သျှမ်းပြည် ကျိုင်းတုံခရိုင် မိုင်းလားမြို့တွင် နေထိုင်သည့် အသက် (၁၈) နှစ်ပြည့်ပြီး ဒေသခံ အမျိုးသားများကို အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) အဖွဲ့က ရပ်ရွာလုံခြုံရေးအတွက် ၄၅ ရက်ကြာ စစ်သင်တန်းပေးမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

လာမည့် ၂၀၂၃ ဖေဖော်ဝါရီ ၂ ရက်စပြီး NDAA (မိုင်းလား) အဖွဲ့က အသက် (၁၈) နှစ်ပြည့်ပြီး ဒေသခံအမျိုးသားများကို ရပ်ရွာလုံခြုံရေးအတွက် ၄၅ ရက်ကြာ စစ်သင်တန်းကို ခေါ်ယူမည်ဖြစ်ကြောင်း မိုင်းလားဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“နောက်လ ၂ ရက်ကစပြီးတော့ ကျနော်တို့တွေ ရပ်ရွာလုံခြုံရေးအတွက် စစ်သင်တန်း သွားတက်ရမှာဗျ။ မိုင်းလားက ဒေသခံတွေကိုဘဲ တက်ရောက်ခွင့်ရမယ်လို့တော့ ပြောတယ်။ ၄၅ ရက်ကြာ စစ်သင်တန်းပေးမယ် ဆိုတော့ လူထောင်နဲ့ ချီရှိမယ်ဗျ “ ဟု ၎င်းက ပြောသည်။
အဆိုပါ ရပ်ရွာလုံခြုံရေးအတွက် လူခေါ်ပြီး စစ်သင်တန်းပေးခြင်းသည် NDAA (မိုင်းလား) အဖွဲ့က နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့သော်လည်း ကိုဗစ် – ၁၉ ရောဂါ ကူးစက်ချိန်မှစ၍ မပြုလုပ်ရာမှာ ၃ နှစ်ရှိပြီးဖြစ်သဖြင့် ယခု ၂၀၂၃ ခုနှစ်တွင် ပြန်လည်ပြုလုပ် လာခဲ့ကြောင်းလည်း သိရသည်။
“ မိုင်းလားက ဒေသခံ အမျိုးသားတွေ စစ်သားမလုပ်ချင်ရင် ရပ်ရွာလုံခြုံရေးအတွက် စစ်သင်တန်းတော့ တက်ကိုတက်ရတယ်ဗျ။ အသက် ၅၀ အထက်တော့ သူတို့မယူဘူး။ ရပ်ရွာလုံခြုံရေးအတွက် စစ်သင်တန်းပေး တာကလည်း စစ်သားနဲ့ ဘယ်လောက်မှ မကွာပါဘူး။ အခြေနေမကောင်း စစ်ရေးတင်းမာလာတာနဲ့အမျှ ကျနော်တို့တွေဟာ အဆင်သင့်ဖြစ်ပြီး ရှေ့တန်းကို တက်ရမယ့်သူတွေပါ “ ဟု ၎င်းက ထပ်လောင်းပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အတွင်းတွင်လည်း ရပ်ရွာလုံခြုံရေးအတွက် စစ်သင်တန်းပေးကို အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) အဖွဲ့ ၈၀၆ တပ်ရင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။