Wednesday, April 24, 2024

ဝမ်းရေးအတွက် တိုင်းတပါးမှာ ခက်ခဲစွာ ရုန်းနေရသူများ

Must read

လမ်းမဘေး ပလပ်ဖောင်းပေါ်မှာ ဆေးလိပ်သောက်နေတဲ့သူက သောက်၊ ထိုင်းနိုင်ငံ အသင့်စား ခေါက်ဆွဲဗူး စားနေသူက စားပြီး၊ ငုတ်တုတ်ထိုင်တဲ့ သူကထိုင်၊ အိပ်နေတဲ့သူက အိပ်နေကြပြီး အဲ့လူတွေရဲ့ ဘေးမှာကတော့ အိတ်တွေကိုယ်စီ နဲ့ အလုပ်လာခေါ်မယ့် အလုပ်ရှင်တွေကို မျှော်နေကြတဲ့သူတွေပါ။

အလုပ်စောင့်ဆိုင်းတဲ့သူတွေဟာ မနက် (၅) နာရီခွဲ က အိပ်ယာထလာပြီး မနက် (၇) နာရီ မတိုင်ခင် အဲ့နေရာကို အရောက်လာကြပါတယ်။

အဲ့နေရာကို လာရောက်စောင့်ဆိုင်းတဲ့သူတွေက ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ကိုရောက်ရှိနေတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမား တွေ ဖြစ်ပြီး၊ အဲ့နေရာမှာ တစ်ရက်လျှင် အလုပ်သမား (၅၀) ကျော် လာရောက် စောင့်ဆိုင်းပါတယ်။

အလုပ်စောင့်ဆိုင်းနေတဲ့ သူများ

ကားတစ်စီး ဖြတ်သွားတိုင်း အလုပ်စောင့်ဆိုင်းသူတွေဟာ ခေါင်းလေးထောင်ပြီး လိုက်ကြည့်ရတာ အမောပါ။ အဲ့ထဲမှာတော့ အသက် (၅၀) ကျော် ပါနန်းမွန်းတယောက်လည်း အပါအဝင်ပါပဲ။

သူမဟာ ထိုင်းနိုင်ငံ ချင်းမိုင်ကို ရောက်ရှိလာတာ (၁၀) နှစ် နီးပါးရှိခဲ့ပြီး ဒီလို လမ်းဘေး ပလပ်ဖောင်းနေရာမှာ မနက် (၇) နာရီ မထိုးခင်ကတည်းက လာထိုင်ပြီး နေ့စား အလုပ်ခေါ်ဖို့ စောင့်ဆိုင်းလာရတာ ၂ နှစ်ကျော် ရှိလာပါပြီ။

အရင်က ပါ့ခမ်းမွန်း ဟာ အိမ်အကူလုပ်ငန်း၊ စားသောက်ဆိုင် အကူလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပြီး ကိုဗစ် – ၁၉ ကူးစက်မှု ဖြစ်ပြီးနောက်မှာ အလုပ်လက်မဲ့ ဖြစ်ရာကနေ နေ့စားအလုပ် လာရောက်လုပ်ရပါတယ်။

အလုပ်စောင့်ဆိုင်းနေတဲ့ သူများ

“ ကျမ က မနက် (၇) နာရီ ကျော်လောက်က နေ့စားအလုပ်ခေါ်တဲ့ ကားကိုစောင့်နေတာ။ နေ့လည်ပိုင်း (၁) နာရီလောက်ထိ ကားကိုထိုင်စောင့်ပါတယ်။ ကား မလာတော့လည်း အိမ်ပြန်ပြီး အလကား နားနေရတာပေါ့ “ ဟု ပါနန်းမွန်းက ဝမ်းနည်းစွာဖြင့် ပြောလိုက်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတွေ နေ့စားလိုက်ရင် တစ်ရက်ကို အများဆုံး ထိုင်းဘတ်ငွေ (၅၀၀) ဘတ် ရပြီး အနည်းဆုံးမှာ တစ်ရက်ကိုတော့ ထိုင်းဘတ်ငွေ (၂၅၀) ဘတ် ရကြပါတယ်။

နေ့စားအလုပ်တွေဟာ အမျိုးသမီးတွေ အတွက် ခြံသန့်ရှင်းရေး၊ စိုက်ပျိုးရေးလုပ်ငန်း နဲ့ အလုပ်ပိုင်ရှင်ခိုင်းသမျှ လုပ်ပေးရပြီး လူအင်အားတွေ များရင်တော့ အလုပ်ပိုပြီးလွယ်တယ်လို့ ပါနန်းမွန်း က ပြောပြပါတယ်။

အလုပ်စောင့်ဆိုင်းနေတဲ့ သူများ

နေ့စားခ ဆိုတဲ့အတွက် အလုပ်ရှင်လာခေါ်မှသာ အလုပ်ရှိသဖြင့် နေ့တိုင်း အလုပ်မရတဲ့အတွက် အခက်အခဲများစွာ ရှိကြောင်းလည်း သူမ ကသက်ပြင်းချ ပြောပါတယ်။

