Thursday, April 25, 2024

မြေမြိုလို့လူမျိုးမသုဉ်း လဝက ငွေမြိုရင်တော့ —-

Must read

“ မြန်မာစကား၊ တိုင်းရင်းသားဘာသာစကားမ တတ်တဲ့ တရုတ်တွေ မှတ်ပုံတင်လုပ်တာလွယ်မှလွယ်။ ကျမတို့ လုပ်တော့ ခက်လိုက်တာ” လို့ လားရှိုးမြို့နယ် ရှိ ကျေးရွာတစ်ခုတွင်နေထိုင်သည့် နန်းရွှေအောင် က ညည်းညူ လိုက်ပါတယ်။

တရားမဝင် မှတ်ပုံတင်လုပ်ငန်း

မှတ်ပုံတင် မရှိ တဲ့အသက်၃၀ အရွယ် နန်းရွှေအောင်ဟာ လွန်ခဲ့တဲ့ တနှစ်ကျော် တုန်းက လားရှိုးမြို့ပေါ်တက်ပြီး မှတ်ပုံတင် သွားလုပ်ခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။

သူမ မှတ်ပုံတင်သွားလုပ်ချိန်တုန်းကတရုတ်လူမျိုးတချို့နဲ့ တွေ့ဆုံခဲ့ရာ “ ကျမတို့ ရှမ်းလူမျိုးတွေ မှတ်ပုံတင်လုပ်ရင် သူတို့တွေက ရစ်တယ်။ အော်တယ်။ ဆူတယ်။ တရုတ်တွေ ကားနဲ့လာလုပ်ရင်တော့ ပြုံးနေတာပဲ” လို့ စိတ်မကောင်းစွာနဲ့ သူမ က မှတ်ပုံတင်သွားလုပ်တဲ့အချိန် ကြုံတွေ့ခဲ့တာတွေကို ပြန်ပြောပြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လားရှိုးမြို့မှာ လူဝင်မှုကြီးကြပ်ရေးရုံးက မြန်မာစကားလည်းမတတ်၊ တိုင်းရင်းသားစကားလည်းမတတ် တဲ့တရုတ်လူမျိုးတွေတွေ ကိုဥပဒေနဲ့မညီပဲ မှတ်ပုံတင်တွေ ပြုလုပ်ပေးနေ တယ်တာကို သူကိုယ်တိုင်မြင်ခဲ့တယ်လို့ နန်းရွှေအောင် က ပြောပါတယ်။

“ ကျမက သူတို့ကို မေးကြည့်တော့သူတို့က မြန်မာပြည်ကမဟုတ်ဘူး။ တရုတ်ပြည်ဘက်ကလူတွေလို့ပြောတယ်။ အဲ့မှာ ကျမ တော်တော်တုန်လှုပ်သွားတယ်” လို့ သူမ က ကြုံတွေ့ခဲ့ရတာကိုပြန်ပြောပြပါတယ်။

သျှမ်းပြည်မြောက်ပိုင်းမှာ နေထိုင်တဲ့ တောင်ပေါ်ဒေသ တိုင်းရင်းသားလူမျိုး တော်တော်များများက အသက်ပြည့် ပေမယ့် မှတ်ပုံတင်မရှိကြပါဘူး။

နယ်စပ်ဒေသမှာ ကြီးထွားနေတဲ့ မှတ်ပုံတင်အတုလုပ်ငန်း

“မြေမြို၍ လူမျိုးမပျောက်၊ ငွေမြိုမှ လူမျိုးပျောက်မည်” ဆိုတဲ့စာသားဟာ လူဝင်မှုကြီးကြပ်ရေး ဌာနရဲ့ လက်စွဲတစ်ခုပါ။

