Thursday, April 25, 2024

ပင်လောင်းမြို့နယ် လက်နက်ကြီးကျရောက်ပေါက်ကွဲ၊ အမျိုးသား ၁ ဦးသေဆုံး

Must read

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် နမ့်နိမ့်ကျေးရွာအတွင်း လက်နက်ကြီး ကျပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦး ကျည်စမှန်ပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

Photo by voice of Pinlaung ( ဆောင်းပြောင်းကျေးရွာ)

ယမန်နေ့ (မတ်လ ၁၀ ရက်) ညနေပိုင်း အချိန်ကစပြီး နမ့်နိမ့်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့တိုက်ပွဲ ဆက်လက် ပြင်းထန်ခဲ့သောကြောင့် ဘုရားကုန်းပေါ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် အသက် ၆၀ နှစ်ခန့် ဒေသခံ အမျိုးသားတစ်ဦး ကျည်စမှန်ပြီး သေဆုံးသွားကြောင်း ဒေသခံ အုပ်ချုပ်ရေးမှူးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူက နမ့်နိမ့်ဘုန်းကြီးကျောင်းမှာ ကျန်နေတဲ့သူလို့ ပြောတယ်။ မနေ့က ဘုရားကုန်းပေါ်ကနေ ကျလာတဲ့ လက်နက်ကြီးတစ်လုံး ပေါက်ကွဲပြီး သူ့ကိုမှန်သွားတာ။ တိုက်ပွဲက မငြိမ်သေးတော့ သူ့အလောင်းကို သွားမသယ်ရဲသေးဘူး။ အခုက ဘယ်အဖွဲ့အစည်းက ပစ်လို့ပစ်မှန်းကို မသိတော့ဘူး “ ဟု ၎င်းက ပြောသည်။

Photo by voice of Pinlaung ( ဒီမနက် တိုက်ပွဲဖြစ်ပွားပုံ)

လက်နက်ကြီး ကျည်စမှန်ပြီး ဆုံးသွားသည့် ဒေသခံအမျိုးသားသည် ဦးအေး ဖြစ်ကြောင်းလည်း သိရသည်။

တိုက်ပွဲသည် ယနေ့ (မတ်လ ၁၁ ရက်) နံနက်အစောပိုင်း ၅ နာရီခွဲ အချိန်က ဆက်လက်ဖြစ်ပွားနေပြီး ရွာထဲကို စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်ခဲ့၍ ဒေသခံ နေအိမ် ၅ လုံးထက်မနည်း ထိခိုက် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

“တိုက်ပွဲက ဒီနေ့မနက် အစောပိုင်းက ဆက်ပြီးဖြစ်နေတယ်။ စစ်ကောင်စီက ရွာထဲကို လက်နက်ကြီးတွေနဲ့ လှန်းပစ်နေတာ။ နေအိမ် ၅ လုံးလောက်တော့ ပျက်သွားတယ်။ ရွာထဲမှာ မီးခိုးတွေ အလိပ်လိပ် တက်နေတယ် “ ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၂၄ ရက်) ကစပြီး စစ်ကောင်စီတပ်ဖွဲ့ ၊ PNO တပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့သည် တိုက်ပွဲဖြစ်နေပြီး တိုက်ပွဲကြောင့် ပြည်သူ (၅,၀၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article