အမျိုးသမီးတွေရဲ့ ကိုယ်ပိုင် အရည်အချင်းတွေကို ထုတ်ပြနိုင်ဖို့ အခွင့်အရေးပေးပါ

ကလေးငယ်တွေကို အင်္ဂလိပ်စာ နဲ့ သျှမ်းဘာသာစကားကို ဦးစားပေး သင်ကြားပေးနေတဲ့ ကျောက်မဲမြို့နယ်က ဆရာမ (မော်ဆွန်) နန်းမိုနွမ်းကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းနောင့်နောင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆရာမ နန်းမိုနွမ်း

ဆရာမ နန်းမိုနွမ်းဟာ ကလေး တစ်ယောက်ရဲ့ မိခင်ဖြစ်ပြီး၊ ကလေးတစ်ဖက်နဲ့ စာသင်ကြားနေတဲ့ သူလည်းဖြစ်ပါတယ်။

သျှမ်းအသိုင်းအဝိုင်းမှာ အမျိုးသမီးတစ်ယောက် အိမ်ထောင်ပြုပြီဆိုရင် အိမ်မှုကိစ္စရယ်၊ စားဝတ်နေရေးရယ် အဲ့ဒီလို ကိစ္စတွေမှာပဲ အချိန်တွေကို ကုန်ခမ်းစေခဲ့ပါတယ်။ အိမ်ထောင်ရေးမှာ အမျိုးသားတွေ ပတ်ဝန်းကျင်က နားလည်မှု မရှိပါက ရှေ့ဆက်လို့ မရနိုင်သလို အမျိုးသားတွေရဲ့ ဖေးမမှု၊ ကူညီမှု၊ ထောက်ပံ့ပေးမှုတွေက အရမ်း အရေးပါကြောင်း သူမက ဆိုပါတယ်။

သူမဟာ သျှမ်းပြည်၊ ကချင်ပြည် နဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာ သျှမ်းစာပေ မွမ်းမံသင်တန်း တွေ သင်ကြား ပို့ချပေးခဲ့သူလည်း ဖြစ်ပါတယ်။

လက်ရှိမှာဆိုတော့ Zune Nwe Youth Center ဖွင့်လှစ်ထားပြီး ကလေးငယ်တွေကို ဘယ်လိုသင်ကြားပေးနေလဲ၊ သင်ကြားမှု နဲ့ အိမ်မှုကိစ္စတွေကို ဘယ်လို ခွဲဝေ လုပ်ဆောင်နေရလဲ ဆိုတာကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ ပထမဆုံး အနေနဲ့ ဆရာမရဲ့ နာမည် နဲ့ အကြောင်းလေးကို မိတ်ဆက်ပေးပါအုံးရှင့်။

ဖြေ ။ ။ ကျမရဲ့ နာမည်က နန်းမိုနွမ်းလို့ ခေါ်ပါတယ်၊ ကျမက သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာမှာ မွေးဖွားခဲ့ပါတယ်၊ ၂၀၀၃ ခုနှစ်မှာ ကျမ ၁၀ တန်းအောင်ပြီးတော့ သျှမ်းစာပေ ဆရာဖြစ် မွမ်းမံသင်တန်းမှာ သင်တန်းတက်ခဲ့ပြီးတော့ နွေရာသီမှာ ကလေးငယ်တွေကို စာ စ သင်ပေးခဲ့ပါတယ်။ အဲ့အချိန်တုန်းက ကျမရဲ့ အလုပ်အကိုင်ကတော့ UNDP (Unite Nation Development Program) မှာ helping Hand အနေနဲ့ လုပ်ခဲ့တယ်ပေါ့။

အဲ့ဒီနောက် ၂၀၀၄ ခုနှစ်မှာ ကျမက မန္တလေးက ရတနာပုံတက္ကသိုလ်မှာ ဥပဒေနဲ့ အဝေးသင်တက်ခဲ့ပါတယ်။
၂၀၀၈ မှာ Kaw Dai Organization က ဖွင့်လှစ်တဲ့ Internship English Program Batch – 2 ကို တက်ရောက်ခဲ့ပါ တယ်၊ အဲ့ဒီ Program က အခုလိုမျိုး လူသိပ်မသိသေးပါဘူး။ အဲ့အချိန်မှာက သျှမ်းပြည် အနယ်နယ် အရပ်ရပ်မှာ ရှိတဲ့ သျှမ်းလူငယ် စုစုပေါင်း ၂၃ ယောက်နဲ့ အတူတူ တက်ရောက် သင်ကြားခဲ့ပါတယ်။

