Monday, May 6, 2024

နောင်ချိုမြို့က စစ်ကောင်စီ နှင့် PDF ကြား တိုက်ပွဲကြောင့် ကလေးငယ် နှစ်ဦးသေဆုံး၊ ဒဏ်ရာရသူလည်းရှိ

Must read

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တို့ အကြား ထိတွေ့တိုက်ပွဲကြောင့် ကလေးငယ် နှစ်ဦး သေဆုံးရသည့်အပြင် အရပ်သားများလည်း ထိခိုက်ဒဏ်ရာရကြောင်း သတင်းသိရသည်။

နောင်ချို

ယမန်နေ့ ဧပြီလ ၅ ရက်နေ့ ညနေပိုင်း ၄ နာရီခွဲဝန်းကျင်တွင် အာဏာသိမ်း စစ်ကောင်စီ နှင့် PDF ပူးပေါင်း တပ်ဖွဲ့ တို့က နောင်ချိုမြို့နယ် သံဘိုကျေးရွာ (ဝၢၼ်ႈသၢၼ်ႇၽူဝ်ႇ) အနီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီမှ ပစ်လိုက်သည့် လက်နက်ကြီး တစ်လုံးသည် အရပ်သား နေအိမ်ပေါ် ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများ က ပြောသည်။

“အိမ်ပေါ်ကို လက်နက်ကြီးက ကျကွဲတာ၊ ၁၁ လပဲ ရှိသေးတဲ့ ကလေးငယ် နဲ့ အသက် ၁၄ နှစ်အရွယ် သူ့အမ က သေဆုံးရတယ်၊ သူတို့ မိဘတွေကလည်း ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားကြတယ်၊ အခုတော့ ဒဏ်ရာ ရတဲ့သူတွေကို ပြင်ဦးလွင် ဆေးရုံမှာ ပို့ဆောင်ကုသထားတယ်” ဟု အမည်မဖော်လိုသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့မှ ကျေးရွာထဲ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် သေဆုံးရသည့် (၁၁) လအရွယ် ကလေးငယ်သည် စိုင်းဝါဝါထွန်း ဖြစ်ပြီး အသက် (၁၄) နှစ်အရွယ် အစ်မဖြစ်သူက နန်းမအေး ဖြစ်ကြောင်း ဒေသခံ များက ပြောသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားစဥ် အတွင်း စစ်ကောင်စီ တပ်ဖွဲ့သည် လက်နက်ကြီး ၁၂၀ မမ ကို ကုန်းညောင်ရွာဘက် ၁၀ လုံးထက်မနည်း ပစ်ခတ်သည့်အတွက် ကြံစိုက်ခင်း ၈ ဧက ထက်မနည်း မီးလောင် ပျက်စီးရပြီး လမ်းဘေး ကွမ်းယာရောင်းသည့် ဈေးသည်တစ်ဦးလည်း လက်နက်ကြီးစ ထိမှန် ဒဏ်ရာရသွားကြောင်း ဒေသခံများက ဆက်ပြောသည်။

“လက်နက်ကြီး ကျလို့ မီးလောင်ရာကနေ မီးညွှန့်က ကြံခင်းတွေဘက် ကူးသွားတာ၊ ပြည်သူ့ ကြံခင်း စုစုပေါင်း ၈ ဧကလောက်မီးထဲပါသွားတယ်၊ ဒါတောင် မသိရသေးတဲ့ဟာလည်း ရှိသေးတယ်၊ ပြီးတော့ ကုန်းညောင်ရွာက ကွမ်းယာရောင်းတဲ့ ဈေးသည်ကိုလည်း လက်နက်ကြီးစ ထိမှန်သွားတယ်၊ ဆေးရုံပို့ထားတယ်” ဟု အထက်ပါ အမျိုးသားက ဆက်လက်ပြောဆိုသည်။

နောင်ချိုမြို့နယ် သံဘိုရွာ (ဝၢၼ်ႈသၢၼ်ႇၽူဝ်ႇ) အနီးတွင် အာဏာသိမ်း စစ်ကောင်စီ နှင့် PDF ပူးပေါင်းတပ်ဖွဲ့ တို့က မွန်းလွှဲပိုင်း ၃ နာရီမှ ၄ နာရီကျော် အထိ ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ခဲ့ပြီး တိုက်ပွဲငြိမ်သွားသည့် ညနေ ၆ နာရီဝန်းကျင်တွင် စစ်ကောင်စီ တပ်ဖွဲ့ ကျေးရွာအတွင်း လာရောက်နေရာ ယူထားကြောင်းလည်း သိရသည်။

လက်ရှိအချိန်သည် နောင်ချိုမြို့ အတွင်း လှုပ်ရှားနေသည့် စစ်ကောင်စီတပ်သည် အင်အား ၅၀၀ နီးပါးရှိနေပြီး ၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၄၀၀ ထက် မနည်းရှိနေကြောင်းလည်း ပြောဆိုနေကြသည်။

ထိတွေ့ ဖြစ်ပွားမှုကြောင့် ဒေသခံများ တချို့သည် နေရပ်စွန့်ခွာကာ စစ်ရှောင်ထွက်ပြေးနေရကြောင်းလည်း အမည် မဖော်လိုသူ လူငယ် တစ်ဦးက သျှမ်းသံဝောာ်ဆင့်ကို ပြောသည်။

“ဒေသခံတွေက မြို့ပေါ်ကို ထွက်ပြေးကြတယ်၊ အမျိုးရှိတဲ့သူက အမျိုးတွေဆီပြေးတာ၊ အမျိုးမရှိတဲ့သူတွေက အိမ်ငှားနဲ့ သွားနေရတယ်၊ ဒီအခြေအနေကို ကြည့်ရင် PDF နဲ့ စစ်ကောင်စီတွေက နောင်ချိုမြို့ထဲမှာ စစ်မျက်နှာ လာဖွင့်နေကြတာ၊ ခံရတာကတော့ ပြည်သူတွေပေါ့” ဟု အမည် မဖော်လိုသူ လူငယ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ရှောင်ထွက်ပြေးနေရသည့် အရပ်သား ပြည်သူများသည် နောင်ချိုမြို့နယ် ကုန်းကြီးကျေးရွာအုပ်စု ဟိုခဲကျေးရွာ၊ ရေဦးကျေးရွာ၊ လွယ်ငင်းကျေးရွာ၊ ကုန်းညောင်ကျေးရွာ၊ ကုန်းကြီးကျေးရွာ၊ သံဘိုရွာ (ဝၢၼ်ႈသၢၼ်ႇၽူဝ်ႇ) အုပ်စုမှ သံဘိုရွာ (ဝၢၼ်ႈသၢၼ်ႇၽူဝ်ႇ)၊ ဘန့်ဘွေးကျေးရွာအုပ်စုမှ အင်းမရွာ တို့မှ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့ မနက်ပိုင်းမှာလည်း နောင်ချိုမြို့နယ် ကုန်းညောင်ကျေးရွာမှ ကြံစိုက်ခင်း သွားသည့် ဒေသခံ အမျိုးသား တစ်ဦးသည် မြေမြှုပ်မိုင်း နင်းမိခဲ့မှု ရှိခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းမှာလည်း အာဏာသိမ်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တို့ အကြား ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဒေသခံ တစ်ဦးသည် စစ်ကောင်စီတို့၏ ပစ်သတ်မှု ခံရသည့် အပြင် ဒေသခံ ၅၀၀ ကျော်တို့ကလည်း စစ်ရှောင်ထွက်ပြေးခဲ့ရသည်။

Leave a Comments

- Advertisement -spot_img

Latest article