သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ဘော်တွင်းအနီး ပတ်ဝန်းကျင်တွင် လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရကြောင်း သတင်းသိရသည်။
ယနေ့ စက်တင်ဘာလ ၂၇ ရက် မွန်းလွဲ ၂ နာရီခွဲမှ စတင်ကာ လက်နက်ကြီးသံများ စတင်ကြားရပြီး နမ္မတူမြို့နယ် ဘော်တွင်းဘက်မှ အသံထွက်လာကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“၂ နာရီခွဲကနေ အခုထိ အသံကြားနေရတုန်းပဲ၊ စုစုပေါင်း ၇ ချက် လောက်ရှိနေပြီ၊ လက်နက်ကြီးသံတွေပဲ ကြားနေရတယ်၊ သေနတ်ပစ်ခတ်သံတော့ မကြားရဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

လက်ရှိ ဖြစ်ပွားနေသည့် ပစ်ခတ်မှုသည် မည်သည့်လက်နက်ကိုင် တပ်ဖွဲ့နှင့် ဖြစ်ပွားနေသည့် အကြောင်းကို သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
“ဘယ်အဖွဲ့နဲ့ ဘယ်အဖွဲ့ ပစ်နေကြလဲတော့ မသိရပါဘူး၊ တစ်ဖက်တည်း ပစ်ခတ်တဲ့ အသံလို ဖြစ်နေပါတယ်၊ သေနတ်သံမကြားရပေမဲ့ လက်နက်ကြီးသံတွေ အဆက်မပြတ်ထွက်လာတော့ ထိတ်လန့်ရပါတယ်” ဟု အထက် ပါ ပုဂ္ဂိုလ်က ပြောသည်။
အဆိုပါ ဘော်တွင်းဘက်တွင် စစ်ကောင်စီတပ် ခမရ ၃၂၄ တည်ရှိနေပြီး အဆိုပါ ပတ်ဝန်းကျင်တွင် ကချင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KIA နှင့် ပူးပေါင်း PDF တပ်ဖွဲ့တို့မှ လှုပ်ရှားနေကြောင်း သတင်းသိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့တွင်လည်း နမ္မတူမြို့နယ် ဟင်ပုတ်ကျေးရွာအုပ်စုရှိ လွယ်မြေ ကျေးရွာ နှင့် နမ့်လကျေးရွာကြားတွင် စစ်ကောင်စီ နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်းလည်း သတင်းသိရသည်။











Leave a Comments