Tuesday, January 27, 2026

နိုင်ငံခြားသားပါ လူကုန်ကူးခံလာရတဲ့ “ဝ”နဲ့ “လောက်ကိုင်”ဒေသ

အချို့ကတော့ တောင်ကို ခြေလျင်လျှောက်ကာ ကျော်ဖြတ်ကြပြီး၊ အချို့ကတော့ မြစ်ကိုဖြတ်ကာ မြန်မာပြည် ထဲသို့ ခိုးဝင်နေကြပါတယ်။

“ဝ” ဒေသ မိုင်းပေါက်မြို့

အဲ့ဒီ လူတွေကတော့ ထိုင်းနိုင်ငံသားတွေဖြစ်ပြီး၊ မြန်မာပြည်ဘက် အလုပ်သွားလုပ်ရန်အတွက် မယ်ဆိုင်-တာချီလိတ်ဘက်သို့ နိုင်ငံဖြတ်ကျော် ခိုးဝင်နေကြတဲ့ သူတွေဖြစ်ကြပါတယ်။

သူတို့တွေဟာ မြန်မာပြည်ဘက်ခြမ်း တာချီလိတ် ကနေတဆင့် မိုင်းပေါက်ထိ ကားနဲ့ မှောင်ခို သွားရောက်ပြီး၊ စစ်ဆေးရေးဂိတ်တွေကို ဖြတ်တဲ့အခါမှာလည်း ငွေပေးပြီး ဖြတ်ရကြောင်းကို စိုင်းဂွဏ်း က ပြောပြပါတယ်။

နယ်စပ်ဂိတ်

“ ထိုင်းလူမျိုးတွေက မယ်ဆိုင် – တာချီလိတ်ကနေ ခိုးဝင်ကြရတယ်။ တစ်ချို့က မြစ်ကိုဖြတ်တယ်။ တစ်ချို့က လမ်းလျှောက်ပြီး တောင်ကိုဖြတ်တယ်။ တာချီလိတ်ကနေ မိုင်းပေါက်ထိ မှောင်ခို ကားနဲ့ဝင် သွားရတယ်။ စစ်ဆေးရေးဂိတ် မှာတော့ ပိုက်ဆံပေးတတ်ရင်ပေးပေါ့။ မပေးတတ်ရင်တော့ လမ်းလျှောက်ပြီး ဖြတ်ကြတာ။ ပွဲစားတွေ ကပဲ စီစဉ်ပေးတာ” ဟု စိုင်းဂွဏ်းက ရှင်းပြပါတယ်။

တာချီလိတ်ကနေပြီး မိုင်းပေါက်လမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီဂိတ်တွေကို ကားသမားတွေက မြန်မာကျပ်ငွေ ၂ သိန်း ပေးဆောင်ရပါတယ်။

မိုင်းပေါက်မြို့ဟာ “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA ) ထိန်းချုပ်နယ်မြေတစ်ခုဖြစ်ပါတယ်။

“ဝ​”နယ်စပ်ဂိတ်


စိုင်းဂွဏ်းဟာ Alliance Anti Trafi AAT အဖွဲ့မှာ အလုပ်လုပ်နေတဲ့သူဖြစ်ပြီး AAT အဖွဲ့က မြန်မာ၊ ထိုင်း၊ တရုတ်နယ်စပ်တွေမှာ ဖြစ်ပျက်နေတဲ့ လူကုန်ကူးခံရသူတွေကို ချိတ်ဆက်ကူညီပေးနေတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတုန်းကလည်း AAT အနေနဲ့ ထိုင်းနိုင်ငံ ကနေ သျှမ်းပြည် “ဝ” ဒေသ မိုင်းပေါက်မြို့မှာ သွားရောက်အလုပ်လုပ်ပြီး လူကုန်ကူးခံရတဲ့ အမျိုးသမီး (၃) ယောက်ကို ကယ်တင်နိုင်ခဲ့ကြောင်း စိုင်းဂွဏ်းက ပြောပါတယ်။

” ကျနော်တို့လည်း ပြီးခဲ့တဲ့ လတုန်းကပဲ ထိုင်းနိုင်ငံသား ၃ ဦးကို ကူညီပေးနိုင်ခဲ့တယ်။ သူတို့ မိုင်းပေါက်ဖက်ကို ဧပြီလ ကတည်းက ရောက်သွားတာ။ ကူညီပေးဖို့လည်း မလွယ်ဘူး။ ၄ လ ၅ လလောက်ကြာတယ်။ အခုလည်း ရောက်နေတဲ့သူတွေ အများကြီး ရှိနေသေးတယ်။ သူတို့ကိုလည်း ကူညီပေးနေတာလည်းရှိနေပါတယ်” လို့ စိုင်းဂွဏ်းက ပြောပါတယ်။

