သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့ အရှေ့ဘက်ခြမ်းရှိ ကျေးရွာအတွင်း ယနေ့ (ဧပြီလ ၇ ရက်) နံနက် ၆ နာရီ ဝန်းကျင်အချိန်က စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ နေအိမ် နှင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ (ဧပြီလ ၇ ရက်) နံနက် ၆ နာရီဝန်းကျင်အချိန် စစ်ကောင်စီတပ်ဖွဲ့၊ ရေကာတာ ၄၂၂ တပ်မှ မိုးဗြဲအရှေ့ဘက်ခြမ်းရှိ ကျေးရွာအတွင်းကို ၁၂၀ မမ နှင့် ၈၁ မမ များဖြင့် ရမ်းသမ်းပစ်ခဲ့ကြောင်း အသက် ၂၅ နှစ်အရွယ်ရှိ ကိုဂျိုးဇက် ၎င်းဇနီးဖြစ်သူ အသက် ၂၀ နှစ် ဒေါ်မိငယ်တို့ ကျည်စမှန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Jop for Kayah မှ တာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ တိုက်ပွဲက မဖြစ်ပါဘူးဗျ။ စကစ တွေက လက်နက်ကြီးတွေနဲ့ ရမ်းထုနေတာပါ။ ဒေသခံ နေအိမ်တွေကော ပျက်စီးတယ်။ ပြည်သူ ၂ ဦးလည်း လက်မှာ လက်နက်ကြီးအစ ထိပြီး ဒဏ်ရာရတယ် “ ဟု ၎င်းတာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်သော လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရသူ ပြည်သူ ၂ ဦးကို လက်ရှိမှာ ဆေးဝါးကုသပေးနေကြောင်း သိရသည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သား ပြည်သူကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်သည်မှာ စစ်ရာဇဝတ်မှုကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူများလည်း လုံခြုံရေးအတွက် စိုးရိမ်ကြောက်လန့်နေရကြောင်း သိရသည်။
“ စကစတွေ ထုတဲ့အသံတောင် အိမ်တွေတုန်တာဆိုတော့ ကျတဲ့နေရာဆို ဘယ်လိုနေကြမလဲဗျာ။ လုံခြုံရေးအတွက် စိုးရိမ်ကြောက်လန့်နေတာပေါ့ “ ဟု ၎င်း တာဝန်ခံတစ်ဦးက ထပ်လောင်းပြောသည်။
အလားတူ ပြီးခဲ့သည့် (ဧပြီလ ၃ ရက်) တွင်လည်း မိုးဗြဲမြို့ အရှေ့ဘက်ကမ်းရှိ ကျေးရွာများထဲတွင် စစ်ကောင်စီတပ်ဖွဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး၊ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNDF BO 3 က ထုတ်ပြန်ထားသည်။