သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ရှိ အမျိုးသားတစ်ဦး (၃) ရက်ကြာ ပျောက်ဆုံးသဖြင့် မိသားစုဝင်များ စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။
ပျောက်ဆုံးသွားသူ အသက် (၃၀) ဝန်းကျင်ခန့်ရှိ စိုင်းဝင်းထက် (ခ) သားကြီးသည် အောက်တိုဘာ (၁၅) ရက်နေ့ နေ့လည် ၂ နာရီ ဝန်းကျင်က ငါးဖမ်းရန်အတွက် ထွက်သွားစဥ် ပျောက်ဆုံးသွားကြောင်း မိသားစုဝင် တစ်ဦး ကပြောသည်။
“အစ်ကို က ဉီးလေး နဲ့ ရပ်ကွက် (၁) ထဲက ကျောက်ကျင်းဘက်ကို လိုက်သွားတာ။ ကျောက်ကျင်းဘက်က ကလေးတွေ နဲ့ ငါးဖမ်းဖို့သွားတယ်။ ရေစုပ်စက် နဲ့ ရေထုတ်ရမယ်ဆိုပြီးတော့ ညီမရဲ့ အစ်ကို ကို ဓာတ်ဆီသွားဝယ်ခိုင်းတာ။ ဓာတ်ဆီသွားဝယ်ရင်းလမ်းမှာပျောက်သွားတယ်၊ အခုထိ ပြန်ရှာလို့ မတွေ့သေးဘူး။ ဘယ်သူမှလည်း အကြောင်းမကြားလာဘူး၊ အခုသူက ဆံပင်အဝါရောင် ဆိုးထားတယ်“ ဟု ၎င်း ညီမဖြစ်သူ ကပြောသည်။

အဆိုပါ ပျောက်ဆုံးသွားသူသည် ညအိပ်ဝတ်စုံ နှင့် ဆံပင် အဝါရောင် ဆိုးထားပြီး ဓာတ်ဆီ ထွက်ဝယ်ရန်အတွက် ကျောက်ကျင်းဘက်သို့ ပျောက်ဆုံးသွားကြောင်း သိရသည်။
“ အခု ညီမ အစ်ကို ကိုအရမ်းစိတ်ပူနေတယ်။ အစ်ကို စိတ်ပုံမှန်လည်း မဟုတ်တော့၊ အခုလိုပျောက်သွားတော့ အစ်ကို ဘယ်လိုဖြစ်သွားမလဲဆိုတာ ညီမ အရမ်းစိုးရိမ်နေတယ် “ ဟု ၎င်းညီမက ထပ်လောင်းပြောသည်။
ထို့အပြင် စိုင်းဝင်းထက် (ခ) သားကြီး ဆိုသူကို တွေ့ပါက ဖုန်းနံပါတ် ၀၉- ၆၈၃ ၅၄၆ ၅၂၅ ကို ဆက်သွယ်ပြီး အကြောင်းကြားပေးစေလို တောင်းဆိုထားသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကျောက်မဲမြို့နယ်တွင်း သာမက သျှမ်းပြည်အတွင်း ဒေသခံ ပြည်သူများ မကြာခဏ ဖမ်းဆီးခံရခြင်း၊ လူပျောက်ခြင်းများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရှိရသည်။











Leave a Comments