Thursday, April 18, 2024

နမ်းနိန်းရွာ ဘုန်းကြီးကျောင်းဝန်းအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု

Must read

နိဒါန်း

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ခဲ့သည့် စစ်အာဏာသိမ်းကာလတစ်လျှောက်လုံး အာဏာသိမ်းစစ်အုပ်စု ၏ အကြမ်းဖက်လုပ်ရပ်ပေါင်းများစွာကို နေရာဒေသမရွေး၊ အချိန်အခါမရွေး ပုံသဏ္ဍန်၊ အသွင်သဏ္ဍန်မျိုးစုံဖြင့် လွယ်လင့်တကူကျူးလွန်လျက်ရှိပါသည်။

အရပ်သားပြည်သူပိုင် ပစ္စည်းဥစ္စာများအား လုယက်ခြင်း၊ မီးရှို့ဖျက် ဆီးခြင်းနှင့် အရပ်သားပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းတို့အား ကိုယ်တိုင်ကျူးလွန်ခဲ့သည့် တိုင် ၎င်းတို့အား ခုခံတော်လှန်ရေးဆင်နွှဲနေကြသော အင်အားစုများအား လိမ်ညာဝါဒဖြန့်အပြစ်ဖို့လေ့ရှိသည့် အာဏာသိမ်းစစ်ကောင်စီ၏ ဗြောင်လိမ်ဗြောင်စားအမူအကျင့်များကိုလည်း ယခုကာလအတွင်း ထင်ရှားစွာ မြင် တွေ့နေရပြီဖြစ်သည်။

နမ်းနိန်းရွာ ဘုန်းကြီးကျောင်းဝန်းအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ်သည် အာဏာသိမ်းစစ် ကောင်စီတပ်များ ကျူးလွန်သော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်ကြောင်း ထင်ရှားသည်။

ယခုတစ်ပတ် BNI – Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် အာဏာသိမ်းစစ် ကောင်စီတပ်သားများ ကျူးလွန်သော နမ်းနိန်းရွာ ဘုန်းကြီးကျောင်းဝန်းအတွင်း အစုလိုက်အပြုံလိုက် သတ် ဖြတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အချက်အလက်များအခြေခံကာ လေ့လာတင်ပြသွားပါမည်။

ဖြစ်စဉ်

၂၀၂၃ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်‌လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသ၊ နမ်းနိန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် သံဃာတော် (၃)ပါးနှင့် အမျိုးသမီး တစ်ဦးအပါအဝင် အရပ်သားပြည် သူပေါင်း ၂၂ ဦးအထိ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရကြောင်း မတ်လ ၁၆ ရက်တွင် အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (Karenni State Consultative Council – KSCC)နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (Pa-O National Federal Council – PNFC)တို့က ပူးတွဲထုတ်ပြန်ကြေ ညာခဲ့သည်။

နမ့်နိန်းကျေးရွာကို စကစ မှ မီးရှို့ထားသည့် မြင်ကွင်း

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(ခမ်းကောင်) (PNDF-KK)၏ မတ်လ ၁၂ ရက် ထုတ်ပြန်ချက်အရ နမ်းနိန်း ကျေးရွာ ဘုန်းတော်ကြီးကျောင်းနံရံအရှေ့မှ ရုပ်အလောင်းများကို ဖယ်ရှားပြီးနောက် ကျောင်းနံရံတွင် တွေ့ရှိ ရသည့် စစ်ကောင်စီတပ်ဖွဲ့များ၏ ကျည်ဆံရာများ၊ နမ်းနိန်ကျေးရွာအတွင်း ပစ်ခတ်ခဲ့သည့် စစ်ကောင်စီသုံး MA 5.56 ကျည်ဆံခွံ ကျည်ဘူးခွံများနှင့် M 79 ကျည်ဆံခွံများ လက်နက်ကြီး စ,များ၊ ကာကွယ်ရေးပစ္စည်းစက်ရုံများ တွင် ထုတ်လုပ်သည်ဟူသည့် စာတန်းပါ စစ်ကောင်စီ၏ (ကပစ) ထုတ် ကျည်ဘူးခွံများ စသည့် မြေပြင်တွေ့ရှိ ချက်မှတ်တမ်းများကို တွေ့ရသည်။