“ဒီလို နေ့တိုင်းအလုပ်လာစောင့်တယ်။ တစ်နေ့သွားပြီးရင် နောက်တစ်နေ့မသွားရတော့ဘူး။ တစ်နေ့သွားရရင် (၄-၅) ရက် လောက်တော့ နားရတယ်။ အခုတစ်ပတ်လည်း အလုပ်က (၂) ရက်လောက်ပဲ သွားရသေးတယ် “ ဟု ပါနန်းမွန်းက ဆိုပါတယ်။

နေ့စားလုပ်တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ ပုံမှန်နေ့တိုင်းတွင် အလုပ်မသွားရသောကြောင့် ဝင်ငွေလည်း ချွေတာစုဆောင်းရပါတယ်။

အခန်းခ တစ်လကို ထိုင်းဘတ်ငွေ (၁,၄၀၀) ဘတ်ကုန်ပြီး ရေ၊ မီး ခ များကို ထပ်မံပေးဆောင်ရသဖြင့် တစ်လကုန်စရိတ် နဲ့ လုပ်အားခ မကိုက်ညီ ကာ ထမင်းနပ်မမှန်တဲ့ ရက်တွေလည်း ကြုံတွေ့နေရကြောင်း ပါနန်းမွန်းက သူမရဲ့ လက်ရှိ ကြုံတွေ့နေရတာကို ဖွင့်ဟလိုက်ပါတယ်။

အလုပ်စောင့်ဆိုင်းနေတဲ့ သူများ

“တစ်လဝင်ငွေကတော့ မရှိဘူး။ တစ်နေ့အလုပ်သွားပြီးရင် ရလာတဲ့ငွေတွေနဲ့ ဟင်းချက် စရာတွေလည်း ဝယ်ရသေးတယ်။ တခါတစ်လေ တော့လည်း ထမင်း ပုံမှန်မစားရဘူး။ လကုန်ရင် အခန်းခပေးဖို့ ပိုက်ဆံမရှိဘူး။ ကိုယ့်အသိဆီက ချေးယူရတာလည်း ရှိတာပေါ့ “ ဟု ပါနန်းမွန်းက စိတ်မကောင်းစွာနဲ့ ပြောပါတယ်။

သူမဟာ တစ်လကို နေ့စားအလုပ် ပုံမှန်မရှိဘဲ အများဆုံး တစ်လလျှင် (၁၄) ရက်သည် အလုပ်သွားရပြီး ကျန်သော (၁၆) ရက်မှာ အလုပ်နားနေရသော ရက်များဖြစ်ပါတယ်။

အလုပ်စောင့်ဆိုင်းနေတဲ့ သူများ

ပါနန်းမွန်း နည်းတူ အလုပ်ပုံမှန်မရတဲ့ အတွက် တစ်ရက်လျှင် ထိုင်းအသင့်စား မားမား ခေါက်ဆွဲ ၂ ထုတ်ကိုသာ စားသုံးပြီး ဖြတ်ကျော်နေရတယ် လို့ အသက် (၄၀) နှစ်အရွယ်ရှိ စိုင်းပင်းခေး က သူ လက်ရှိကာလ ကြုံတွေနေတာကို ရင်ဖွင့်ပြောပြပါတယ်။

“တစ်နေ့ကို ခေါက်ဆွဲနှစ်ထုပ်ဘဲ စားရတယ်။ အလုပ်မသွားရတာ (၄) ရက်ရှိပြီ။ ဒီနေ့လည်း ကားလာတာကို ထိုင်စောင့်တာ။ ဒီနေ့ကော အလုပ်ခေါ်မယ့်သူ ရှိမလားတော့ မသိသေးဘူး “ ဟု လက်ရှိမှာ အလုပ်လက်မဲ့ ဖြစ်နေတဲ့ စိုင်းပင်းခေးက ပြောသည်။

စိုင်းပင်းခေးဟာ ယခင်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလုပ်တစ်နေရာ လခစားအဖြစ်အလုပ်လုပ်ခဲ့ရာ၊ ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ အခြေအနေ စီးပွားရေးကျဆင်းမှု အလုပ်ထုတ်ခံလိုက်ရပြီး အလုပ်လက်မဲ့ဖြစ်ခဲ့ရသူ တစ်ဦးဖြစ်ပါတယ်။

ဒါ့ကြောင့် သူကလည်း စားဝတ်နေရေးအတွက် နေ့စားအလုပ်ကို လုပ်ကိုင်နေရကြောင်း ဖြစ်ပါတယ်။

