Friday, April 19, 2024

သမီးဖြစ်သူကို ညစ်ညမ်းစွာ သုံးနှုန်းမစနောက်ဖို့ ဝင်တားရာမှ ဖခင်ဖြစ်သူ ဓားခုတ်ခံရ

Must read

သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့ နယ် စျေးဆိုင်ရောင်းနေသည့် အသက် ၂၀ အရွယ်ရှိ သမီးဖြစ်သူကို အမျိုးသား တစ်စုက ညစ်ညမ်းသော စကားလုံးဖြင့် လာရောက်စနောက်ချိန် ဖခင်ဖြစ်သူက ဝင်တားမြစ်ရာမှ ဓားခုတ်ခံရကြောင်း စုံစမ်းသိရသည်။

(Photo: Mai Amm La Ngean ) အခင်းဖြစ်ပွားရာနေရာ

ပြီးခဲ့သည့် မတ်လ ၂၅ ရက် ည ၈ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့ ရွှေကမ္ဘာအေးကျောင်းတိုက်အဝင်လမ်း အနီး စားသောက်ဆိုင်တွင် သမီးဖြစ်သူက ကွမ်းယာရောင်းရာမှ အမျိုးသား ၁၃ ဦးက ဈေးဝယ်ယူဟန်ဖြင့် ညစ်ညမ်းစကားပြောဆို စနောက်ကျီစယ်ခဲ့သည်။

ထိုစကားများကို ဖခင်ဖြစ်သူက ကြားသွားသဖြင့် မစနောက်ရန် ဝင်ရောက်တားမြစ်ရာမှ ၎င်း၏ ဖခင်ကို ဓားဖြင့်ခုတ်သွားကြောင်း ကွတ်ခိုင်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ အသက် ၃၀ အရွယ်လောက်ရှိတဲ့ လူငယ် ၁၃ ယောက်က အဲ့ကွမ်းယာရောင်းနေတဲ့ အမျိုးသမီးကို လာစနောက်တာ။ သူတို့က စကားပြောဆိုတာ ညစ်ညမ်းတယ်။ အဲ့ကြောင့် သူ့အဖေက ဝင်ပြီး တားလိုက်တာ။ သူ့အဖေလာတားတော့ အဲ့လူငယ် ၁၃ ဦးက ဓားနဲ့ ခုတ်လိုက်တာ။ သူတို့မှာ ဓားပါလာတာ မသိဘူးလေ” ဟု ၎င်း အမျိုးသားက ဆိုသည်။

ဓားခုတ်ခံရသည့် အမျိုးသားသည် ဦးခေါင်း ၊ ပါး နှင့် လက်တွင် ဓားနှင့် ခုတ်ခံရသည့်အတွက်ကြောင့် ပြတ်ရှထားသည့် ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

အဆိုပါ လာခုတ်ခဲ့သည့် အမျိုးသား ၁၃ ဦး သည် ကွတ်ခိုင်မြို့ ပါကျူးရွာခံ ဖြစ်ပြီး ထို ၁၃ ဦးထဲမှ ၁ ဦးကို တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA ဖမ်းဆီးထားမိကြောင်း သိရသည်။

“ ဓားခုတ်ခံရတဲ့ သူကတော့ ခေါင်း၊ လက် နဲ့ ပါးတွေမှာတော့ ဒဏ်ရာရသွားတယ်။ အသက်အန္တရာယ်ထိတော့ မစိုးရိမ်ရဘူး။ သူ့သမီးတော့ ဘာမှ မဖြစ်သွားဘူး။ ၁၃ ယောက်မှာ ကျနော်တို့ ၁ ယောက်တော့ ဖမ်းမိထားတယ်။ လောလောဆယ်တော့ ဒီတိုင်းပဲ ချုပ်နှောင်ထားတယ်။ စစ်ဆေးမေးမြန်းတာတော့ မရှိသေးဘူး။ ကျန်တဲ့ ၁၂ ယောက်လုံးကို ဖမ်းမိပြီဆိုမှ တရားရုံးမှာ စစ်ဆေးမေးမြန်းသွားမယ်” ဟု PSLF/TNLA တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၂၃ ရက် လားရှိုးမြို့နယ်ထဲတွင် အမျိုးသမီးတစ်ဦး ဆိုင်ကယ်ဖြင့် ဈေးသွားရာမှ အမျိုးသား ၂ ဦးကနောက်လိုက်ပြီး ပိုက်ဆံအိတ်ကို ဆွဲလုပြီး ထွက်ပြေးမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ဆိုင်ကယ်ပေါ်မှ ပိုက်ဆံအိတ် ဆွဲခံရသည့် အမျိုးသမီးသည် ပိုက်ဆံ ၅ သောင်း နှင့် ဒဏ်ရာ အနည်းငယ်ရရှိခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article