နမ်းနိန်းကျေးရွာအ‌ရှေ့ဘက် ဘုရားတောင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များသည် မတ်လ (၁၁) ရက် နံနက် ၅ နာရီခန့်တွင် နမ်းနိန်းရွာအတွင်းသို့ လက်နက်ကြီးများ၊ မီးကျည်များ ပစ်ခတ်ပြီး အင်အားအလုံးအရင်း ဖြင့် ဝင်ရောက်လာကာ ၎င်းတို့လာရာလမ်းတစ်လျှောက်တွင် စက်သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းနှင့် လူနေအိမ်များအတွင်း မီးကျည်များ ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း PNDF-KK က ဆိုပါသည်။

လက်နက်ကြီး ကျည်ကြောင့် နေအိမ်များ ထိခိုက်ပျက်စီးပုံ

အာဏာသိမ်းစစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ “ဖြစ်စဉ်တစ် ခုလုံးကို ပြောရမယ်ဆိုရင်တော့ ပအို့ဝ်ဒေသရဲ့ ငြိမ်းချမ်းနေမှု၊ ဖွံ့ဖြိုးတိုးတက်နေမှုကို ဖျက်ဆီးဖို့ ရည်ရွယ်ချက် နဲ့ လာရောက်ဆောင်ရွက်နေတာ ဖြစ်တယ်။ တည်ငြိမ်နေတဲ့ ပအို့ဝ်ဒေသခံတွေ၊ ပအို့ဝ်ပြည်သူ့စစ်တွေ၊ ဒေသခံ လုံခြုံရေးအဖွဲ့တွေနဲ့ တပ်မတော်ကြားမှာ ထင်ယောင်ထင်မှားဖြစ်စေဖို့ လုပ်ဆောင်တာ ဖြစ်တယ်။ ကျွန်တော် တို့အနေနဲ့က KNPF(KNDF ကို ဆိုခြင်းဖြစ်နိုင်သည်)/ KNPP/ PDF အဖွဲ့တွေနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်”ဟု မတ်လ ၁၃ ရက်တွင် ပြောဆို ထုတ်ပြန်ထားပါသည်။

နမ်းနိန်းရွာ ဘုန်းကြီးကျောင်းဝန်းအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အာဏာ သိမ်းစစ်ကောင်စီနည်းတူ ၎င်း၏လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့(PNO)ကလည်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့(PDF)တို့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း အထောက် အထားမဲ့စွာ ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။

ဆက်စပ်သတင်းတွေ့ရှိချက်များ

NUG ၏ လူ့အခွင့်အရေးဝန်ကြီးဌာန၏ မှတ်တမ်းအရ ၂၀၂၃ ခုနှစ် မတ် ၁၃ရက်အထိ စစ်အာဏာသိမ်းကာလ အတွင်း စစ်ကောင်စီတပ်များက အရပ်သားပြည်သူများအပေါ် ကျူးလွန်ခဲ့သော ၅ဦးနှင့်အထက် အစုလိုက်အပြုံ လိုက် သတ်ဖြတ်မှုပေါင်း ၆၄ ကြိမ်ရှိခဲ့ပြီး သေဆုံးသူ ၇၆၆ ဦးအထိ ရှိခဲ့သည်ဟုဆိုပါသည်။

ထိုအနက် အမျိုးသား (၄၈၂) ဦး၊ အမျိုးသမီး (၇၈) ဦး တို့ ပါဝင်ကြောင်း ခွဲခြားနိုင်ခဲ့ပြီး ကျန်သူ (၂၀၆) ဦးတို့၏ အလောင်းများမှာ ကျား-မစစ်ဆေးရန်ပင် မလွယ်တော့ဟု ဆိုပါသည်။

ကျား-မခွဲခြားနိုင်သော အလောင်းအရေအတွက် (၅၅၉) ဦးတွင် အသက် (၆၀) အထက် သက်ကြီးရွယ်အို (၄၂) ဦးနှင့် အသက် (၁၈) နှစ်အောက် ကလေးသူငယ် (၆၂) ဦးတို့ ပါဝင်နေကြောင်း မတ်လ ၁၅ရက်တွင် ထုတ်ပြန်ထားသည်။

