Thursday, April 25, 2024

ခေတ်မီလာတဲ့ ငွေညစ်ခြိမ်းခြောက်နည်းသစ်

Must read

“ဗုံးတလုံး၊ ကျည်တစ်တောင့်” ပုံကို Viber ကနေတဆင့် ငွေညစ်ခြိမ်းခြောက်မှုတွေဟာ အခုရက်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ကြားလာရပါတယ်။

ခြိမ်းခြောက်စာ

များသောအားဖြင့် အခုလို ခြိမ်းခြောက်ခံရမှုတွေဟာ သျှမ်းပြည်တဝှမ်းမှာ ဖြစ်ပျက်နေပြီး၊ အဓိက ပစ်မှတ်ခံရတဲ့ မြို့ကတော့ မြန်မာ – တရုတ်နယ်စပ် ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) တကြော မူဆယ်မြို့၊ နမ့်ခမ်းမြို့ နယ်တွေဖြစ်ပါတယ်။

အဲ့ဒီထဲမှာတော့ အိမ်ဆောက်လုပ်ရေးရောင်းဝယ်သူ၊ အိမ်ကုန်စုံဆိုင်၊ တည်းခိုခန်း၊ ဟိုတယ် နဲ့ တပိုင်တနိုင် စျေးဆိုင်ဖွင့် ထားတဲ့သူတွေဆီကို Viber မှတဆင့်ပေးပို့တာ၊ လူမှုကွန်ရက် မက်ဆင်ဂျာနဲ့ ဖုန်း SMS ကနေပေးပို့တာ တွေရှိပါတယ်။

“ဗုံးတစ်လုံး ကို ဓာတ်ပုံရိုက်ပြီး Viber ကနေ စာပို့ပေးတယ်။ ပိုက်ဆံ သိန်း (၂၀၀) ပေးဖို့ ပြောတယ်။ မပေးရင် ဆိုင်ကို ဗုံးဖောက်ခွဲ ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ တောင်းတဲ့ ငွေမပေးရင် အိမ်ရော ဆိုင်ရော ဒုက္ခရောက် သွားမယ် လို့ပြောတယ်” ဟု ခြိမ်းခြောက်ငွေတောင်းခံရတဲ့ မူဆယ်မြို့ အိမ်ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ရေး လုပ်နေတဲ့ ဦးနေလ (နာမည်လွဲ) က ပြောပါတယ်။

ခြိမ်းခြောက်စာ

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) အမည်ခံထားတဲ့ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုဟာ လက်နက်ခဲယမ်းဝယ်ယူရန် အတွက်ဟုဆိုကာ ခြိမ်းခြောက် ငွေတောင်းလာတာ စစ်အာဏာသိမ်းမှု နောက်ပိုင်း ပိုပြီး ကျယ်ပြန့်လာပါတယ်။

အဲ့ထဲမှာ ဦးနေလရဲ့ အိမ်ဆောက်လုပ်ရေး ရောင်းတဲ့ဆိုင်ကိုလည်း ပြီးခဲ့တဲ့ မတ် ၁၆ ရက်မှာ ဆိုင်ရဲ့ Viber ဖုန်းနံပါတ် ကနေ တစ်ဆင့် ပိုက်ဆံ သိန်း (၂၀၀) ကို ခြိမ်းခြောက် တောင်းတာခံရတယ်။

အခုလို နိုင်ငံရေး ရှုပ်ထွေးတဲ့ အခြေအနေတွေကြောင့် သက်ဆိုင်ရာကို တိုင်ကြားရန် နဲ့ ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့ကလည်း ခက်ခဲနေကြောင်း ဦးနေလ က ဆိုပါတယ်။

“ပိုက်ဆံကို မပေးရင် ဆိုင်ကို ဗုံးဖေါက်ခွဲမယ်ဆိုတော့ ကျနော်တို့ မိသားစုဝင်တွေ သာမကဘူး အလုပ်သမားတွ ဆိုင်ဝန်ထမ်းတွေလည်း ကြောက်ကြတယ်။ တခြားသူတွေကို သွားပြီး မတိုင်ပင်ရဲဘူး။ စစ်ကောင်စီတွေ၊ ရဲတွေ တိုင်ရင် ပိုဆိုးသွားမယ်လို့ ခြိမ်းခြောက်ထားတယ်” လို့ ဦးနေလက သူကြုံတွေ့တာတွေကို ပြောပါတယ်။