ရှမ်းပြည်အတွင်း လက်နက်ကိုင်တွေထိန်းချုပ်တဲ့မြေပုံ

လက်ရှိ အချိန်ထိ သျှမ်းပြည်အတွင်း နိုင်ငံခြားသားတွေ လူကုန်ကူးခံထားရသူတွေလည်း ရှိနေဆဲဖြစ်ကြောင်း စိုင်းဂွဏ်းက ပြောသည်။

လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာလည်း “ဝ” အထူးဒေသ (၂) ပန်ဆန်းမြို့ကနေပြီး တာချီလိတ်မြို့ရှိ KTV မှာ အလုပ်လာလုပ်မယ့် တရားမဝင် ဗီယက်နမ် (၄) ယောက်ကို ကျိုင်းတုံ – မိုင်းခတ်လမ်းပေါ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။


အဲ့ဒီ ဗီယက်နမ် (၄) ယောက်ဟာ မြန်မာနိုင်ငံကို လာအိုကနေတဆင့် တာချီလိတ်ကို ဝင်ရောက်လာပြီး၊ တာချီလိတ်ကနေ အထူးဒေသ (၂) ပန်ဆန်းမြို့ ရှိ KTV ကို ၁ နှစ်ကြာ အလုပ်လုပ်ခဲ့ပြီး တာချီလိတ် အပြန်လမ်းမှာ ဖမ်းမိခဲ့တာပါ။

လောက်ကိုင်မြို့တွင်း တစ်နေရာ

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသားတွေသာမက ထိုင်းနိုင်ငံက ပြည်သူတွေလည်း မြန်မာပြည်တွင်းမှာ လူကုန်ကူးခံနေရတာ မြင့်တက်လာပါတယ်။

အထူးသဖြင့် သျှမ်းပြည်အတွင်း နယ်စပ်ဒေသ မူဆယ်ခရိုင် နဲ့ တာချီလိတ်ခရိုင် ၊ “ဝ” ဒေသတို့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူကုန်ကူးမှု ၊ လောင်းကစား၊ မူးယစ်ဆေးဝါးတွေ ကြီးထွားလာတဲ့ နယ်မြေ ဒေသတွေမှာ ပါဝင်ပါတယ်။

“ထိုင်းနိုင်ငံသားတွေက တာချီလိတ်၊ မြဝတီဘက်မှာ အွန်လိုင်းဂိမ်း အလုပ်သွားလုပ်တာ ရာကျော်လောက် ရှိတယ်။ ဒါမဲ့ ရောင်းစားခံရတဲ့ သူတွေကတော့ ဆယ်ဂဏန်းလောက်ပဲရှိတယ်” ဟု စိုင်းဂွဏ်းက ပြောပါတယ်။

ကိုဗစ် -၁၉ ကြောင့် ထိုင်းနိုင်ငံ နဲ့ မြန်မာနိုင်ငံသားတွေဟာ အလုပ်ကိုင်မရှိသောကြောင့် နယ်စပ်ဒေသတွင်း အွန်လိုင်းဂိမ်းတွေကို သွားရောက်လုပ်ကိုင်သူ များပြားလာခဲ့ပါတယ်။ လူကုန်ကူးခံရတဲ့ ထိုင်းလူမျိုးတွေထဲမှာ အမျိုးသမီး အများစုဖြစ်ပြီး အမျိုးသားလူငယ်တွေလည်း အနည်းငယ် ပါဝင်နေပါတယ်။

” ထိုင်းဆိုရင် ရောင်းစားခံရရင် အမျိုးသမီးတွပဲဖြစ်တယ်။ မြန်မာနိုင်ငံသားဆိုရင် အမျိုးသားကော ၊ အမျိုးသမီးကော ရောင်းစားခံရတာရှိတယ်။ အမျိုးသားဆိုရင် အွန်လိုင်းဂိမ်းတွေမှာပဲ ရောင်းစားခံရတာပေါ့။ အမျိုးသမီးဆိုရင်တော့ ပြည်တန်ဆာ အလုပ်မှာ ရောင်းစားခံကြရတယ်” လို့ စိုင်းဂွဏ်းက ပြောပါတယ်။

လက်ရှိ ရောင်းစားခံရတဲ့ နေရာဟာ နယ်စပ်ဒေသဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတွေဖြစ်တဲ့ အတွက်ကြောင့် လူမှုအဖွဲ့အစည်းက ကူညီပေးဖို့အတွက် ခက်ခဲနေကြပါတယ်။