အပစ်မဲ့အရပ်သားပြည်သူ ၃၄ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၁) ရက်၊ စစ်ကိုင်းတိုင်း ကနီမြို့နယ် ယင်းရွာဖြစ်စဉ်၊ အရပ်သားပြည်သူ ၃၅ ဦးကို အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့ သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်၊ ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ် မူဆိုရွာဖြစ်စဉ်၊ အရပ်သားပြည် သူ ၂၉ ဦးကို အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ် ဖြတ်ခဲ့သည့် ၂၀၂၂ ခုနှစ် မေလ ၁၂ရက်၊ စစ်ကိုင်းတိုင်း ရေဦးမြို့ နယ် မုန်တိုင်ပင်ရွာဖြစ်စဉ်၊ အရပ်သားပြည်သူ ၄၀ ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့် ၂၀၂၂ ခုနှစ် သြ ဂုတ်လ ၈ရက်၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းရွာဖြစ်စဉ် စသည်တို့သည် ဆိုခဲ့ပါအစုလိုက်အပြုံ လိုက် သတ်ဖြတ်မှု ၆၄ ကြိမ်ထဲမှ လူသိများသည့် ဖြစ်စဉ်များ ဖြစ်သည်။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါရွာ ဂီတဖျော်ဖြေပွဲအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆယ်နှင့်ချီသည့် အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီဖြစ်သည်။ မတ်လ ၁ ရက်နှင့် ၂ ရက် နေ့များတွင်လည်း စစ်ကိုင်တိုင်း စစ်ကိုင်းမြို့နယ်၊ တာတိုင်ရွာမှ အပြစ်မဲ့အရပ်သားပြည်သူ(၁၇)ဦးကို စစ် ကောင်စီတပ်က သတ်ဖြတ်ကြောင်း NUG က သတင်းစာရှင်းလင်းခဲ့ပါသည်။

ယခုနမ်းနိန်းရွာ ဘုန်းကြီးကျောင်းဝန်းအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ်သည် စစ်အာဏာ သိမ်းကာလအတွင်း စစ်ကောင်စီတပ်များကျုးလွန်သော အကြမ်းဖက်လုပ်ရပ်များ၏ ပထမဆုံးအကြိမ် မဟုတ် သကဲ့သို့ နောက်ဆုံးအကြိမ်ဟုလည်း ဆိုနိုင်လိမ့်မည်မဟုတ်ပေ။

ဒေသခံများ၏ အိမ်ထောင်စု စာရင်း

နယ်မြေရှင်းလင်းရေးခေါင်းစဉ်အောက်တွင် သတ်ဖြတ်ခဲ့သော ရခိုင်ပြည်နယ် အင်းဒင်ရွာဖြစ်စဉ်သည် ယနေ့အထိ တရားမျှတမှုတစုံတရာ ရရှိထားခြင်းမရှိ သေးသည်ကို သတိပြုရပါမည်။ စစ်အုပ်စုသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်တိုင်းကို နည်းမျိုးစုံဖြင့် ဖုံးကွယ် ဝါဒဖြန့်လေ့ရှိပြီး အချက်အလက်၊ မှတ်တမ်းမှတ်ရာများကို ဖျောက်ဖျက်နိုင်ရေး ကြိုးပမ်းလေ့ရှိပါသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း၏ မတ်လ ၁၃ ရက်၊ ပြောဆိုထုတ်ပြန်ချက်တွင်လည်း ဆိုခဲ့ပါနမ်းနိန်းရွာဖြစ်စဉ်ကို အ ကြောင်းပြုပြီး ပအိုဝ်းလူမျိုးများနှင့် ကရင်နီလူမျိုးများအကြား လူမျိုးရေးပဋိပက္ခဖြစ်စေနိုင်သည့် အသုံးအနှုန်း များကို ထည့်သွင်းသုံးနှုန်းထားသည်ကို တွေ့ရသည်။

