သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာမှ ဒေသခံ အမျိုးသား တစ်ဦး ကိုဗစ်-၁၉ ဖြင့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါ အမျိုးသားသည် အောက်တိုဘာ (၂၄) ရက်နေ့ ည အချိန်တွင် သေဆုံးသွားကြောင်း သိရှိရသည်။
“ သူက ပန်ကေတု ကနေလာတာ။ နေမကောင်းလို့ မိုင်းကိုင် ပြည်သူ့ ဆေးရုံမှာ ဆေးလာကုတာ။ ကိုဗစ် ဖြစ်တာ။ လာကုကတည်းက သူများသူ့ကို သီးသန့်ထားတယ်။ မနေ့ညက သေသွားတယ်တဲ့ ။ ဒီနေ့သင်္ဂြိုလ်တယ်” ဟု မိုင်းကိုင်မြို့ သံဃာ့ဩဝါဒခံ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ သေဆုံးသွားသူသည် အသက် (၆၀) ကျော်ဝန်းကျင်ရှိ အမျိုးသား ဖြစ်ကြောင်း သိရသည်။
လက်ရှိ မိုင်းကိုင်မြို့တွင် ကိုဗစ် – ၁၉ ကြောင့် သေဆုံးမှုများရှိနေသော်လည်း ပြည်သူများက ပေါ့ဆမှုရှိနေကြောင်း သိရသည်။
“မြို့ထဲမှာတော့ အေးဆေးသွားလာနေတာပဲ။ ဘာမှ ကြောက်တာ ထိတ်လန့်တာမရှိပါဘူး။ ပုံမှန်ပါပဲ။ တစ်ချို့ဆိုလည်း mask ( နှာခေါင်းစည်း) မတပ်ပဲ သွားလာတဲ့သူတွေလည်းရှိနေတာပဲ” ဟု မိုင်းကိုင်မြို့ သံဃာ့ဩဝါဒခံ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မိုင်းကိုင်မြို့သည် ယခုနောက်ပိုင်း တစ်ကြော့ပြန်ထလာသည့် ကိုဗစ် -၁၉ ကြောင့် သေဆုံးသူ ၂ ဦးရှိနေပြီ ဖြစ်ကြောင်း သိရသည်။
သျှမ်းပြည်တစ်ဝှမ်းတွင် ကိုဗစ်- ၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၃၉ ဦးရှိသည်ဟု စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဌာနမှ ယမန်နေ့ အောက်တိုဘာ ၂၄ ရက်နေ့ ထုတ်ပြန်ချက် အရသိရသည်။