သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်၏ ဈေးနေ့တွင် လောင်းကစားဝိုင်းများလာရောက်ဖွင့်လှစ်ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာလ လဆန်းပိုင်းမှ စတင်ကာ မိုင်းယော်တိုက်နယ် ဈေးအနီး နမ့်နွမ်းကျေးရွာတွင် ဖွင့်လှစ်သည့် လောင်းကစားဝိုင်းကို ဈေးနေ့ (ငါးရက်တစ်ဈေး၊ သျှမ်းပြည် ဈေးနေ့) ရောက်တိုင်း ဖွင့်လှစ် ဆော့ကစားနေကြောင်း ဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အရင်တုန်းကတော့ လောင်းကစားဝိုင်းက နေ့တိုင်းရှိတယ်၊ ဒါပေမဲ့ တိုက်ပွဲတွေ ရှိလာပြီးတဲ့နောက်မှာ ဈေးနေ့ ရောက်မှပဲ လောင်းကစားဝိုင်းရှိတယ်၊ ဖဲဝိုင်းတွေ၊ ကုန်းကင်းတွေ၊ ၃၆ ကောင်တွေ ရှိတယ်၊ ဒီလောင်းကစားဝိုင်း ကြောင့်နဲ့ မိသားစုတွေ ပြိုကွဲရတာနဲ့ စားဝတ်နေရေးလည်း ပိုခက်ခဲလာတယ်၊ နိုင်ငံရေးကလည်း မကောင်းတော့ အဖက်ဖက်က ခက်ခဲရတယ်” ဟု အသက် ၅၀ ကျော် ဒေသခံအမျိုးသားက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားသည့် အာဏာသိမ်း စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ တိုက်ပွဲ မတိုင်ခင်တွင် လောင်းကစားဝိုင်းနေ့တိုင်း ဖွင့်လှစ်ဆော့ကစားသော်လည်း တိုက်ပွဲ ဖြစ်ပွားသည့်နောက် ဈေးနေ့ရောက်မှသာ ဖွင့်လှစ်ဆော့ကစားကြောင်း ဒေသခံများက ပြောသည်။
ယင်းကဲ့သို့ လောင်းကစားဝိုင်း ဖွင့်လှစ်ခြင်းကြောင့် ဒေသအတွင်း ခိုးဆိုးလုယက်မှု ပေါလာပြီး အိမ်စောင့်ရန် အိမ်သားတစ်ယောက်ချန်ထားရသည့်အတွက် လုပ်ငန်းပိုင်းထိခိုက်မှုရှိနေကြောင်းလည်း ၎င်းအမျိုးသားက ပြောသည်။
“လောင်းကစားဝိုင်းတွေ မရှိခင်က အိမ်ကို သော့ခတ်ပြီး တစ်အိမ်သားလုံး အလုပ်သွားလုပ်လို့ရတယ်၊ အခုတော့ သူခိုးတွေ ပေါလွန်းလို့ ကျန်းမာသန်စွမ်းတဲ့ အိမ်သားတစ်ယောက်ကို အိမ်စောင့်ထားထားရတယ်၊ အဲ့လိုကျတော့ အလုပ်လုပ်တဲ့သူ လျော့သွားတော့ အလုပ်လုပ်နိုင်စွမ်းလည်း ထိခိုက်တာပေါ့” ဟု အသက် ၅၀ ဝန်းကျင် ဒေသခံ အမျိုးသား တစ်ဦးက ထပ်လောင်းပြောသည်။
သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို အိမ်စောင့်အဖြစ်ထားပါက သူခိုးရန်ပြုမည်ကို စိုးရိမ်သောကြောင့် ကျန်းမာသန်စွမ်းသည့် အိမ်သားကို အိမ်စောင့်ထားရကြောင်း မိုင်းယော်တိုက်နယ်ဒေသခံများ ပြောပြချက်အရသိရသည်။
မိုင်းယော်တိုက်နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့အပြင် KIA တပ်ဖွဲ့၊ KIA တပ်ဖွဲ့၊ SSPP တပ်ဖွဲ့နှင့် TNLA တပ်ဖွဲ့တို့က သွားလာလှုပ်ရှားနေလျက်ရှိပြီး လက်ရှိဖွင့်လှစ်နေသည့် လောင်းကစားဝိုင်းသည် ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ အချို့ပါဝင် ပတ်သက်နေကြောင်း သတင်းသိရသည်။
ယခင် NLD အစိုးရလက်ထက်က ပွဲလမ်းသဘင်များတွင် လောင်းကစားဝိုင်းများ ဖွင့်ခွင့်မရှိဘဲ ယခု စစ်တပ် အာဏာသိမ်းပြီးနောက် ပွဲတိုင်းနီးပါးအပြင် ဈေးတွင်းလည်း လောင်းကစားဝိုင်းများပါရှိပြီး သျှမ်းပြည်တစ်ဝှမ်းရှိ မြို့နယ်တိုင်း လောင်းကစားဝိုင်းများ ယခင်ထက် ပိုမို များပြားစွာရှိလာသည်။