Sunday, October 13, 2024

မိုးဗြဲမြို့ စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် တိုက်ခိုက်မှု၊ နေအိမ် အများအပြား ပျက်စီး

Must read

သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်ထဲတွင် စစ်ကောင်စီက ယနေ့ (ဧပြီ ၂၆) ရက် နံနက်ပိုင်းတွင် တိုက်လေယာဥ်ဖြင့် ဝင်ရောက်တိုက်ခိုက်သဖြင့် နေအိမ်အဆောက်အဦး အများအပြား ပျက်စီးကြောင်း စုံစမ်းသိရသည်။

Photo By – Karenni’s Voice

ယနေ့ (ဧပြီ ၂၆) ရက် နံနက် ၆ နာရီ ဝန်းကျင်မှစ၍ စစ်ကောင်စီက မိုးဗြဲမြို့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၁၀ နာရီဝန်းကျင်တွင် တိုက်လေယာဉ်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Mobye Recuse Team ထံမှ သိရသည်။

“ လူထိခိုက်မှုတော့ မရှိပါဘူး။ နေအိမ်တွေတော့ ပျက်စီးသွားတာ ရှိတာပေါ့။ ပျက်စီးမှုတွေ ဘယ်လောက်ရှိလဲတော့ အတိကျ မသိရသေးဘူး။ တကယ်တော့ မနက် ၆ နာရီ ဝန်းကျင်ကတည်းက သူတို့ ဝင်ပစ်နေတာ။ ၁၀ နာရီလောက်တော့ လေယာဉ်နဲ့ဝင်လာပစ်သွားတာ” ဟု Mobye Recuse Team မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အလားတူ စစ်ကောင်စီ နှင့် မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့သည် တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီး လက်ရှိ စစ်ရေးတင်းမာနေလျက်ရှိကြောင်း သိရသည်။

“ အခုတော့ တိုက်ပွဲငြိမ်သွားပြီ ။ ဖြစ်တာတော့ ၁၂ နာရီလောက်ထိပဲ ဖြစ်သွားမယ်ထင်တယ်။ အခုထိတော့ စစ်ရေးက တင်းမာနေတာတော့ ရှိတယ်။ ကျနော်တို့ မြို့ပေါ်ကလူတော့ တောမှာ ခနရှောင်သွားနေရတာတော့ရှိပါတယ်” ဟု မိုးဗြဲမြို့ ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ (ဧပြီ ၂၅) ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီက ဖယ်ခုံမြို့နယ်တွင်း စစ်ဘေးရှောင်စခန်းရှိ ဆေးရုံကို လေယာဉ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့သည့်အတွက်ကြောင့် ဆေးရုံပျက်စီးသွားခဲ့ရပြီး သူနာပြုအပါဝင် စစ်ရှောင် ၃ ဦး ထိခိုက်ခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article