သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့ ရပ်ကွက် (၅) အတွင်း ဖွင့်လှစ်ထားသော ထွန်းရွှေ အရောင်းဆိုင်တွင် ယမန်နေ့ (အောက်တိုဘာ ၁၆) ရက်၊ နံနက်ပိုင်း ၈ နာရီတွင် ရွှေဆွဲကြိုးလာဝယ်သော အမျိုးသမီးနှစ်ဦးက ကျပ်သိန်း (၆၀) တန် ရွှေဆွဲကြိုး တစ်ကုံးကို ခိုးယူသွားကြောင်း စုံစမ်းသိရှိရသည်။
“သူတို့ နှစ်ယောက်က ရွှေကို အယောင်ဆောင် လာဝယ်တာ။ အဲ့လိုလာပြီး ညီမလေးကို တစ်ခုပြီးတစ်ခု လာမေးတယ်။ ညီမလေးက တစ်ခုထုတ်ပြလိုက်တယ်၊ အဲ့ဒါ တစ်ခုကို လက်နဲ့ အုပ်ထားပြီး နောက်တစ်ခုကို ထုတ်ပြခိုင်းတာ။ လက်နဲ့ အုပ်ထားပြီး နောက်အမျိုးသမီးတစ်ဦး သူရှေ့မှာ ကာထားပေးပြီးတော့ အိတ်ထဲကို ထည့်သွားလိုက်တာ“ ဟု ၎င်း ထွန်းရွေဆိုင်၏ ပိုင်ရှင်ဖြစ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အဆိုပါ ခိုးယူခံရသော ရွှေဆွဲကြိုး၏ အလေးချိန်မှာ ၂ ကျပ် နဲ့ ၂ ပဲခန့် ရှိပြီး လက်ရှိ ၎င်း၏ ရွှေဈေးနှုန်း ကာလပေါက်ဈေးမှာ မြန်မာကျပ်ငွေ သိန်း (၆၀) တန်ကြောင်း သိရသည်။
အလားတူ ရွှေဆွဲကြိုးကို ခိုးယူသွားသော အမျိုးသမီးနှစ်ယောက်မှာ လက်ရှိတွင် ဖမ်းဆီးဆောင်ရွက် နိုင်ခြင်းမရှိသေးကြောင်း တခြားမြို့နယ်မှလာသော ဒေသခံများ ဖြစ်နိုင်ကြောင်း ၎င်း ရွှေရောင်းဆိုင် ပိုင်ရှင်ဖြစ်သူတစ်ဦးက ထပ်လောင်းပြောသည်။