မူဆယ်မြို့

လက်နက်ဗုံး တစ်လုံး ရဲ့ ဓါတ်ပုံ နဲ့ အတူတူ PDF လို့ နာမည်ခံပြီး ပိုက်ဆံခြိမ်းခြောက်မှု ပြုလုပ်နေပေမဲ့ ဘယ်သူ က အဓိက လုပ်ဆောင်နေတာကို သိဖို့က ခက်ခဲတယ်လို့ ပြောပါတယ်။

အလားတူ အိမ်ဆိုင်ဖွင့်ထားတဲ့ နန်းလှ (အမည်လွှဲ)ရဲ့ ဆိုင်ကိုလည်း အမည်မသိ လက်နက်ကိုင် တဖွဲ့က Viber ကနေ တဆင့် ခြိမ်းခြောက်ပြီး ငွေတောင်းဆိုလာပါတယ်။

အဲ့ဒီလို တောင်းဆိုတဲ့ အဖွဲ့ကလည်း ဘယ်လက်နက်ကိုင်ဆိုတာ မသိရှိတဲ့အပြင် တိုင်ကြားပါက အခြေအနေ ဆိုးရွား လာမှာကို ကြောက်တဲ့အတွက် နန်းလှ တစ်ယောက်ဟာ တိုင်ကြားမှု မပြုလုပ်ခဲ့ရပါဘူး။

“ ကျမရဲ့ဆိုင်ကို သိန်း (၂၀) တောင်းတယ်။ ဖုန်းနံပါတ် ရေးလာပေးတယ်။ အဲ့မှာ ဖုန်းဆက်ပြီး သူတို့ ချိန်းတဲ့နေရာ သွားပေးရတယ်။ မပေးရင် ဗုံးလာခွဲမယ်ဆိုတော့ ပေးလိုက်ရတာပဲလေ။ မူဆယ်မြို့က တကယ်လုပ်တာဆိုတော့ ကြောက်တယ်လေ” လို့ နန်းလှက ဆိုပါတယ်။

မူဆယ်မြို့

ဗုံးတစ်လုံး နဲ့ ခြိမ်းခြောက်မှု ပြုလုပ်နေတဲ့အပြင် မူဆယ်မြို့မှာ ကလေး ပြန်ပေးဆွဲမှုတွေလည်းရှိလာပြီး လက်ရှိ အနေအထားအရ မြန်မာနိုင်ငံမှာ ဥပဒေ စိုးမိုးရေးမရှိတဲ့အတွက် အချို့ ငွေကြေး ရှိတဲ့သူတွေဟာ ကြောက်ရွံ့မှုကြောင့် အခြားဒေသသို့ ရွှေ့ပြောင်းနေထိုင်ကြပါတယ်။

“ ခြိမ်းခြောက်ခံရတော့ စိတ်ဓာတ်တွေလည်း ကျတယ်။ တခြားသူတွေလိုမျိုး နယ်မြေပြောင်းရင် ကောင်းမလားဆိုပြီး တွေးတယ်။ တခါရရင် နောက်တခါထပ်တောင်းမှာကိုလည်း စိုးရိမ်တယ်။ တောင်းတဲ့ သူကလည်း ဘယ်သူဘယ်ဝါမှန်းမသိ၊ ခုခေတ်က ဘယ်သူမဆို ဖြစ်နိုင်တာလေ။ အခုထိတော့ ပိုက်ဆံ မပေးဖြစ်သေးဘူး” လို့ ဦးနေလ က လက်ရှိ အခက်အခဲကို ပြောပြလာပါတယ်။

အချို့လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဆိုတဲ့ နာမည်ကို အလွှဲသုံးစားလုပ်ကာ ပြည်သူတွေထံ ငွေကြေးတောင်းဆိုမှုတွေ၊ ခြိမ်းခြောက်မှုတွေ ပြုလုပ်တာတွေရှိကြောင်း၊ အချို့မှာ ဗုံးတစ်လုံး၊ ကျည်တောင့် တစ်တောင့် နဲ့ ခြိမ်းခြောက်စာ ပို့ခံရတာတွေ ရှိပါတယ်။

“ PDF ကပါ ဆိုပြီးတော့ ကျနော်တို့ဆီကို စာပို့ပြီး ခြိမ်းခြောက်တယ်၊ မပေးရင် ကိုယ့်အသက်ကို ဂရုစိုက်ဆို ပြီးတော့ပြောတယ်။ ကျနော် တို့ကို တောင်းတာက သိန်းငါးဆယ်ပါ၊ အဲ့ဒီ ပိုက်ဆံကို သူတို့ပြောထားတဲ့ နေရာကို သွားချပေးရမယ်” လို့ သိန္နီမြို့မှ ခြိမ်းခြောက်မှု ကြုံခဲ့ရသူ စိုင်းမောင် က ပြောပါတယ်။