ဒါပေမယ့် မြန်မာ-တရုတ်နယ်စပ် လောက်ကိုင်၊ မူဆယ်မြို့တွေမှာ နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကတ်ပြုလုပ်ပေးတဲ့ အကြောင်းကို လူမှုကွန်ရက် စာမျက်နှာတွေမှာ ပေါ်တင် ကြော်ငြာနေတာကို မှတ်ပုံတင် အတုလုပ်ပေးနေသူတွေက တင်ထားပါတယ်။

တရားမဝင် မှတ်ပုံတင် အများဆုံးလုပ်ပေးနေတဲ့ လောက်ကိုင်

တရုတ်လူမျိုးစစ်စစ်တွေကိုလည်း မှတ်ပုံတင်အတု လုပ်ပေးတဲ့အကြောင်းနဲ့ မှတ်ပုံတင်လုပ်ရာမှာလည်း ခရိုင်အလိုက် စျေးနှုန်းကွာဟမှုရှိတဲ့ အကြောင်းကို မှတ်ပုံတင်အတုလုပ်ပေးနေတဲ့ အသက် ၃၅ ကျော်အရွယ်ရှိ ကိုနေ က ပြောပါတယ်။

“စျေးအမျိုးမျိုးရှိတယ်။ လဝက လက်မှတ်ပါရင်တော့ စျေးကြီးတယ်။ အိမ်ထောင်စုစာရင်းထဲပါရင် စျေးက တမျိုးပါ။ အိမ်ထောင်စုစာရင်းမထည့်ဘူး။ လဝက လက်မှတ်မပါဘူးဆိုရင်တော့ တရုတ်ငွေ ယွမ် ၅၀၀၀ (မြန်မာငွေပေါက်စျေး ၂၄သိန်းခွဲ) ရှိတယ်” လို့ ကိုနေ က ဆိုပါတယ်။

အိမ်ထောင်စုစာရင်း ထဲပါအောင်လုပ်ပေးစေချင်ရင် ပေးရ သလို လဝက တံဆိပ်ပါလိုချင်ရင် နောက်ထပ်စျေးနှုန်းတိုးသွားမှာ ဖြစ်တယ်လို့လဲသူက ရှင်းပြပါတယ်။

“လဝက တံဆိပ်ပါရင်တော့ ခရီးသွားလာလို့အဆင်ပြေတယ်။ Passport ပါလုပ်လို့ရမယ်။ အဲ့ဒါဆိုရင် စျေးက ယွမ် ၁သောင်းခွဲအထက်ရှိပါတယ်။ လဝက တံဆိပ်မပါရင်တော့ ပြည်ပ ခရီးထွက်ဖို့ အာမ မခံနိုင်ဘူး။ ပြည်တွင်းတော့ရမယ်” လို့ မှတ်ပုံတင် အတု လုပ်ပေးနေတဲ့ ကိုနေ က ရှင်းပြပါတယ်။

အဲ့ဒီမှတ်ပုံတင်တွေဟာ ပြည်တွင်းနေရာတကာ ခရီးသွားနိုင်ပြီး၊ စီးပွားရေးလည်း မြန်မာနိုင်ငံသားနဲ့ တန်းတူပဲ လုပ်ပိုင်ခွင့် တွေအပြည့် ရရှိကြောင်းကိုလည်း သူက ပြောပြပါတယ်။

“ လူသတ်မှု မလုပ်ရင် ရပြီ၊ ကျန်တာလုပ်နိုင်တယ်။ ဘယ်စီးပွားရေးမဆိုလုပ်လို့ရတယ်” လို့ ကိုနေ က ပြောပါတယ်။

လက်ရှိ လောက်ကိုင်မြို့တွင်လုပ်ပေးနေတဲ့ မှတ်ပုံတင် အများစုဟာ ကိုးကန့်/ ဗုဒ္ဓ ဆိုပြီးလုပ်ပေး နေတာဖြစ်ပြီး၊ တရက်လျှင် ပျမ်းမျှ အယောက် ၅ဦးမှ ၁၀ဦးရှိကြောင်းလည်း လောက်ကိုင်မြို့မှာ မှတ်ပုံတင် အတု လုပ်ပေးနေတဲ့ အသက် ၃၅နှစ်အရွယ် ကိုစိုင်း က ပြောပါတယ်။