အလားတူ ၂၀၂၂ ခုနှစ် ဧပြီလထဲမှာ ထိုင်းအမျိုးသမီး ၁၇ ဦး ဟာ အွန်လိုင်း လူမှုကွန်ရက် အလုပ်ခေါ်စာမှ တစ်ဆင့် သျှမ်းပြည် မူဆယ်ခရိုင် ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ် ထဲမှာ ရောင်းစားခံခဲ့ရတာတွေရှိကြောင်း Thai PBS သတင်းဌာန က ရေးသားထားပါတယ်။

အဲ့ဒီ အွန်လိုင်းလူမှုကွန်ရက် အလုပ်ခေါ်စာတွေမှာ PR လို့ ခေါ်တဲ့ KTV ၊ Bar ထဲတွင် လာလည်တဲ့ ဧည့်သည်တွေကို အရက်ငဲ့ပေးတာ၊ သီချင်းဆို ဖျော်ဖြေပေးရတာ ဆိုပြီးခေါ်ဆိုပေမယ့် တကယ်လုပ်ငန်းခွင် ရောက်သွားတဲ့ အခါမှာတော့ လိင်ဖြေဖျော်မှုလုပ်ငန်းကို လုပ်ကိုင်ရကြောင်း လွတ်မြောက်လာတဲ့သူတွေက ပြောပါတယ်။

မြန်မာပြည်တွင်းသို့ လောင်းကစားလာဆော့သူတွေကို ကြိုရန် ဟုဆိုပြီး တလလျှင် ထိုင်းဘတ်ငွေ ၂ သိန်း ကနေ ၂ သိန်းခွဲထိ လစာ ပေးမယ်လို့ မြူဆွယ်ကြပါတယ်။

“ဝ” ဒေသ မိုင်းပေါက်မြို့

“ သူတို့ အလုပ်ခေါ်တာတော့ ရိုးရိုးသားသားခေါ်တာပေါ့။ သူများတွေကို အရက်ငဲ့ပေး၊ သီချင်းဖျော်ဖြေ ပေးရမယ်လို့ပဲ ခေါ်တာပေါ့။ ဒါမဲ့ သူတို့တွေက စိတ်မပါလည်း လာတဲ့ဧည့်သည်တွေ တောင်းဆိုတဲ့အတိုင်း လိင်ကိစ္စတွေလည်း ဖြေဖျော်ပေးရတယ်” လို လူကုန်ကူးခံရသူတွေကို ကူညီကယ်ထုတ်ပေးခဲ့တဲ့ စိုင်းဂွဏ်းက အခြေအနေတွေကို ရှင်းပြလာပါတယ်။
ထိုင်းအမျိုးသမီးတွေဟာ အဆင့်ဆင့် ရောင်းချခံရပြီး မြန်မာ – တရုတ်နယ်စပ် လောက်ကိုင်မြို့နယ်ထိ ရောက်ခဲ့ရခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။
သူတို့က ထပ်ဆင့်ရောင်းခံကြရတာ။ ပထမဆုံး တာချီလိတ်ကနေ မိုင်းလား၊ ပြီးရင် မိုင်းပေါက် တို့ကို ထပ်ဆင့်ရောင်းခံရတာ။ အဲကနေပြီးတော့ ဒီ လောက်ကိုင်တို့ဘက်ကို ပို့ပေးရင်းနဲ့ သူတို့တွေက အဲဖက်ကို ရောက်ရှိသွားခဲ့ကြတာ” လို့ စိုင်းဂွဏ်းက ပြောပါတယ်။

လက်ရှိတွင် အွန်လိုင်းမှ တစ်ဆင့် လိမ်လည်မှုတွေများလာတဲ့အတွက်ကြောင့် လူငယ်တွေအနေနဲ့ ငွေကို မြင်ပြီး နယ်စပ်ဒေသသို့ အလုပ်သွားမလုပ်ကြရန် AAT အဖွဲ့ဝင် စိုင်းဂွဏ်းက တိုက်တွန်းလိုက်သည်။

မိုင်းပေါက်မြို့ မှာ တရုတ်ဒုစရိုက် ကုမ္ပဏီတွေ များစွာရှိပြီး အဲ့ဒေသကို မြန်မာပြည် သီပေါ၊ ကျောက်မဲ၊ ရန်ကုန်မြို့ နဲ့ တခြားဒေသက လူငယ်တွေလည်း သွားရောက်အလုပ်လုပ်ကိုင်ပြီး လွန်ဲ့ခ့တဲ့လပိုင်းမှာလည်း လူငယ် ၃၀နီးပါး လူကုန်ကူးခံရတဲ့အဖြစ်အပျက်လည်းရှိခဲ့ပါတယ်။

