သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်း-ဖယ်ခုံ နယ်စပ်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားထဲ စစ်ကောင်စီမှ လေယာဉ်ဖြင့် ၂ ကြိမ်ပျံဝဲလာသောကြောင့် ဗုံးကြဲချမည်ကို စစ်ဘေးရှောင်များက စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ (မေလ ၁၄ )ရက် နံနက်ပိုင်းတွင် ပင်လောင်း-ဖယ်ခုံ နယ်စပ်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းနေစဉ် စစ်ကောင်စီမှ ကင်းထောက်လေယာဉ်ဖြင့် ၂ ကြိမ် ပျံဝဲလာပြီး မိုးထဲလေထဲ၌ ဗုံးကြဲချမည်ကို စစ်ဘေးရှောင်များက စိုးရိမ်နေကြောင်း စစ်ဘေးရှောင် ကူညီသူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ ဒီနေ့ ဗုံးလာကြဲတာတော့ မရှိဘူးဗျ။ ကင်းထောက်လေယာဉ်နဲ့တော့ ၂ ခေါက်လောက် လာဝဲတာရှိတယ်။ ပစ်ခတ်သံတော့ မကြားသေးဘူး။ မိုးကလည်းရွာ တိုက်ပွဲကဖြစ်၊ လေယာဉ်နဲ့ ဗုံးလာကြဲမှာ ကြောက်နေရတယ် “ ဟု ၎င်းက ပြောသည်။
အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တချို့ နေရာဒေသတွင် ဖုန်းလိုင်း မမိခြင်း၊ ဖုန်းလိုင်း ဖြတ်တောက်နေခြင်း အခက်ခဲအခြေအနေကို ကြုံတွေ့နေရကြောင်း သိရသည်။
ထို့အပြင် ပင်လောင်း-ဖယ်ခုံ နယ်စပ်ဒေသတလျောက် ဖြစ်ပွားသည့် ယနေ့ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ခမ်းကောင်) PNDF KK ကို ဆက်သွယ်မေးမြန်းရာမှာ တိုက်ပွဲအခြေအနေကို မသိရသေးကြောင်း ပြန်လည်ဖြေကြားထားသည်။
“ လက်ရှိ အခြေအနေတော့ ကျနော်တို့လည်း မသိရသေးဘူးဗျ။ ရာသီဉတုက ဆိုးတော့ ဖုန်းလိုင်းလည်း အဆင်မပြေဘူး။ တိုက်ပွဲက ထပ်ပြီး ဖြစ်မဖြစ်တော့ ကျနော်တို့ သေချာမသိရသေးဘူး “ ဟု ၎င်း၏ မြေပြင်နှင့် သတင်းပြန်ကြားရေး တာဝန်ခံ ခွန်ဗွေဟုန်းက ပြောသည်။
အလားတူ ကရင်နီ (ကယား) ပြည် ဒီးမော့ဆိုမြို့ အရှေ့ဖက်ခြမ်းရှိ ဒေါစဲရွာ၊ ဒေါတငူးရွာ၊ တနီးလာလဲ စသည့် ကျေးရွာများ၏ အနီးတဝိုက်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးပြီး တပ်စွဲနေထိုင်ခြင်းကြောင့် ဒေသခံများအနေဖြင့် နေရပ်ပြန်ပြီး ပစ္စည်းသယ်ယူခြင်းမပြုလုပ်ရန်နှင့် မသွားလာကြရန် KNDF B-09 က ယနေ့ (မေလ ၁၄ ) ရက်တွင် ထုတ်ပြန်ထားသည်။
တိုက်ပွဲသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်မှစပြီး ဖြစ်ပွားလာနေရာ လက်ရှိမှာ ၃ လနီးပါး ရှိပြီ ဖြစ်သော်လည်း တိုက်ပွဲရပ်တည်မှု အခြေအနေ မရှိသေးသလို စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးချနေလျက်ရှိကြောင်း သိရသည်။











Leave a Comments