ခြိမ်းခြောက်စာ

နိုင်ငံရေး ရှုပ်ထွေးမှု ပြည်သူတွေက PDF ကိုယုံကြည်ကာ လှူဒါန်းနေမှုကို အခွင့်ကောင်းယူပြီး တမြင်သက်သက် ငွေညစ်လုပ်စားနေတဲ့ အဖွဲ့အစည်းတွေကိုလည်း နယ်မြေခံ တိုင်းရင်းသားလက်နက်ကိုင်တွေ အနေနဲ့ ဖော်ထုတ်ပေးစေချင်ကြောင်းလည်း သျှမ်းပြည်သူတွေက တောင်းဆိုလိုက်ပါတယ်။

အရင်က ထုန့်မောဝ်ဒေသ မူဆယ်မြို့နယ်အတွင်းမှာ သွားလာလှုပ်ရှားခဲ့ဖူးတဲ့ ပြည်သူ့လုံခြုံရေး နှင့် ကာကွယ်ရေး တပ်ဖွဲ့ PSDA တပ်ဖွဲ့ကို ဖေဖော်ဝါရီ ၁၉ ရက်က တရားဝင်ဖျက်သိမ်းလိုက်ပြီးနောက်မှာတော့ လက်ရှိမှာတော့ လက်နက်ကိုင် တော်လှန်ရေး အင်အားစု အဖြစ် မူဆယ်ဗျူဟာကို အသစ်ထပ်မံ ဖွဲ့စည်းလိုက်ပါတယ်။

မူဆယ်ဗျူဟာ ဟာ အရင် ၂၀၂၂ ခုနစ် ဒီဇင်ဘာ ၁၈ ရက်မှာ ဖွဲ့စည်းခဲ့ပြီး အခု မူဆယ်နယ်မြေတဝိုက်မှာ ဖြစ်ပွားနေတဲ့ ဗုံးတစ်လုံး ကျည်တစ်တောင့် ခြိမ်းခြောက် ငွေညစ်တဲ့ကိစ္စဟာ မူဆယ်ဗျူဟာ မလုပ်ဆောင်ကြောင်း တပ်ဖွဲ့မှ ဝာာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ ကျနော်တို့ အခု မူဆယ်ဗျူဟာက အခုလိုမျိုး ပြည်သူတွေဆီကို စာပို့ပြီး ခြိမ်းခြောက်ငွေတောင်းတာမျိုးတော့ မလုပ်ရဘူး” လို့ တာဝန်ရှိသူက ပြတ်သားစွာ ပြောဆိုလိုက်ပါတယ်။

ကိုဗစ် – ၁၉ နဲ့ အာဏာသိမ်းမှု နောက်ဆက်တွဲ ပဋိပက္ခကြောင့် မြန်မာတဝှမ်းလုံးနည်းတူ သျှမ်းပြည် နယ်စပ်တကြောဟာ ကုန်သွယ်ရေး ၊ စီးပွားရေး နဲ့ ဒေသခံတွေရဲ့ ရောင်းဝယ်ရေးတွေက ကြပ်တည်း ခက်ခဲလာခဲ့ပါတယ်။

လက်နက်တွေကို အလွယ်တကူ ဝယ်ယူနိုင်တဲ့ နယ်စပ်ဖြစ်တဲ့အလျောက် ဓားပြတိုက်မှု၊ လက်နက်ကိုင် ခြိမ်းခြောက်မှုဟာ ရှေ့ဆက်ပိုပြီး ရှုပ်ထွေးလာနိုင်ကြောင်း သျှမ်းလူထုက မှတ်ချက်ပြုလိုက်ပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းမှု ဖြစ်စဥ် ၂ နှစ်တာ ကာလအတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အခွန် (ဆက်ကြေး) တောင်းယူမှုတွေ ကလည်း အရင်ကထက် နှစ်ဆကျော် ရှိလာတဲ့အပြင် လက်နက်ကိုင်တပ်ဖွဲ့တိုင်းကို ထည့်ပေး နေရပါတယ်။

ခြိမ်းခြောက်စာ

“အခုနှစ်အတွင်းမှာ ဒီထုန့်မောဝ်တစ်လျောက် လက်နက်ကိုင် တပ်ဖွဲ့တွေ ဆက်ကြေး ကောက်တာ ဆက်တိုက် ဖြစ်နေတယ်။ ခြိမ်းခြောက်ပြီးတောင်း၊ စာပို့ပြီးတော့၊ တပ်သားလွှတ်ပြီးတောင်း စုံနေတာပဲ” လို့ ဉီးနေလ က ပြောပါတယ်။

