ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ရှိ ညပိုင်း စားသောက်ဆိုင်တခုတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား (၁၅) ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း စုံစမ်းသိရှိရသည်။

ဧပြီ (၂၄) ရက် ယမန်နေ့ ညပိုင်းက ချင်းမိုင်မြို့ ချန့်ဖိတ်အုပ်စု (လမ်းပန်း – ချင်းမိုင် ကားလမ်းမပေါ်) ရှိ ယမကာ Bar နှင့် စားသောက်ဆိုင်တခုအား ထိုင်းလဝက နှင့် ရဲများက ဝင်ရောက် စစ်ဆေးရာ အဆိုပါ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၁၅ ဦး အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
“အဲ့ဒီဆိုင်ကို ဝင်ရောက် စစ်ဆေးတော့ ထိုင်းလူမျိုး (၃) ယောက် နဲ့ အသက် (၁၈) နှစ်မပြည့်သေးသူ၊ အထောက်အထားမဲ့ အလုပ်သမားတွေကို အလုပ်ခိုင်းထားတဲ့အတွက်ကြောင့် စုစုပေါင်း ၁၈ ယောက်ကို ဖမ်းဆီးခဲ့တယ် ” ဟု ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန၏ Chiangmai Immigration ဖေ့စ်ဘုတ်ပေ့ချ်တွင် ထုတ်ပြန်ကြေငြာထားသည်။

ဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၅ ဉီးတွင် အလုပ်လုပ်ခွင့်ကတ်၊ နေထိုင်ခွင့်အထောက်အထားများမရှိ၊ မပြည့်စုံသော်လည်း တစ်ပတ်ဝင်ငွေမှာ သောင်းချီရှိကြောင်းလည်း Chiangmai Immigration မှ ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံ အလုပ်သမားထိန်းချုပ်ရေးဌာန၏ ပေါ်လစီအရ ရှေ့ဆက်တွင်လည်း ရွှေ့ပြောင်းအလုပ်သမားများအား ဆက်လက်ဝင်ရောက် စစ်ဆေးသွားမည်ဖြစ်ကြောင်း ၄င်းတို့က ရေးသားဖော်ပြထားသည်။
အလားတူ ပြီးခဲ့သည့် ဧပြီ (၂၃) ရက်တွင်လည်း ထိုင်းအာဏာပိုင်များမှ မဲဆောက်မြို့နယ်အတွင်းဝင်ရောက် စစ်ဆေးရာ စာရွက်စာတမ်း အထောက်အထား ပြည့်စုံမှု မရှိသည့် ရွှေ့ပြောင်းအလုပ်သမား (၁၃) ဦး ထပ်မံဖမ်းဆီးခဲ့သည်။
ထို့အတွက်ကြောင့် မြန်မာနိုင်ငံမှလာသော ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် စာရွက်စာတမ်းမပြည့်စုံပါက သတိထားဆင်ခြင်သွားလာဖို့ နှင့် ထိုင်းနိုင်ငံအစိုးရ၏ စည်းမျဉ်းဉပဒေအတိုင်း လိုက်နာဆောင်ရွက်ဖို့လည်း ချင်းမိုင်မြို့ ရွှေ့ပြောင်းအလုပ်သမားကူညီရေးအဖွဲ့က သတိပေး ပြောဆိုလိုက်သည်။












Leave a Comments