အဲ့အချိန်တုန်းက ကျမတို့ အတွက် စားစရိတ် ၊ နေစရိတ် ၊ ပညာသင်စရိတ်၊ ကျန်းမာရေး စတာတွေ အားလုံးကို Kaw Dai Organization က ပံ့ပိုးပေးပါတယ်ရှင့်။ ၂၀၁၀ ခုနှစ်မှာတော့ Kaw Dai Organization ရဲ့ ပံ့ပိုးမှုနဲ့ ကျမက Euro Burma Office က ပေးတဲ့ Scholarship ရခဲ့ပါတယ်။ အဲ့ဒီ Scholarship နဲ့ အိန္ဒိယနိုင်ငံမှာ Bachler Social Work ကို တက်ခဲ့ပါတယ်။

အဲ့ဒီ အိန္ဒိယကနေ ပြန်လာတဲ့ နောက်ပိုင်းမှာတော့ Shan State Population Collecting Committee (သျှမ်းပြည် လူဦးရေ စာရင်းကောက်ခံရေး ကော်မတီ) မှာ ရုံးထိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ သျှမ်းစာပေ ပညာရှင် လုံးစိုင်းဖ နဲ့အတူ သျှမ်းပြည် အနှံ့အပြားတွေ အပြင် ကချင်ပြည်နယ်တို့ ၊ မန္တလေးတိုင်းတွေကို သျှမ်းဆရာဖြစ် စာပေမွမ်းမံ သင်တန်းကို လိုက်လံပြီးတော့ သင်တန်းပို့ချပေးခဲ့ပါတယ်။

အခုတော့ ကျမက Zune New Youth Center ဖွင့်ပြီးတော့ လူငယ်တွေကို အင်္ဂလိပ်စာ သင်ကြား ပေးနေပါတယ်။

မေး ။ ။ အခု သင်ကြားရေး နဲ့ ပတ်သက်ပြီးတော့ ဆရာမ အနေနဲ့ ဘာတွေ လုပ်ဆောင်ဖြစ်နေလဲ ဆိုတာလည်း ပြောပြပေးပါအုံးရှင့်။

ဖြေ ။ ။ ဒီကလေးငယ်တွေကို သင်ကြားပေးနေတဲ့အပြင် နွေရာသီ သျှမ်းစာသင်တန်း ဖွင့်တော့မယ် ဆိုရင်လည်း သျှမ်းဆရာဖြစ် စာပေမွမ်းမံသင်တန်းတွေကိုလည်း သွားပြီးတော့ သင်တန်းတွေ ပို့ချပေးတာပေါ့နော်။ ပြီးတော့ နွေရာသီ သင်တန်းတွေမှာ English Speaking ပိုင်းကို တာဝန်ယူပြီးတော့ သင်ကြားပေးပါတယ်ရှင့်။

မေး ။ ။ လက်ရှိဖွင့်နေတဲ့ Zune New Youth Center မဖွင့်ခင်မှာ ဆရာမက ဘယ်နေရာတွေမှာ သင်ကြားပေးခဲ့ဖူးလဲရှင့်။

ဖြေ ။ ။ ဒီသင်တန်းမဖွင့်ခင်တုန်းက ဆိုရင်တော့ Kaw Dai က ဖွင့်လှစ်တဲ့ အမျိုးသားကျောင်းပေါ့နော်၊ သျှမ်းအမျိုးသားကျောင်းမှာ ဆရာမ လုပ်ခဲ့တယ်၊ ပန်လျန်းဆိုင်က ဖွင့်တဲ့ မူကြိုကျောင်းမှာ မူကြိုဆရာမ လုပ်ခဲ့တယ်။ ပြီးတော့ နွေရာသီမှာဆိုရင်တော့ သျှမ်းစာကို လိုက်လံ သင်ကြားပေးပါတယ်ရှင့်။

မေး ။ ။ အခု ဆရာမ ဖွင့်နေတဲ့ Zune New Youth Center မှာ ဘယ်လို သင်ရိုးညွှန်းတမ်း ဘယ်လို ပုံစံ နဲ့ သင်ကြားပေးနေလဲရှင့်။

ဖြေ ။ ။ ဒီသင်တန်းမှာကျတော့ ကျမတို့က English Speaking အဓိကထား သင်ကြားပေးပါတယ်ရှင့်။ အဲ့ဒီထဲမှာ ကျတော့ Jolly Phonics , Vocabulary building , Sight words , Vowel combination, syllable count and stress , Reading , Grammar , Basic speaking , Songs တွေကို သင်ပေးပါတယ်ရှင့်။