စီးပွားရေး ကျဆင်းလာတဲ့ကြား အလုပ်အကိုင်မရှိတဲ့ကာလမှာ နည်းမျိုးစုံနဲ့ ဓားပြတိုက်မှုတွေ ဖြစ်လာရခြင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာ သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် နဲ့ သျှမ်းပြည်တောင်ပိုင်းက လဲချားမြို့တို့မှာ PDF နာမည်သုံးပြီး ငွေကြေးတောင်းခံမှုတွေ ရှိလာခဲ့ပါတယ်။

အဲ့ဒီသတင်းဖြစ်စဉ်ကို သျှမ်းသံတော်ဆင့် သတင်းဌာနက သတင်းထုတ်ဖော်ခဲ့ ပြီးနောက်မှာတော့ မိုင်းရယ် PDF တပ်ဖွဲ့လည်း ပျောက်ဆုံးသွားခဲ့ရပါတယ်။

ဒါ့ကြောင့် ပြည်သူတွေဟာ PDF အမည်ခံပြီး ငွေကြေးခြိမ်းခြောက်မှုမျိုးဖြစ်လာမှာကို စိုးရိမ်ကြောက်လန့်မှု ပြည်သူတွေက လက်ရှိဖြစ်နေတဲ့ ပြဿနာကို ပဟေဠိဆန်ဆန် ဖြစ်နေပါတယ်။

နိုင်ငံရေးရှုပ်ထွေးမှု တိုင်းရေးပြည်ရေး မငြိမ်သက်သရွေ့တော့ စီးပွားရေးကလည်း ကျဆင်းမယ်၊ ပြည်သူတွေကလည်း ဆင်းရဲဒုက္ခရောက်မယ်၊ အချို့ပြည်သူတွေကတော့ တရားမဝင်အလုပ်တွေနဲ့ ဝင်ငွေရတဲ့သူတွေလည်း အများကြီးပါ။

“ဒီလို နိုင်ငံရေး မကောင်းတဲ့အချိန်မှာ တရားမဝင်တဲ့ ကိစ္စတွေ၊ သတ်ကြဖြတ်ကြ ဓားပြတိုက်မှုတွေက ပိုဆိုးလာမှာပဲ။ နည်းမျိုးစုံသုံးပြီး လိမ်ညာမှုတွေလည်း ဆက်ရှိလာမှာ။ ဒီခေတ်က ပိုဆိုးတာပေါ့” လို့ သျှမ်းနိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးကပြောပါတယ်။

ခေတ်ကာလအဆက်ဆက် စစ်တပ်က အာဏာသိမ်းမှု ဖြစ်စဥ်ဖြစ်ပြီးနောက်ပိုင်းမှာ ဒီလို ခြိမ်းခြောက် ငွေတောင်းယူမှုတွေ၊ ဓားပြတိုက်မှုတွေ လူသတ်မှုတွေ တရားဥပဒေစိုးမိုးမှု မရှိတာတွေက ပိုပြီးဆိုးရွားကြောင်း ၎င်းက ဆိုပါတယ်။

“ ကျနော်တို့တွေဟာ လွတ်လပ်စွာ တရားဝင် နည်းလမ်း နဲ့ ရှာစားလို့မရတော့တဲ့ဘဝ၊ ကျနော်တို့တွေ နောက်ရက်တွေ ဘာဆက်ဖြစ်မှာလဲဆိုတာ စိုးရိမ်မှုတွေနဲ့ နေထိုင်ရတယ်။ ကြောက်ကြောက်နဲ့ စျေးရောင်းနေရတယ်” လို့ ဦးနေလ က လက်ရှိခံစားနေရတာကို ပြောလာပါတယ်။

နေ့ရက်တိုင်းမှာ ပူလောင်သောကတွေနဲ့ သာမာအာဇီဝ နဲ့ ရှာဖွေစားသောက်နေကြတဲ့သူတွေ၊ နောက်ပြီး တိုင်းပြည်အေးချမ်းပြီး စိုးရိမ်ပူပန်မှုမရှိဘဲ အသက်ရှင်ချင်ကြောင်း၊ သက်ဆိုင်ရာ အနေနဲ့လည်း ပြည်သူလုံခြုံရေးကို ဦးစားပေး စေချင်ကြောင်း သျှမ်းလူထုက ပြောဆိုလိုက်ပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article