“ပအို့ဝ်ဒေသသည် အစဉ်အဆက်ငြိမ်းချမ်းလာတဲ့ဒေသ ဖြစ်တဲ့အတွက် တောင်ဘက်မှာရှိတဲ့ KNPF (KNDF ကို ဆိုလိုခြင်းဖြစ်နိုင်သည်)/ KNPP အဖွဲ့ တွေအနေနဲ့ ပအို့ဝ်ဒေသကို တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးဖို့၊ အစိုးရ၊ တပ်မတော်နဲ့ ဒေသခံပအို့ဝ်ပြည်သူ လူထုအကြား မှာ ထင်ယောင်ထင်မှားဖြစ်စေဖို့အတွက် ဒီသတင်းတွေကို ထုတ်လွှင့်နေခြင်းဖြစ်တယ်”ဟု ၎င်းက ဆိုထား ပါသည်။

စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး ဦးတည် လျှောက်လှမ်းနေသော နွေဦးတော်လှန်ရေးတွင် အဓိကအင်အားစုတစ်ခုအဖြစ်ပါဝင်နေသော ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ(PNFC) ကတော့ နိုင်ငံတကာရောက် ပအိုဝ်းအင်အားစုများ၊ ကရင်နီအင်အားစုများနှင့် က ရင်လူငယ်များ၏ သဘောထားများရယူကာ နမ်းနိန်းရွာဖြစ်စဉ်အပေါ် အကြောင်းပြုပြီး “လူမျိုးရေးပဋိပက္ခနှင့် ဘာသာရေးပဋိပက္ခများ” ဖြစ်ပွားစေရန် ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံဆော်နေသော အာဏာသိမ်းစစ်အုပ်စု၏ လုပ်ရပ်များအား ကန့်ကွက်ရှုတ်ချကြောင်း မတ်လ ၁၄ ရက်က ထုတ်ပြန်ခဲ့သည်။

သုံးသပ်တင်ပြချက်

စစ်အုပ်စုလော်ဘီများသည် နမ်းနိန်းရွာ ဘုန်းကြီးကျောင်းဝန်းအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု အခင်းဖြစ်နေရာမှ ဓာတ်ပုံများကို ပုံမှားရိုက်ကာ ၎င်းတို့ထောက်ခံသော စစ်ကောင်စီတပ်၏ လုပ်နိုင်စွမ်းကို တယ်လီဂရမ်ချန်နယ်များမှတဆင့် ဂုဏ်ပြုအောင်ပွဲခံခဲ့ကြသည်ကို တွေ့ရသည်။ သို့သော် မြေပြင်မှတ်တမ်း သက်သေများအရ ၎င်းတို့ဝါဒဖြန့်နေသကဲ့သို့ ဒေသကာကွယ်ရေးတပ်ဖွဲ့(PDF)များမဟုတ်ဘဲ ရဟန်းသံဃာနှင့် အရပ်သားပြည်သူများ ဖြစ်နေခြင်းဖြစ်သည်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

နမ်းနိန်းရွာ ဘုန်းကြီးကျောင်းဝန်းအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ်တွင် အာဏာသိမ်းစစ် ကောင်စီနှင့် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO/PNA) တို့က တစ်ဖက်၊ ပအိုဝ်းအမျိုးသားဖက်ဒရယ် ကောင်စီ(PNFC)အပါအဝင် နွေဦးတော်လှန်ရေးအင်အားစုများဘက်မှ တဖက် အပြန်အလှန်စွပ်စွဲချက်များ ထုတ်ပြန်နေကြသည့်တိုင် အချက်အလက်နှင့် သက်သေမှတ်တမ်းများအရ စစ်ကောင်စီတပ်နှင့် အပေါင်းအပါ များက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားနေသည်ဟု ဆိုရပါမည်။

ယခုဖြစ်စဉ်သည် ရှေ့တွင်မြင်တွေ့ခဲ့ရသော စစ်ကောင်စီတပ်များ၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့် ဖြစ် စဉ်များကို ပြန်လည်အောက်မေ့စေသည်။ ခုခံတော်လှန်‌ရေးအင်အားစုများအား စစ်ကြောင်းချီ ထိုးစစ်ဆင်ရာ စစ်ကောင်စီတပ်များ၏ စစ်ကြောင်းတစ်လျောက် မြင်တွေ့ရတတ်သည့် လုပ်ရပ်များကိုလည်း လစ်ဟပြသနေ ပါသည်။

