သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့ နမ့်စောင်းငေါင်းတံတားပေါ်တွင် အမျိုးသမီး တစ်ဦး ဆိုင်ကယ်တိမ်းမှောက်ပြီး ချောင်းထဲသို့ ပြုတ်ကျသေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ (မေ ၅ ) ရက် နံနက် ၂ နာရီခွဲ၌ ကျောက်မဲမြို့ရှိ နမ့်စောင်းငေါင်း တံတားပေါ်တွင် အသက် ၃၉ နှစ် နန်းအုန်းညွှန့်တစ်ဦး ဆိုင်ကယ်တိမ်းမှောက်ပြီး ၁၆ ပေအနက်ရှိ ချောင်းထဲသို့ ပြုတ်ကျသေဆုံးသွားကြောင်း ၎င်းကို သွားရောက်ကူညီသည့် နမ့်ခုံးရှမ်းများပရဟိတအသင်းမှ တာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ မနက်အစောပိုင်း ပစ္စည်းသွားပို့ပြီး ပြန်လာတဲ့သူလား၊ ဆွေးမျိုးမိတ်ဆွေတွေကို သွားလည်ရင်း ပြန်လာတဲ့သူလား ကျနော်တို့လည်း သေချာမသိရသေးဘူး။ အခုဖြစ်သွားတာက အိပ်ရေးပျက်ပြီး ဆိုင်ကယ် မှောက်သွားတဲ့ပုံပဲ။ ၁၆ ပေလောက်နက်တဲ့ ချောင်းထဲကို ကျသွားပြီး ဦးခေါင်း၊ မျက်နှာတွေမှာ ဒဏ်ရာတွေရတယ်။ ပွဲချင်းပြီး ဆုံးသွားတာဗျ “ ဟု ၎င်း ကပြောသည်။

အဆိုပါ ယာဉ်တိမ်းမှောက်ပြီး သေဆုံးသွားသူ နန်းအုန်းညွှန့်သည် ကျောက်မဲမြို့ ရပ်ကွက် ၁ ၊ နယ်မြေ ၆ တွင် နေထိုင်သည့် ဒေသခံ တစ်ဦး ဖြစ်ကြောင်း သိရသည်။
ထို့အပြင် သေဆုံးသူ နန်းအုန်းညွှန့်အား နမ့်ခုံးရှမ်းများ ပရဟိတအသင်းမှ သက်ဆိုင်ရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။












Leave a Comments