မေး ။ ။ အရင်တုန်းက ကျောင်းသား အကြီးတွေကို သင်ကြားပေးရတာနဲ့ အခုလိုမျိုး အငယ်တွေကို သင်ကြားပေးရတာ ဘယ်လိုမျိုးကွာခြားလဲရှင့်။ ဘာအခက်အခဲတွေ ကြုံရလဲ။

ဖြေ ။ ။ အရမ်းကို ကွာခြားပါတယ်၊ ဘာြဖစ်လို့လဲဆိုရင်တော့ ကျောင်းသားအကြီးတွေကို သင်ကြားပေးတဲ့ အချိန်မှာ ကျမတို့က Lesson Plan တွေကို ချပြီးတော့ ဒီတစ်ပတ် ဘာပြီးအောင် သင်မလဲ ဆိုပြီးတော့ Lesson Plan အတိုင်းသွားလို့ ရပါတယ်၊ ဒါပေမဲ့ ဒီကလေးငယ်တွေကို သင်ကြားပေးတဲ့ အချိန်မှာကျတော့ ကလေးတွေရဲ့ စိတ်ဝင်စားမှုပေါ်ကို မူတည်ပြီးတော့ ကျမတို့က သင်ကြားပေးရတာလေ၊ ကျမတို့ သင်ချင်တိုင်းသင်လို့ မရဘူး၊ ကလေးတွေ စိတ်ဝင်စားရာကို ဦးစားပေးပြီး သင်ရပါတယ်။

နောက်ပြီးတော့ အကြီးတန်းတွေကို သင်ပေးတဲ့ အချိန်မှာ အကြီးတန်းကျောင်းသားတွေက သူတို့နားမလည်တာ သူတို့ ကို ချက်ချင်းပြန်မေးတယ်၊ ဒါပေမဲ့ ကလေးငယ်တွေကျတော့ သူတို့သိလား၊ မသိလား သူတို့ ပြန်မပြောတတ်ဘူး၊ သူတို့နားလည်လား နားမလည်ဘူးလားဆိုတာကိုလည်း ကိုယ် မသိနိုင်ဘူး၊ အဲ့လိုမျိုးတွေလေနော်။ သူတို့ နားလည်ဖို့ အတန်တန်အခါခါ ပြောပေးရတယ်၊ ပြီးရင် ဓါတ်ပုံနဲ့၊ ကဒ်လေးပြပြီးတော့ သင်ပေးရတယ်၊ အဲ့လိုမျိုးတွေပေါ့၊ ဒီနေ့မရရင် နောက်ထပ်မနက်ဖြန်မှာလည်း ဒီသင်ခန်းစာကိုပဲ ပြန်ပြန်သင်ပေးရတာပေါ့နော်။ အဲ့လိုမျိုး ကိုယ့်ရဲ့ Lesson Plan အတိုင်းတော့ သွားလို့မရဘူးပေါ့။

မေး ။ ။ ကလေးငယ်တွေရဲ့ အခြေခံ ပညာရေးကောင်းမွန်ဖို့က ဘယ်လောက်ထိ အရေးကြီးတယ်လို့ ဆရာမ ထင်လဲရှင့်။

ဖြေ ။ ။ ကလေးငယ်တွေရဲ့ အခြေခံက တအားကို အရေးကြီးပါတယ်။ အခြေခံကောင်းတဲ့ ကလေးဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတယ်၊ သင်ကြားမှုမှာလည်း အာရုံစိုက်နိုင်တယ်၊ အဲ့ဒါကြောင့် ကလေးတွေ ငယ်ငယ်ကတည်းက အခြေခံ ကောင်းမွန်အောင် ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။

မေး ။ ။ နိုင်ငံတကာ အဆင့်မီ တက္ကသိုလ်ကျောင်းတွေမှာ ကျောင်းပြီးခဲ့သူ ဆရာမက ကလေးတွေကို သင်ကြားပေးရေးတဲ့ အပိုင်းမှာ ဘယ်လို စိတ်ဝင်စားဖြစ်ခဲ့လဲရှင့်။