“ ကျမတို့ သျှမ်းပြည် သီပေါ ဘက်ကလူတွေ “ဝ” ဘက်ကို သွားအလုပ်လုပ်တာ လူကုန်ကူးခံရတာ ဒီ ၄ လ အတွင်း ဆက်တိုက်ပဲကြားနေရတယ်။ အဓိက အလုပ်အကိုင် ရှားပါးလာလို့ ဝင်ငွေမရှိတော့ သွားကြတာပဲ။ အမျိုးသမီးတွေ လူငယ်တွေ အများဆုံးပဲ” လို့ သီပေါမြို့နေ အမျိုးသမီး တစ်ဦး က ပြောပါတယ်။

ကိုဗစ်နဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း ရှားပါးလာပြီး လူငယ်တွေဟာ “ဝ”ဒေသ နဲ့ လောက်ကိုင်ဘက်ကိုသွားပြီး ကျားဖျန့်လုပ်ငန်းကို သွားရောက်လုပ်ကိုင်ဖို့ စိတ်အားထက်သန်ရာကနေ လူကုန်ကူးမှုတွေ ဟာ မြင့်တက်လာတယ်လို့လည်း ၎င်းအမျိုးသမီးကဆိုပါတယ်။

“ဝ” ဒေသ အတွင်း အလုပ်သွားလုပ်တဲ့သူများ ကိုထားရှိတဲ့နေရာ

“ လိုင်းပေါ်မှာတော့ ကျားဖျန့် အလုပ်ဆိုပြီးခေါ်တယ်။ ဒီက လူငယ်တွေက ရိုးရိုး အလုပ်ထင်ပြီးသွားတယ်။ တချို့ကလည်း ပန်းရံအလုပ်၊ နောက် ရိုးရိုးသားသား အလုပ်သွားလုပ်ကြတာပဲ။ ဟိုရောက်တော့ မထင်မှတ်တာ ဖြစ်လာကြတာပဲ။ အခုကာလက ဘယ်သူ့ကိုမှတိုင်လို့လည်း မရတော့ခက်တယ်” လို့ အထက်ပါ အမျိုးသမီးက လက်ရှိ သီပေါမှာ ဖြစ်နေတာကို ပြောပြပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံတွင်း တရားဥပဒေ စိုးမိုးမှု မရှိသလို ဥပဒေမဲ့ လွတ်လွတ်လပ်လပ် လုပ်ကိုင်လာနိုင်ခဲ့ပါတယ်။ လောင်းကစားဝိုင်း ၊ မူးယစ်ဆေးဝါး နဲ့ လူကုန်ကူးမှုတို့ ကိုလည်း လက်ရှိ နိုင်ငံအာဏာယူထားတဲ့ စစ်ကောင်စီက တာဝန်ယူ ဖြေရှင်းပေးခြင်းမရှိပေ။

“ဝ” ဒေသ မှာ ကျားဖြန့်အလုပ်လုပ်သူများနေတဲ့နေရာ

ဒီလို မင်းမဲ့စရိုက် တရားဥပဒေ မရှိတဲ့တိုင်းပြည်ဖြစ်လာတော့ အရင်က တိုင်းတပါးကို ပစ်မှတ်ထားပြီး လူကုန်ကူးမှုတွေဟာ လက်ရှိအခြေအနေမှာတော့ မြန်မာပြည်တွင်း လူကုန်ကူးမှုက ကြီးထွားလာဖို့ တွန်းအားပေးနေတဲ့ သဘောဖြစ်နေပါတယ်။

လက်ရှိ ”ဝ” ဒေသမှာ ဖြစ်နေတဲ့ လူကုန်ကူးမှုကိစ္စရပ်တွေ တားဆီးကာကွယ်ဖို့အတွက် UWSA အနေနဲ့လည်း ကူညီလုပ်ဆောင်နေကြောင်း၊ တိုင်ကြားလာသည့် ကိစ္စရပ်များကိုလည်း ဖမ်းဆီး ကယ်ထုတ်မှုများပြုလုပ်ပေးနေ ကြောင်းကို UWSA လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်း က ဆိုပါတယ်။