“အလုပ်က နေ့တိုင်းမရှိတော့ ခက်တယ်။ အလုပ်တစ်ရက် သွားရရင် ကျန်တဲ့ရက်တွေက မသွားရတော့ဘူး။ အလုပ်သွားမှ ပိုက်ဆံရတော့ မလွယ်ဘူး။ အခုချိန်မှာ အလုပ်မသွားရတော့လို့ စားဖို့သောက်ဖို့ တောင်ခက်ခဲနေတယ် “ ဟု စိုင်းပင်းခေးက ဆိုပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် (၂၀၁၉) ခုနှစ်မှာ ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား ဦးရေမှာ ( ၉၀,၀၀၀) ကျော်ရှိရာမှ စစ်အာဏာသိမ်းပြီး (၁) နှစ်ကျော်ကာလတွင် ချင်းမိုင်မြို့နယ်ထဲရှိ မြန်မာရွေ့ပြောင်းအလုပ်သမားဦးရေမှာ (၁၂၀,၀၀၀) ကျော် ပိုများလာကြောင်း ချင်းမိုင် အခြေစိုက် MAP Foundation ကနေ သိရပါတယ်။

ကိုဗစ်ကာလ နဲ့ အလုပ်လက်မဲ့ဖြစ်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အဖွဲ့အစည်းက စားနပ်ရိက္ခာများအတွက် ထောက်ပံ့ပေးမှု ရှိပေမယ့် အများကြီး မထောက်ပံ့ ပေးနိုင်သေးကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားဆောင်ရွက်သူ ပီတောင်းခမ်းက ဆိုပါတယ်။

အလုပ်စောင့်ဆိုင်းနေတဲ့ သူများ

“တချို့တွေက ကျန်းမာရေးမကောင်းလို့ အလုပ်မလုပ်နိုင်ဘူး ဆိုရင် စားနပ်ရိက္ခာအတွက် ထောက်ပံ့ပေးတယ်။ အများကြီးတော့ မထောက်ပံ့နိုင်သေးဘူး။ ဘာလို့လည်းဆိုတော့ အခုက များသောအားဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အတွက် လုပ်ခလစာ အပြည့်အဝမရတာ၊ အမျိုးသမီးအတွက်ဆိုရင် အကြမ်းဖက်ခံရတာတွေနဲ့ ပတ်သက်ပြီး ကူညီဖြေရှင်းပေးရတာ ဖြစ်တယ် “ဟု ပီတောင်းခမ်းက ဆိုပါတယ်။

လက်ရှိတွင် မြန်မာရွေ့ပြောင်းအလုပ်သမား တချို့ဟာ နေ့စားအလုပ်ကိုသာ ထိုင်စောင့်နေရပြီး အလုပ်မရှိပါက ဝင်ငွေမရတဲ့အတွက် ရှိထားသော ဝင်ငွေအနည်းငယ်ကိုသာ ချွေသာစုဆောင်း နေရပြီး အနာဂတ်အတွက် လမ်းပျောက်နေကြပါတယ်။

“ဒုက္ခတော့ ရောက်တာပေါ့၊ ဒီတိုင်းပဲ နေ့စားအလုပ်ကို ထိုင်စောင့်ရမှာလား၊ ဘယ်သွားရမှာလည်း မသိတော့ဘူး။ ရှိသလောက်တော့ ချွေသာပြီး သုံးနေရတယ်။ ရှေ့ဆက် အနာဂတ်အတွက်တော့ အလုပ်ကတော့ ရှာပြီးလုပ်ရအုံးမှာပဲ၊ မလုပ်ရင်လည်း မစားရဘူး“ လို့ ပါနန်းမွန်းက ပြောလိုက်ပါတယ်။

မြန်မာပြည်ရဲ့ နိုင်ငံရေး အခြေအနေ၊ သျှမ်းပြည် ရဲ့ သျှမ်းတပ် (၂) တပ် တိုက်ပွဲတွေကြောင့် ထိုင်းရောက် သျှမ်းပြည်သား တွေဟာ နေရပ်ပြန်ဖို့ ပိုအလှမ်းဝေးလာကြပါတယ်။

လက်ရှိမှာလည်း သျှမ်းတပ် (၂) တပ်ရဲ့ စစ်ရေးတင်းမာမှုတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ တပ်သားသစ် စုဆောင်းမှုတွေကြောင့် သျှမ်းပြည်က ပြည်သူတွေ ထိုင်းဖက်ကို နေ့စဥ်နဲ့အမျှ ခိုးဝင်လာပြီး အလုပ်အကိုင် လာရောက်ရှာဖွေ နေကြပါတယ်။

ဒါ့ကြောင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့လယ်ရဲ့ လမ်းဘေးပလပ်ဖောင်းမှာ ထိုင်ပြီး အလုပ်ရှင်ကို စောင့်ဆိုင်းနေတဲ့ သျှမ်းပြည်သား တွေဟာ တရက်ဝမ်းရေးအတွက်ကိုသာ ကြိုးစားဖြေရှင်းနေကြပြီး ရှေ့ဆက်ဘာတွေဖြစ်လာမယ်ဆိုတာ မတွေးဝံ့ကြဘဲ နေ့စားအလုပ်ရဖို့သာ ဆုတောင်းနေရပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article