ဖြေ ။ ။ ကျမ ဘာကြောင့် ဒီသင်ကြားရေးပိုင်းကို ရွေးဖြစ်ခဲ့လဲ ဆိုရင် အခု ကျမတို့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကြည့်လိုက်မယ်ဆိုရင် သူများက International ကျောင်းတွေ အများကြီး ဖွင့်လှစ်ခဲ့တယ်၊ Jolly Phonics ဆိုရင် ကိုယ့် committee ထဲ သွားပြောလိုက်ရင် တော်တော်များများက မသိကြသေးပါဘူးရှင့်။ အခုဆိုရင်လည်း အင်္ဂလိပ်စာ တအား ခေတ်စားနေပြီလေနော်၊ အဲ့ကြောင့် ကိုယ့်ဒေသအတွင်းက တခြားနေရာဒေသကို ကျောင်းသွားမတက်နိုင်တဲ့ ကလေးတွေ၊ တခြားနေရာ မသွားရအောင်၊ လွယ်လွယ်ကူကူ နဲ့ သင်နိုင်အောင် ဆိုပြီးတော့ အဲ့လိုတွေနဲ့ ဒီသင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ပါတယ်ရှင့်။

မေး ။ ။ လက်ခံသင်ကြားပေးနေတဲ့ ကလေးငယ်တွေကိုရော ဘယ်လို သတ်မှတ်ပြီးတော့ ဘယ်လို သင်ကြေားပေးနေလဲရှင့်။

ဖြေ ။ ။ ကျမတို့က ကလေးငယ်တွေကို ၄ နှစ်ကနေ ၈ နှစ်၊ ၈ နှစ်ကနေ ၁၂ နှစ်၊ ၁၂ နှစ် ကနေ ၁၄ နှစ် အဲ့လိုမျိုး ပိုင်းခြားပြီးတော့ လက်ခံ သင်ကြားပေးနေပါတယ်။ အခုက ကလေး စုစုပေါင်း ၁၃၀ ကျော်ရှိနေပါတယ်။ ၄ နှစ်ကနေ ၈ နှစ် ကလေးတွေကို ကျမတို့က ၁၅,၀၀၀ ကျပ် ယူပါတယ်၊ ၈ နှစ်အထက် ကလေးတွေကိုတော့ ကျမတို့က သင်တန်းကျေး ၃၀,၀၀၀ ကျပ် ယူပါတယ်ရှင့်။ တစ်လစာပေါ့နော်။ ဒါက စာရွက်စာတန်းဖိုးတွေ အကုန်ပါပြီးသား ၊ Music ချိန်အတွက်ရောပေါ့။ သင်တန်းချိန်က ၃ လပါ။

မေး ။ ။ အမျိုးသမီးတစ်ယောက်အနေနဲ့ အိမ်မှုကိစ္စတွေ တစ်ဖက်နဲ့ သင်ကြားရေးက တစ်ဖက်လုပ်ဆောင်နေရတဲ့ အတွက် အချိန်အခက်အခဲတွေ ကြုံရလားရှင့်။

ဖြေ ။ ။ ကျမဆို မနက်အစောကြီး ထရတယ်၊ ကျမတို့ အတန်းက မနက် ၇ နာရီခွဲ စတယ် ဆိုတော့ အဲ့ ဒီ ၇ နာရီခွဲ မတိုင်ခင်မှာ ကလေးအတွက်ရော၊ အိမ်သားတွေအတွက်ရော ထမင်းဟင်း ထချက်ပေးရတယ်၊ ပိုဆိုးတာ ကတော့ ကလေးနေမကောင်းတဲ့ အချိန်မှာပေါ့နော်။ အဲ့အချိန်မှာဆို တအား အခက်အခဲ ရှိပါတယ်။ ကလေးက ဂျီကျတယ်၊ ကျောင်းသားတွေက ရောက်နေပြီ အဲ့လိုမျိုးတွေဆို ကလေးတစ်ဖက်နဲ့ စာသင်ပေးရတော့ သိပ်တော့ အဆင်မပြေဘူးရှင့်။

ဒါပေမဲ့ ကိုယ့်ကိုယ်ကိုလည်း အားပေးရင်းနဲ့ တစ်ဖက်တစ်လမ်းကလည်း ကျမရဲ့ အမျိုးသားက ကျမကို အကူအညီ ပေးပါတယ်ရှင့်။ အခက်အခဲတွေ ကြုံလာပြီဆိုရင်လည်း နှစ်ယောက်သား အတူတူတိုင်ပင် ဖေးမ ကြရင်း ရင်ဆိုင် ကျော်ဖြတ်ခဲ့ပါတယ်ရှင့်။

