သျှမ်းပြည် လားရှိုးခရိုင် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာတွင် အုတ်ရိုက်ပိုင်ရှင်၏ သမီး ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။
ယမန်နေ့ (ဇန်နဝါရီ ၁၅) ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ဟိုယကျေးရွာထဲ အမည်မသိ အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၁ ဦးတို့က အုတ်လာဝယ်ယောင်ဆောင်ပြီး ထိုဆိုင်ပိုင်ရှင်၏ သမီးကို ဖမ်းဆီးသွားကြောင်း သိရသည်။
“ကားအဖြူ တစ်စီးနဲ့လာတာ။ ၃ ယောက်လာတယ်။ အုတ်ဝယ် ယောင်ဆောင်ပြီးတော့ ဝင်လာတာ။ ကလေးမက အိမ်ရှေ့မှာ ဖုန်းပြောနေတာ။ အဲ့တာနဲ့ ကားပေါ်တင်ပြီးတော့ ဖမ်းသွားတာ။ ဘယ်သူလာဖမ်းသွားတာလဲ မသိဘူး။ သူတို့က အရပ်ဝတ်နဲ့ပဲ။ အမျိုးသမီးတစ်ဦးကတော့ ကားပေါ်မှာပဲ စောင့်နေတာ” ဟု မျက်မြင်တွေ့ရှိသူက ပြောသည်။
အဆိုပါ လာဖမ်းသွားသူသည် မည်သူအဖွဲ့ဖြစ်ကြောင်း မသိရှိ ရသေးပေ။
အလားတူ လက်ရှိအချိန်ထိ ထိုအမျိုးသမီးကို မဆက်သွယ်နိုင်သေးသောကြောင့် မိသားစုဝင်များက စိုးရိမ်စိတ်ပူနေကြသည်။
“ဘယ်သူ လာဖမ်းသွားတာလဲတော့ မသိဘူး။ ကျနော်တို့လည်း စိုးရိမ်နေတာ။ အခုချိန်ထိ ပြန်ဆက်သွယ်လာတာလည်း မရှိဘူး။ ဘာကြောင့် လာဖမ်းသွားလဲဆိုတာလည်း မသိဘူး။ တစ်ခုခုဖြစ်မှာလည်း စိုးရိမ်နေရတယ်။ သူတို့တစ်ခုခု သွားလုပ်မှာလည်း စိတ်ပူတယ်။ ဘယ်နားကို ဖမ်းခေါ်သွားတာလဲ ဘာမှ မသိရဘူး” ဟု ဖမ်းဆီးခံရသည့် အမျိုးသမီးငယ်၏ မိသားစုဝင်က ပြောသည်။
ဟိုယကျေးရွာထဲတွင် အထက်ပါ လူကို ဖမ်းဆီးမှုမျိုးတစ်ခါမှ မကြုံဖူးသေးကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ ဖမ်းဆီးမှုကို ပြန်ပေးဆွဲဖြစ်မည်ကို မိသားစုဝင်များက စိုးရိမ်စိတ်ပူနေကြသည်။
မိုင်းရယ်မြို့နယ်ထဲတွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ ပြည်သူ့စစ် နှင့် စစ်ကောင်စီတို့က သွားလာလှုပ်ရှားသည့် နယ်မြေဒေသဖြစ်သည်။