တရားမဝင်မှတ်ပုံတင်ရောင်းဝယ်ရေး

“ တရုတ်ပြည်က တရုတ်လည်း လုပ်ပေးတယ်။ လောက်ကိုင်မြို့နယ် ၁၃/လကန(နိုင်) နဲ့ ကုန်ကြမ်းမြို့နယ် ၁၃/ကကန (နိုင်) ကို လုပ်ပေးတာများပါတယ်။ အဲ့ဘက်က ကိုးကန့်၊ ရှမ်းတွေဆိုပြီးထည့်တယ်။ လဝက လက်မှတ်လည်းပါတယ်။ အဲ့ဘက်က လုပ်ရတာ အလွယ်ဆုံးပဲ” ဟု မှတ်ပုံတင် အတုလုပ်ပေးနေတဲ့ ကိုစိုင်းက လက်ရှိလုပ်ဆောင်နေတဲ့အခြေအနေကို ရှင်းပြပါတယ်။

လောက်ကိုင်မြို့နယ် ဟာ မြန်မာ-တရုတ်နယ်စပ် မြန်မာပြည်အပိုင်ဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ အကြောင်းပြမှုနဲ့ တရုတ်ပြည်မှ နယ်စပ်ဂိတ်ကို ပိတ်ဆိုင်းခဲ့တာ ၂ နှစ်ကျော်ရှိလာပါပြီ။

ကိုဗစ်-၁၉ ကာလနဲ့ စစ်အာဏာသိမ်းပြီးနောက်မှာ တရုတ်ပြည်က ချမ်းသာတဲ့သူတွေဟာ မြန်မာဘက်ခြမ်း လောက်ကိုင်မြို့နယ်ဘက်ကိုလာပြီး လောင်းကစားရုံတွေ စီးပွားရေးတွေလုပ်ဆောင်လာကြပါတယ်။

ဒါ့ကြောင့် တရုတ်ပြည်မ ကလူတွေဟာ မြန်မာပြည်မှာနေထိုင်ဖို့အတွက် မှတ်ပုံတင်ကို အလုအယက် စျေးကြီးကြီးနဲ့ပေးပြီး အလုအယက် လုပ်ဆောင်လာတယ်လို့ လောက်ကိုင်မြို့ ဒေသခံတွေက ဆိုကြပါတယ်။

ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန်အစိုးရသက်တမ်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ အကူးအပြောင်းအစပိုင်းမှာ ပြည်ထောင်စုလွှတ်တော်ကနေပြီး မူဆယ်မြို့က တရုတ်လူမျိုးတွေကို မုန်းဝန်း-ဗမာ အဖြစ် မှတ်ပုံတင်လုပ်ပေးဖို့ တင်ပြချက် ရှိခဲ့ဖူးပေမယ့် ကန့်ကွက်ချက်တွေကြောင့် မအောင်မြင်ခဲ့ကြောင်း ၂၀၁၅ခုနစ် တွင် လားရှိုးခရိုင်အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဟောင်း စိုင်းဝမ်းလျန်းခမ်းက ပြောပြပါတယ်။

“ပြီးတဲ့ အစိုးရလက်ထက်က လွန်ခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်းမှာပေါ့ လားရှိုးမြို့ထဲက တရုတ်ပွဲစားအိမ်တစ်အိမ်မှာ မှတ်ပုံတင် အတုတွေ အများအပြားဖမ်းမိသေးတယ်” လို့ စိုင်းဝမ်းလျန်းခမ်းက ပြန်ပြောပြပါတယ်။

