Friday, April 26, 2024

မိုးမိတ်မြို့နယ်အတွင်း စစ်ကောင်စီ မှ တစ်ဖက်သတ် လက်နက်ပစ်ခတ်နေ

Must read

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ် မြို့သစ်ကျးရွာဘက်တွင် အာဏာသိမ်း စစ်ကောင်စီဘက်မှ တစ်ဖက်သတ် သေနတ် ပစ်ခတ်ခဲ့ကြောင်း သတင်း သိရသည်။

ယနေ့ အောက်တိုဘာ ၃၁ ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် မိုးမိတ်မြို့နယ် မြို့သစ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းမှ သေနတ်ပစ်ခတ်သံများ တစ်ဖက်သတ် ထွက်ပေါ်လာကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နေ့လည်ပိုင်း ၁၁ နာရီ ၅၀ မိနစ်ကနေ ၁၂ နာရီအထိ တပ်စခန်းထဲက တစ်ဖက်သတ် ပစ်ခတ်သံတွေ ထွက်ပေါ် လာတယ်၊ သူတို့ အချင်းချင်းပဲ ရန်ဖြစ်ကြလို့ ပစ်ကြတာလား မသိဘူး၊ ခဏလေးပဲ ကြားတယ်၊ အသံတွေပဲ ပြန်ငြိမ်သွားတယ်” ဟု မိုးမိတ်ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မြို့သစ် ကျေးရွာ နှင့် အနီးတစ်ဝိုက်သည် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံးများ တည်ရှိရာ နေရာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ ယာယီစခန်း ချထားရာ နေရာလည်း ဖြစ်ကြောင်း ဒေသခံများက ဆက်ပြောသည်။

မိုးမိတ်မြို့

“မြို့သစ်ဘက်မှာက ထွေအုပ်ရုံးတွေ၊ ဌာနဆိုင်ရာ ရုံးတွေ ရှိတယ်၊ ဒါကြောင့်မို့ တိုက်ပွဲတွေ စဖြစ်ခဲ့တဲ့ ဇူလိုင်လ ကတည်းက စစ်ကောင်စီတပ် ခလရ (၂၂၃)၊ (၂၇၆) နဲ့ ခမရ (၃၄၈) တို့က တပ်သားတွေကို နည်းနည်းစီ စုပြီး ယာယီစခန်း တစ်ခုလည်းရှိတယ်” ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။

လက်ရှိ စစ်ကောင်စီ တပ်စခန်းဘက်မှ ပစ်ခတ်သံများ ထွက်ပေါ်လာခြင်း နှင့် ပတ်သက်ပြီး မည်သည့် အကြောင်းကြောင့် ဖြစ်ရသည်ကို သျှမ်းသံတော်ဆင့်မှ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

မိုးမိတ်မြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်အပြင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က သွားလာလှုပ်ရှားလျက်ရှိကြောင်း သတင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article