Friday, April 26, 2024

ယာဥ်စည်းကမ်း လိုက်နာမှု မရှိပါက ပြင်းထန်စွာ အရေးယူသွားမည်ဟု ထိုင်းအာဏာပိုင် ထုတ်ပြန်

Must read

ထိုင်းနိုင်ငံ အတွင်း ကား / ဆိုင်ကယ် ယာဥ်စည်းကမ်းများ လိုက်နာမှု မရှိပါက ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Photo: Chiangmai News

ပြီးခဲ့သည့် ဇန်နဝါရီ (၉) ရက် မှစတင်ပြီး ထိုင်းအာဏာပိုင်ဘက်မှ ယာဥ်စည်းကမ်းများကို ထုတ်ပြန်ထားကြောင်း Chiangmai News သတင်းဌာနမှ ထုတ်ပြန်ထားသည်။

“ထိုင်းအာဏာပိုင်တွေ ခုရက်ပိုင်း စည်းကမ်းတွေ အရမ်းကို တင်းကြပ် စစ်ဆေးတာတွေ့ရတယ်။ မှတ်ပုံတင်၊ ပတ်စပိုစ့်၊ ယာဥ်မောင်း စတာတွေ စစ်ဆေးတယ်။ ကျနော်တို့ မြန်မာပြည်က ရွှေ့ပြောင်းအလုပ်သမားတွေ သတိထားပြီး သွားလာစေချင်တယ်” ဟု မြန်မာ ရွှေ့ပြောင်းအလုပ်သမား အမျိုးသားတစ်ဦး ကပြောသည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် အချက် (၆) ချက် ပါရှိထားပြီး ယာဥ်မောင်းလိုင်စဥ်ရှိထားသူ ယာဥ်မောင်းတစ်ဦးသည် အမှတ် (၁၂) မှတ်ရှိထားကြောင်း သိရသည်။

အဆိုပါ ယာဥ်မောင်းလိုင်စဥ်ရှိထားသူ တစ်ဦးသည် ယာဥ်စည်းကမ်းမလိုက်နာခြင်း မီးအဝါကို ဖြတ်ကာ စည်းကမ်း ချိုးဖောက်ပါက အမှတ် (၁၂) မှတ်ထဲမှ (၁) မှတ် မှ (၄) မှတ်ထိ လျှော့သွားမည်ဖြစ်ပြီး၊ ယာဥ်မောင်း စည်းကမ်း ချိုးဖောက်ပါက ယာဥ်မောင်းလိုင်စင် ရက်ပေါင်း (၉၀) ရုတ်သိမ်းနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ ကျမ ကား မီးဝါကို ဖြတ်မိလို့ စာရောက်လာတယ်။ အရင်က မီးဝါဖြတ်ရင် စာမရောက်ဘူး။ ကားရော ဆိုင်ကယ်ရော မီးဝါဆိုရင် ရပ်ဖို့ သတိပေးချင်ပါတယ်” ဟု ယာဥ်စည်းကမ်း ချိုးဖောက်မိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား အသက် ၃၀ နှစ်အရွယ်ရှိ အမျိုးသမီး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့ပြင် ယာဥ်မောင်းလိုင်စင် ရုတ်သိမ်းထားချိန်ကာလအတွင်း ယာဥ်စည်းကမ်း ထပ်မံချိုးဖောက်ပါက ထောင်ဒဏ် (၃) လ နှင့် ငွေဒဏ် ၁ သောင်းဘတ် ပေးဆောင်ရမည်ဖြစ်ပြီး၊ သတ်မှတ်ထားသည့် အမှတ် (၁၂) မှတ် လျော့ချခံထားရသူသည် အမှတ်ပြန်လည် ရရှိနိုင်ရန်အတွက် ထိုင်းအာဏာပိုင်မှ ပေးမည့် သင်တန်းများကို တက်ရောက်ရမည် သို့မဟုတ် ၁ နှစ် စောင့်ရခြင်း၊ ယာဥ်မောင်းလိုင်စင် (၄) ကြိမ် ရုတ်သိမ်းခံထားရဖူးသူသည် ထိုင်းအာဏာပိုင်များ ယာဥ်မောင်းလိုင်စင် ကို အပြီးပိုင် ရုတ်သိမ်းသွားမည်ဟု ထုတ်ပြန်ထားသည်။

Leave a Comments

- Advertisement -spot_img

Latest article