စစ်အာဏာမသိမ်းခင်တုန်းက တရုတ်တွေ ပိုက်ဆံပေးပြီး ဝယ်လုပ်တဲ့ မှတ်ပုံတင်ဈေးနှုန်းဟာ သိန်း ၃၀ ကနေ သိန်း ၃၀၀ အထိ ရှိတယ်လို့ ကြားဖူးပြီး အဲ့ဒီ ဝယ်ပြီးလုပ်တဲ့ မှတ်ပုံတွေက ရသွားပါက အတုပဲ ဖြစ်ကြောင်း၊ တရားမဝင်ကြောင်း လည်း သူကဆက်ပြောပြပါတယ်။

နိုင်ငံခြားသားတွေ မြန်မာနိုင်ငံသားမှတ်ပုံတင် ရဖို့ ချက်ချင်းမဖြစ်နိုင်ကြောင်း၊ အိမ်ထောင်စုစာရင်းရှိမှသာရနိုင်ကြောင်း လူတိုင်းလုပ်ချင်တိုင်းလုပ်ခွင့်မရှိတဲ့အကြောင်းကို လောက်ကိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးမှ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“ မှတ်ပုံတင်လုပ်ရင်တော့ ဒီတိုင်းတော့မရဘူး။ အိမ်ထောင်စုစာရင်းတွေရှိဖို့လိုမယ်။ နောက် တရုတ်တွေဆိုရင် ဒီတိုင်းချက်ချင်းမရဘူး။ ကိုးကန့်လူမျိုးဆိုရင်တော့ အဆင့်ဆင့်စစ်ဆေးပြီးမှရတာပါ။ တကယ်လို့ တရုတ်တွေက လာလုပ်ရင်လည်း အတုပဲရမှာ” လို့ ဝန်ထမ်းအမျိုးသားက ပြောပြပါတယ်။

လူဝင်မှုကြီးကြပ်ရေးဌာန က လာဘ်ပေး လာဘ်ယူလုပ်ပြီး မှတ်ပုံတင်လုပ်ပေးတယ်လို့ စစ်ဆေးပေါ်ထွက်လာရင် အပြစ်ဒဏ် ထောင် ဒဏ်အနှစ် ၂၀ မှ ၃၀ အထိကျခံရနိုင်ပါတယ်။ နိုင်ငံခြားသားတစ်ဦးက နိုင်ငံသား မှတ်ပုံတင်အတုကိုင် ထားပေမယ့်လည်း မြန်မာနိုင်ငံသားတစ်ဦးလို့သတ်မှတ်ခြင်းခံရတာကြောင့် လွှတ်တော်ကိုယ်စားလှယ် အဖြစ်သော်လည်းကောင်း နိုင်ငံရေးသမားအဖြစ်သော်လည်းကောင်း ဖြစ်လာနိုင်တယ်လို့ စိုင်းဝမ်းလျန်းခမ်းကပြောပါတယ်။

အခုကာလ က စစ်တပ်အာဏာသိမ်း တဲ့အချိန်ဆိုတော့ သူတို့ စိတ်တိုင်းကျ ဆောင်ရွက်နိုင်မှာ သေချာပေါက်ပဲ၊ လဝက စည်းမျဥ်း စည်းကမ်း ဥပဒေတွေကို သူတို့(စစ်တပ်) က ကြိုက်သလို ပြုပြင်ပြောင်းလဲနိုင်တယ်၊ ပိုက်ဆံအင်အားနဲ့ တရုတ်တွေကို မုန်း ဝန်း – ဗမာဆိုပြီး သူတို့ ပြောင်းလဲ လုပ်ပေးနိုင်ကြောင်းလည်း သူကပြောပါတယ်။