မေး ။ ။ လူမှုပတ်ဝန်းကျင်မှာ အမျိုးသမီးတစ်ယောက်ရဲ့ ပါဝင်လုပ်ဆောင်နိုင်မှု စွမ်းအား နဲ့ ပတ်သက်ပြီး ဆရာမ အနေနဲ့ ဘယ်လို မြင်မိလဲရှင့်။

ဖြေ ။ ။ ကျမတို့ အသိုင်းအဝိုင်းမှာ အထူးသဖြင့် ကျမတို့ သျှမ်းအသိုင်းအဝိုင်းမှာ အမျိုးသမီးတစ်ယောက် အိမ်ထောင်ပြုပြီဆိုရင် အိမ်မှုကိစ္စရယ်၊ စားဝတ်နေရေးရယ် အဲ့ဒီလို ကိစ္စတွေမှာပဲ သူတိုရဲ့ အချိန်တွေကို ကုန်ခမ်းစေတာလေနော်။ အမှန်ဆိုရင် အဲ့ဒီအမျိုးသမီးတွေမှာဆိုရင် သူတို့ရဲ့ လုပ်နိုင်စွမ်းနဲ့ ကိုယ်ပိုင် အစွမ်းအစ၊ အရည်အချင်းတွေ ရှိပါတယ်။ အဲ့ဒါကြောင့် ကျမတို့ရဲ့ Committee မှာ အဲ့လိုအမျိုးသမီးတွေရဲ့ ကိုယ်ပိုင် အရည်အချင်းတွေကို ထုတ်ပြနိုင်ဖို့ အခွင့်အရေးတွေ ဖေးမပေးမယ် လမ်းပြပေးမယ်ဆိုရင်လည်း အဲ့ဒီ အမျိုးသမီးတွေအတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာပြီးတော့ အများအကျိုးအတွက်လည်း သင့်တင့်မျှတပြီးတော့ လုပ်နိုင်သွားမယ်လို့ ကျမ မြင်ပါတယ်ရှင့်။

မေး ။ ။ အမျိုးသမီးတစ်ယောက်အနေနဲ့ လူမှုအကျိုးပြုတဲ့ ရပ်ဝန်းမှာ၊ ကိုယ့်ကိုယ်ကို ရပ်တည်နိုင်အောင် လုပ်ဆောင်တဲ့ အခန်းကဏ္ဌတွေမှာ ပတ်ဝန်းကျင်နဲ့၊ သူတို့ရဲ့ အမျိုးသားရဲ့ ပံ့ပိုးကူညီဆောင်မှုက ဘယ်လောက်အရေးပါသလဲ။

ဖြေ ။ ။ အရမ်းကို အရေးပါ ပါတယ်။ ကိုယ်လုပ်တဲ့ အလုပ်က ကိုယ့်အမျိုးသား၊ ကိုယ့်ပတ်ဝန်းကျင်က နားမလည်ဘူးဆိုရင် ဘယ်လိုမှ ရှေ့ဆက်လို့ ရနိုင်မှာ မဟုတ်ပါဘူး။ သူတို့ဖေးမပေးမှ၊ သူတို့နားလည်ပေးမှ ကျမတို့က လုပ်နိုင်လို့လေ၊ အဲ့ဒါကြောင့်မို့ သူတို့ရဲ့ ဖေးမမှု၊ ကူညီမှု၊ ထောက်ပံ့ပေးမှုတွေက အရမ်းကို အရေးပါ ပါတယ်ရှင့်။

မေး ။ ။ ဆရာမရဲ့ သင်တန်းကျောင်းကို စိတ်ဝင်စားပြီး ကလေးတွေကို လာရောက်အပ်နှံချင်တဲ့ ရပ်ဝေးက ကျောင်းသားမိဘတွေကိုရော ဆရာမ အနေနဲ့ ဘာပြောချင်လဲရှင့်။

ဖြေ ။ ။ အခုလောလောဆယ်တော့ ရပ်ဝေးကကျောင်းသားတွေကို လက်ခံဖို့တော့ အစီအစဥ်မရှိသေးပါဘူး၊ ဒါပေမဲ့ နောက်ကျရင်တော့ ဖြစ်နိုင်အောင် ကြိုးစားမှာပေါ့နော်။ တကယ်လို့ လုပ်ဖြစ် လာနိုင်တဲ့ အခါကျရင် သတင်းပေးပါ့မယ်ရှင့်။

မေး ။ ။ ထပ်မံဖြည့်စွက်ပြောချင်တာများရှိရင်လည်း ပြောပေးပါအုံး။

ဖြေ ။ ။ မရှိတော့ပါဘူးရှင့်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...