Saturday, December 3, 2022

တန့်ယန်း ဆီးချိုရောဂါသည် အမျိုးသမီး ရွာပြင်ထုတ်ခံရ ဆေးကုသရန်ခက်ခဲ

Must read

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ဟိုတာကျေးရွာအုပ်စု ပန်ယာရုံကျေးရွာ ဆီးချိုရောဂါဝေဒနာခံစားနေရသည့် အမျိုးသမီးတစ်ဦး ကို ရွာသူကြီးမှ ရွာပြင်ထွက်နေခိုင်းကာ ဆေးကုသရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။

ဆီးချိုရောဂါသည်

ဆီးချိုဝေဒနာခံစားရသည့် အမျိုးသမီး မနွန်း သည် ၂၅ နှစ်သာရှိပြီး ယခုနှစ်စပိုင်းမှစပြီး ဆီချိုရောဂါ စတင်ဖြစ်ပွားကာ ဆေးပုံမှန်မကုသရသဖြင့် ဇွန်လပိုင်းတွင် ခြေချောင်းများ ပုတ်ပွလာသောကြောင့် ရွာသူကြီးမှ သူမကို ရွာပြင် ထွက်နေခိုင်ကြောင်း လက်ရှိ မနွန်းကို ကူညီပေးနေသည့် အမျိုးသမီး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ သူက ၂၅ နှစ်ပဲရှိသေးတယ်။ သူဆီးချိုဖြစ်တာ ၈ လလောက်ရှိပြီသူဖြစ်တာ။ ၃လအကြာမှာ ခြေချောင်းတွေပုတ်နေပြီ။ အဲလိုဖြစ်တော့ ရွာမှာ မပေးနေတော့ဘူး။ ရွာပြင်မှာသွားနေခိုင်းထားတဲ့” ဟု ၎င်းကူညီပေးနေသည့်အမျိုးသမီးက ဆိုသည်။

ထိုအမျိုးသမီးသည် ရွာပြင်မှာ တစ်ယောက်ထဲနေထိုင်ခဲ့ရပြီး ရောဂါကြောင့် ၎င်းအမျိုးသားနှင့်လည်း ကွဲသွားပြီး မိသားစုဝင်များလည်း သူမကို လက်မခံသဖြင့် ရွာပြင်ထွက်နေရကြောင်း သိရသည်။

“ သူက ရွာပြင်မှာ တစ်ယောက်ထဲသွားနေရတာ။ ဘယ်သူမှလည်း သူနားမသွားရဲဘူး။ သူကိုယ်သူပဲနေနေရတာ။ သူအိမ်မှာဘယ်လိုပုံစံနေရလည်းသွားမကြည်ရသေးဘူး။ ရွာကဆေးခန်းကိုတော့ သူကိုယ်ကိုယ်သူလာတာ။ ပြီးမှကျမတို့ကို အကူညီတောင်းလာလို့ တန့်ယန်မြို့ဆေးရုံကို ပို့ပေးလိုက်တာ” ဟု မနွန်းကို ကူညီပေးသူက ပြောသည်။

လက်ရှိထိုအမျိုးသမီးသည် တန့်ယန်ဆေးရုံတွင် ဆေးကုသခံနေရပြီး ခြေထောက်တစ်ဖက်ကို ဖြတ်ရမည်ဖြစ်ကြောင်း ဆရာဝန်က ပြောသည်။ သို့သော် ဆေးကုသရန်ခက်ခဲနေသောကြောင့် လက်ရှိတွင် သောက်ဆေးသာရရှိခဲ့ပြီး ခြေချောင်းကို မဖြတ်ရသေးကြောင်း သိရသည်။

“ အခုတော့ သူကို ဆေးရုံမှာပို့ထားတယ်။ ခြေထောက်တစ်ဖက်က ဖြတ်ရမယ်တဲ့။ ကျန်တစ်ဖက်ကတော့ မဖြတ်သေးဘူး။ ဆေးစမ်းကြည့်မယ်တဲ့။ တကယ်လို့ ကောင်းရင်တော့ မဖြတ်ရတော့ဘူး။ အခုတော့ သူဘာမှ သေချာမကုရသေးဘူး။ ပိုက်ဆံမလောက်ဆိုပြီး ခြေထောင်မဖြတ်ရသေးဘူး။ သူအတွက် ဆေးကုသဖို့ ငွေကြေးခက်ခဲနေတယ် ” ဟု အထက်ပါ ဒေသခံအမျိုးသမီးက ပြောသည်။

အဆိုပါ ဆီးချိုရောဂါသည် သေချာမကုသလာခဲ့ပါက ခြေချောင်း ၊ လက်ချောင်းတွေ ခံစားမှုအာရုံကြောတွေ အားနည်းလာပြီး အနာတွေဖြစ်လာကာ ပြည်တည်ပြီး ပုတ်ပွလာနိုင်ကြောင်း ဆရာဝန်က ပြောသည်။


“ ဆီးချိုရောဂါဖြစ်လာပြီး သေချာမကုရင်တော့ ကြာလာရင် အာရုံကြောတွေ အားနည်းလာမယ်။ ခြေချောင်း၊ လက်ချောင်းတွေ ထိတွေ့ခံစားတက်တဲ့ အာရုံကြောလည်း အားနည်းလာမယ်။ အဲချိန်မှာ ခြေချောင်းလက်ချောင်းတွေ အနာဖြစ်လာပြီး ပြည်တည်လာမယ်။ ပြီးတော့ ပုတ်ပွတဲ့အထိတော့ ဖြစ်နိုင်ပါတယ်” ဟု ဆရာဝန်တစ်ဦးက ပြောသည်။

ထိုအပြင် ဆီးချိုရောဂါသည် မျိုးရိုးမှ တစ်ဆင့်ဆင်းသက်လာနိုင်ကြောင်း၊ ဆီးချိုရောဂါရှိသူများသည်လည်း ဆရာဝန်နှင့် ပုံမှန်ပြသင့် ပြီး ဆေးကုသရန်လိုအပ်ကြောင်း ဆရာဝန်က ထပ်လောင်းပြောသည်။

“ ဆီချိုက မျိုးရိုးအလိုက်လည်းဖြစ်လာနိုင်တယ်။ ပြီးတော့ ကိုယ်တွင် သကြးဓာတ်တွေပိုတာထက်များနေရင်လည်း ဖြစ်နိုင်တယ်။ ဖြစ်ပြီးဆိုရင် ဆေးကုသပေးရန်လည်း ပျောက်ပါတယ်။ ဆရာဝန်နဲ့ ပုံမှန်ပြသပြီး ဆေးကုသဖို့လိုပါတယ်။ အရမ်းကြီးကြောက်စရာရောဂါမဟုတ်ဘူး။ ဆေးကုသပေးဖို့ပဲလိုတယ်” ဟု ဆရာဝန်က ပြောသည်။

၂၀၁၄ ခုနစ် စစ်တမ်းအရ မြန်မာနိုင်ငံတွင် ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်း အမျိုးသား အယောက် ၁၀၀ တွင် ၁၀ဦးနှုန်းဖြစ်ပြီး၊ အမျိုသမီးတွင် အယောက် ၁၀၀ တွင် ၉ဦးရှိကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article