တရုတ်လူမျိုးတွေ ဘာကြောင့် မြန်မာမှတ်ပုံတင်လုပ်လိုသလဲ

မြန်မာနိုင်ငံသား မှတ်ပုံတင် လာဝယ်ချင်ကြတဲ့ တရုတ်အများစုက စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်ကြကြောင်း၊ KTV နဲ့ လောင်းကစားဝိုင်းတွေ တရားမဝင်တဲ့စီးပွားရေးတွေကို လုပ်ကိုင်ဖို့ အဓိက ရည်ရွယ်ကြောင်း လားရှိုးမြို့နေ ကုန်သည် မအေးရင်းကပြောပါတယ်။ တရုတ်ပြည်မကြီး တွင်နေထိုင်တဲ့ တရုတ်လူမျိုး တစ်ဦးက က အိမ်ထောင်စုစာရင်း ထဲထည့်ပေးဖို့ လာရောက်ညှိနှိုင်းဖူးတဲ့အကြောင်းကိုမအေရင်း က ပြောပြပါတယ်။

“အဲ့လူတွေက စီးပွားရေးအတွက် ပိုလုပ်ကြတယ်။ နိုင်ငံရေးမလုပ်ဘူး။စီးပွားရေးနဲ့သွားလာဖို့ ပိုအဆင်ပြေ အောင်သူတို့ လုပ်တာ။ အဓိကတော့ အိမ်ထောင်စုစာရင်းထဲက သေဆုံးသွားပြီဖြစ်တဲ့မိသားစုဝင်တွေနေရာမှာ သူတို့က အစားထိုးဝင်ချင်တယ် ဆိုပြီးလာညှိဖူးတယ်” လို့ မအေရင်း ကဆိုပါတယ်။

တရားမဝင်မှတ်ပုံတင် အများဆုံးလုပ်ပေးနေတဲ့လောက်ကိုင်

အိမ်ထောင်စုစာရင်းထဲက ကွယ်လွန်သွားပြီဖြစ်တဲ့ မိသားစုဝင်နေရာကို သေဆုံးသွားတဲ့သူနေရာကို ဝင်ရန် ကျပ်သိန်း (၇၀)နဲ့လာရောက်ညှိနှိုင်းခဲ့ပြီး၊ မြန်မာပြည်အတွင်း ခရီးသွားလာရန်အတွက် မှတ်ပုံတင်လုပ်ရန်နဲ့ စီးပွားရေးလုပ်ရန် လာရောက်ညှိနှိုင်းခဲ့ကြောင်းကို မအေရင်း က ပြန်ပြောပြပါတယ်။

“တရုတ်တွေက သျှမ်းပြည်ဘက်က အိမ်ထောင်စုစာရင်းတွေကို ဘာဖြစ်လို့ ဝယ်ချင်ကြလဲ ဆိုရင် ဗမာပြည်ဘက်က စာရင် ဒီရှမ်းပြည်က သူတို့ ဝင်ထွက်သွားလာလို့ လွယ်လို့လေ ၊ နောက်တစ်ခုက သူတို့ စီးပွားရေး အများစုလည်း ဒီနယ်စပ် လောက်ကိုင်၊ မူဆယ်၊ ပန်ဆန်း၊ ဒီဘက်တွေပဲ များတာကိုး၊ ရန်ကုန်တို့ မန်းလေးတို့ဆိုတာကလည်း ရှိရင်ရှိမှာပေါ့၊ ဒါပေမဲ့ သျှမ်းပြည်က တရုတ်တွေပါ ဆိုပြီး လုပ်နေကြတာ” လို့ မအေရင်းက ဆိုပါတယ်။

သျှမ်းပြည်မှာ တရုတ်ပြည်က စီးပွားရေးသမားတွေဟာ တဖြည်းဖြည်းနဲ့များလာမယ်ဆိုရင် သျှမ်းပြည်ရဲ့ စီးပွားရေးဟာ တရုတ်လက်တွေထဲရောက်သွားမှာ ဖြစ်ပြီး၊ တရုတ်စာ တရုတ်စကားတတ်မှ အလုပ်လုပ်လို့ရမယ့်အခြေအနေတွေ ဖြစ်လာနိုင်ကြောင်း သျှမ်းပြည်နယ်စပ်ဒေသတွင်နေထိုင်တဲ့ သျှမ်းနိုင်ငံရေးသမား စိုင်းမောင် က ပြောပါတယ်။

