ၅ နာရီထိ လူရှင်းတယ်။ အလုပ်အကိုင်တွေလည်း ရှားလို့ ထိုင်းဘက်တွေမှာ အလုပ်သွားလုပ်ကြတာ၊ တစ်ချို့လည်း လက်နက်ကိုင် တာပေါ့။ မြို့တွင်းတော့ ပုံမှန်သွားလာမှုတော့ ရှိပါတယ်။ ဒါမဲ့ အရင်ကနဲ့တော့ မတူတော့ဘူး” ဟု အထက်ပါ ဘုန်းကြီးက မိန့်သည်။

ဖယ်ခုံမြို့နယ်ထဲတွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ ယနေ့အချိန်ထိ တိုက်ပွဲဖြစ်ပွား နေလျက်ရှိပြီး မြို့တွင်းမကြာခဏ လက်နက်ကြီးသံများ ကြားနေရကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article