အရပ်သားပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဓားစာခံအဖြစ် ဖမ်းဆီးခြင်း၊ သတ် ဖြတ်ခြင်း၊ အရပ်သားပြည်သူပိုင် နေအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခြင်း စသည့်လုပ်ရပ်များကို အတား အဆီးအကန့်အသတ်မဲ့စွာ ကျူးလွန်လေ့ရှိသော စစ်ကောင်စီတပ်များ၏ အပြုအမူများ၊ လုပ်ဆောင်ချက်များ ကြောင့် နမ်းနိန်းရွာ ဘုန်းကြီးကျောင်းဝန်းအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်အား ကျူးလွန်ခဲ့သူ သည် မေးခွန်းထုတ်ဖွယ်မရှိအောင်ပင် ထင်ရှားနေသည်ဟု ကောက်ချက်ချနိုင်ပါသည်။

အာဏာသိမ်းစစ်ကောင်စီအတွက် နယ်မြေထိန်းချုပ်စိုးမိုးနိုင်ရန် မလွယ်ကူတော့သည့် ကရင်နီ(ကယား) ပြည် နယ်တစ်ခွင်နှင့် ရှမ်းနယ်အစပ် မိုးဗြဲ၊ ဖယ်ခုံမြို့နယ်များသည် ဒေသအလိုက် ခုခံတော်လှန်ရေးအင်အားစုများ အားကောင်းသည့်အလျောက် စုစည်းညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်နိုင်မှုများကြောင့် အာဏာသိမ်းစစ်အုပ်စု အနေဖြင့် လေကြောင်းထိုးစစ်အကူနှင့် ဒေသတွင်း ၎င်းတို့နှင့် ပူးပေါင်းလျက်ရှိသည့် ပြည်သူ့စစ်အဖွဲ့ကဲ့သို့ အင် အားစုများကို အသုံးချကာ စစ်မျက်နှာဖွင့်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

စစ်မျက်နှာ စစ်တလင်းသည် တနိုင်ငံ လုံးအတိုင်းအတာဖြင့် အပြန့်ကျယ်လာနေသည့်အတွက် ပြည်သူလူထုအနေဖြင့် စစ်ရေးအသိ၊ စစ်ရေးသတိ ကြီးစွာြဖင့် ထားရှိရန် လိုအပ်ပါသည်။ တစ်ဖက်တွင်လည်း စစ်အုပ်စုနှင့် အပေါင်းအပါများက ထုတ်လွှင့်လာ မည့် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ၏ လောင်စာများဖြစ်သော ဝါဒဖြန့်အမုန်းစကားများ၊ အမုန်းတရား များကို အသိတရားဖြင့် သတိထားဆင်ခြင်ရှောင်ခြားကြရမည်ဖြစ်သည်။

နမ်းနိန်းရွာ ဘုန်းကြီးကျောင်းဝန်းအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုအတွက် ကျူးလွန်သူ တရားခံ အမှန်များ လိုအပ်သည်။ သတ်ဖြတ်ခံခဲ့ရသော သံဃာတော်များနှင့် အရပ်သားပြည်သူများအတွက် တရားမျှတ မှု ရရှိရေး လိုအပ်သည်။ စစ်ရေးပဋိပက္ခများအတွင်း ကျဆုံးသွားသော အမှန်တရားတိုင်းအတွက် တရားမျှတမှု ကို ရှာဖွေပြီး ကျူးလွန်သူများအား တာဝန်ခံစေရေး ကြိုးပမ်းရမည်ဖြစ်သည်။ နမ်းနိန်းရွာဖြစ်စဉ်ကဲ့သို့ အသစ် အသစ်သော အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုများ ထပ်မဖြစ်စေရေးအတွက် ပြည်သူလူထုအပါအဝင် နွေဦး တော်လှန်‌ရေးအင်အားစုတိုင်း သတိထားပြင်ဆင်ရမည့် အရေးကိစ္စတစ်ရပ် ဖြစ်လာနေကြောင်း ရှုမြင်မိပါသည်။

(မှတ်ချက် ။ ။ BNI-Myanmar Peace Monitor မှ အပတ်စဉ်သတင်းသုံးသပ်ချက်စာစောင် အမှတ် – ၉၆မှ ကူးယူ ဖော်ပြထားခြင်း ဖြစ်သည်။)

Leave a Comments

- Advertisement -spot_img

Latest article