“ မူဆယ်၊ ပန်ဆိုင်း ဘက်တွေမှာ နယ်စပ်ဂိတ်ကပိတ်ထားပေမယ့် တရုတ်တွေကတော့ အရင်ကထက်ပိုများလာတယ်။ နောက်လောင်းကစားဝိုင်းတွေကလည်း လက်ညိုးထိုးတိုင်းရှိနေတယ်။ လောင်းကစားဝိုင်းတွေပိုင်ဆိုင်တဲ့သူတွေကလည်း တရုတ်တွေပဲ။ ကျနော်တို့ တိုင်းရင်းသားတွေ မရှိဘူး” လို့ စိုင်းမောင်က ထောက်ပြပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံခြားသားတွေ မြန်မာနိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကတ်လုပ်တဲ့ကိစ္စဟာ လက်တလောမှာတော့ ပြဿနာ ကြီးကြီးမားမားမရှိပေမယ့် နောက် ၁၀ နှစ်ကျော်ကာလမှာ ပြဿနာ မဖြစ်ဘူးလို့မပြောနိုင်ကြောင်း နောက်တချိန်မှာ နယ်စပ်ဒေသတွေမှာ တရုတ်တွေလွှမ်းမိုးတဲ့နယ်မြေတွေဖြစ်လာပြီး တိုင်ရင်းသားလူမျိုးတွေအတွက် အစစအရာရာ အခက်အခဲဖြစ်လာနိုင်ကြောင်းလည်း စိုင်းမောင် က မှတ်ချက်ပြုလိုက်ပါတယ်။

“ ဒီအချိန်မှာတော့ လုပ်ပေးတဲ့သူကလည်း ပိုက်ဆံရတယ်။ နောက် တရုတ်လူမျိုးလည်း နိုင်ငံသားမှတ်ပုံတင်ရသွားတယ်။ နောက်နောင် သူတို့မျိုးဆက်တွေကများလာရင် နိုင်ငံရေးမှာ သူတို့ပါလာနိုင်တယ်။ လောက်ကိုင်မှာတော့ တရုတ်စာ၊စကားတွေပဲလွှမ်းမိုးတဲ့နေရာဖြစ်နေပြီ၊ကျန်နယ်စပ်ဒေသတွေလည်းမဖြစ်လာနိုင်ဘူးလို့ပြောလို့မရဘူး” လို့ စိုင်းမောင် ကဆိုပါတယ်။

၂၀၁၉ခုနစ် စက်တင်ဘာတွင် နေပြည်တော်ကျောက်မျက်ပြပွဲတွင် မြန်မာမှတ်ပုံတင်ကတ် အတုဖြင့် ဝင်ရောက်ရန်ကြိုးပမ်းတဲ့ တရုတ်နိုင်ငံသား (၃)ဦးကို ဖမ်းမိခဲ့ပြီး၊ အဲ့ဒီ (၃)ဦးကို လိမ်လည်မှု၊ စာရွက်စာတမ်းအတု ပြုလုပ်မှု လ.ဝ.က အက်ဥပဒေ ၁၃(၁) တို့နဲ့ အမှုဖွင့်စစ်ဆေး အရေးယူခဲ့ပြီး ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။

အဲ့တရုတ်နိုင်ငံသား ၃ဦးကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၂၀/၄၆၈၊ ၁၉၄၇ ခုနှစ် လတ်တလောပြဋ္ဌာန်းချက်များ အက်ဥပဒေပုဒ်မ ၁၃(၁) တို့နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး ဒီပုဒ်မတွေဟာ အာမခံပေးခွင့် မရှိတဲ့အတွက် ၂၁ ရက် နေ့ထိ ချုပ်မိန့်ပေးခံရပါတယ်။