“ ကျနော်တို့ ရုံးကို တိုင်ကြားလာတာတွေရှိရင်တော့ ကျနော်တို့ အနေနဲ့ ကူညီဆောင်ရွက်တာ ကယ်ထုတ်တာတွေ လုပ်နေပါတယ်။ ဖမ်းဆီးမှုတွေလည်း လုပ်နေပါတယ်” လို့ ဦးညီရမ်းက ဆိုပါတယ်။
“ဝ” ဒေသဘက်မှာ လူကုန်ကူးမှုတွေမြင့်တက်လာတဲ့ သတင်းတွေကြောင့် “ဝ” အာဏာပိုင်တွေဘက်ကလည်း လူကုန်ကူးမှု တားဆီးရေးအတွက် အရှိန်မြှင့် ပြင်းပြင်းထန်ထန်လုပ်ပေးဖို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ တွေက ပြောဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MongLa_ShanNewYear_NDAA_SSPP_1

မိုင်းလားမြို့တွင် သျှမ်းနှစ်သစ်ကူးပွဲ အကြီးအကျယ်ကျင်းပ၊ SSPP ကိုယ်စားလှယ်များတက်ရောက်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့တွင် NDAA တပ်ဖွဲ့မှ ဦးဆောင်၍ သျှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပလျက်ရှိပြီး SSPP ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

တရုတ်အငှားမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများကို လူကုန်ကူးမှုဖြင့် စစ်ကော်မရှင် ထောင်ချ

0
တရုတ်-မြန်မာ နယ်စပ်ရှိ မူဆယ်မြို့မှတဆင့် တရုတ်အငှားမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူ အမျိုးသမီး (၄) ဦးကို လူကုန်ကူးမှုဖြင့် စစ်ကော်မရှင်လက်အောက်ခံ တရားရုံးများမှ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၂၉) ရက်တွင် မူဆယ်မြို့နေ အေးမြတ်မွန်၊ အေးအိမွန်နှင့်...

NDAA ထိန်းချုပ် မိုင်းလားမြို့ တာလော့ဂိတ်တွင် ကျားဖြန့်လုပ်ကိုင်သူများကို တရုတ်နိုင်ငံသို့ စစ်ကော်မရှင်လွှဲပေး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့ရှိ တာလော့ဂိတ်မှတဆင့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၇၁) ဦးကို စစ်ကော်မရှင်မှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၁၇ ရက်)တွင် မိုင်းလားတပ်ဖွဲ့ NDAA နှင့် စစ်ကောင်မရှင်တို့ ပူးတွဲထိန်းချုပ်ထားသည့် မိုင်းလားမြို့ တာလော့နယ်စပ်ဂိတ်တွင် ကျိုင်းတုံမြို့ လူဝင်မှုကြီးကြပ်ရေးဌာန လဝက...

သျှမ်းပြည်ဝန်ကြီးချုပ် ‘ဝ’နှင့် မိုင်းလား သွားရောက်၊ စစ်အုပ်ချုပ်ရေး ကြေညာခံရခြင်းအပေါ် နားမလည်ဟု NDAA ပြော

0
စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ သျှမ်းပြည်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ‘ဝ’ဒေသ မိုင်းပေါက်မြို့နှင့် ပန်ဆန်းမြို့သို့ သွားရောက်ပြီး UWSA ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မိုင်းလားသို့ ဆက်လက်သွားရောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၆-၇ ရက်တို့တွင် စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့များသည် UWSA ထိန်းချုပ် မိုင်းပေါက်မြို့နှင့် ပန်ဆန်းမြို့သို့ သွားရောက်ခဲ့ပြီး...

တန့်ယန်းမြို့နယ်ထဲ ‘ဝ’စစ်သားဟန်ဆောင်ပြီး ဓားပြမှုနှင့်လူကုန်ကူးမှု ကျူးလွန်သူများရှိနေ

0
သျှမ်းပြည် တန့်ယန်းမြို့တွင် UWSA စစ်ဝတ်စုံ ဝတ်ဆင်ကာ ‘ဝ’စစ်သား အယောင်ဆောင်ပြီး ဓားပြမှုနှင့် လူကုန်ကူးမှု ကျူးလွန်သူများရှိနေကြောင်း စုံစမ်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဝင်ရောက်တပ်စွဲထားသည့် တန့်ယန်းမြို့တွင် ဩဂုတ်လဆန်းပိုင်း၌ UWSA စစ်ဝတ်စုံ ဝတ်ဆင်ပြီး စစ်သား အယောင်ဆောင်ကာ ဓားပြမှုနှင့် လူကုန်ကူးမှု ကျူးလွန်ခဲ့သူ (၁၇)...