“အခုကြားနေရတဲ့ တရုတ်လူမျိုးတွေက မြန်မာနိုင်ငံသားဖြစ်ဖို့ သေဆုံးသွားတဲ့သူတွေရဲ့ မှတ်ပုံတင်အစားထိုး ဝယ်ယူနေတာပဲ ဖြစ်ဖြစ်၊ နိုင်ငံသား မဟုတ် မိသားစုဝင်မဟုတ်ဘဲနဲ့ တချို့အိမ်ထောင်စုစာရင်းဝင်ဖြစ်ဖို့ ကြိုးစားနေတာပဲ ဖြစ်ဖြစ် တရုတ်နိုင်ငံသားမှ မဟုတ်ဘူး၊ ဘယ်နိုင်ငံသား မဆို ဒီနိုင်ငံရဲ့ ဥပဒေကို ချိုးဖောက်တယ်ဆိုရင် ဒီနိုင်ငံက ပေးတဲ့ ပြစ်မှု ပြစ်ဒဏ်ကို ခံရမှာပဲ၊ ဒီနိုင်ငံရဲ့ ဥပဒေအရ အရေးယူခံရမှာပဲ” လို့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မြန်မာပြည်ထဲခိုးဝင်မှု အများဆုံးက ထိုင်းနဲ့ တရုတ်နယ်စပ်ကဖြစ်ကြောင်း၊ တခြားတိုင်းပြည်တွေဟာ နိုင်ငံကူးလက်မှတ်မရှိတဲ့သူကို အဝင်မခံကြောင်း၊ တရားမဝင်နည်းလမ်းနဲ့ နယ်စပ်ဖြတ်ကျော်မှုကိုလည်း တင်းကြပ်စွာ စည်းမျဥ်းထုတ်ထားကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ဆိုပါတယ်။

လောက်ကိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးမှ ဝန်ထမ်းတစ်ဦးကတော့ မှတ်ပုံတင်အတုလုပ်ပေးတဲ့သူတွေကိုရော ကော ငွေယူပြီး မှတ်တင်လုပ်ပေးတဲ့ လ.ဝ.ကတွေကိုပါ ကြီးလေးတဲ့ပြစ်ဒဏ်ပေး သင့်တယ်လို့ သူ့ရဲ့အမြင်ကိုပြောပါတယ်။

“လုပ်တဲ့သူတွေကို မှတ်လောက်သားလောက်အောင် အပြစ်ပေးဖို့လိုတယ်။ မဟုတ်ရင် သာမာအာဇီဝနဲ့လုပ်တဲ့ ဝန်ထမ်းတွေ ကိုထိခိုက်တယ်” လို့ ၎င်းကပြောပါတယ်။

နိုင်ငံခြားသားတွေကို မြန်မာနိုင်ငံသားစိစစ်ရေးကတ်ပြားအတုလုပ်ပေးသူရော တရားဝင်ဖြစ်အောင် လုပ်ပေးသူတွေ အနေနဲ့ ရော ရေရှည်စဥ်းစားစေလိုကြောင်း၊ ကိုယ်ကျိုးတစ်ခု ထဲကြည့်ပြီး မြန်မာပြည်ကို မရောင်းစား စေလိုကြောင်း လားရှိုးမြို့က နန်းရွှေအာင်က ပြောဆိုပါတယ်။

“ အခုတောင်ကျမတို့ သျှမ်းမြောက် လားရှိုး၊ မူဆယ်၊ လောက်ကိုင်ဘက် တရုတ်တွေလွှမ်းမိုးနေတာ။ ဒီမှတ်ပုံတင်လုပ်ပြီး တိုင်းပြည်ကိုရောင်းစားနေတဲ့သူတွေက ဆက်လုပ်ရင် မြန်မာပြည်က တရုတ်ပြည်ဖြစ်သွားနိုင်တယ်”လို့ စိတ်မကောင်းစွာနဲ့ ဝေဖန်ပြောဆိုလိုက်ပါတယ်။

(နန်းနောင့်နောင့်၊ စိုင်းဆိုင်လျန် ပူးပေါင်းရေးသားသည်။)

Leave a Comments

- Advertisement -spot_img

Latest article