Thursday, April 25, 2024

မြန်မာ – တရုတ် ကြံစိုက်ခင်း ဧကအများအပြား ပျက်စီးနေ

Must read

မြန်မာ – တရုတ်နယ်စပ် ဖြစ်သည့် သျှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း၊ ပန်ဆိုင်း စသည့် ကြံစိုက်ပျိုးသော ဒေသတွင် ကြံစိုက်သမားများက တွက်ချေမကိုက်သောကြောင့် ရပ်ဆိုင်းထားခဲ့ရပြီးနောက် ကြံစိုက်ခင်းအများအပြား ပျက်စီးနေ ကြောင်း သတင်းသိရသည်။

COVID – 19 ရောဂါဖြစ်ပွားချိန်ကစပြီး မြန်မာ – တရုတ် နယ်စပ်ဂိတ်များ ပိတ်ထားလျက်ရှိနေသောကြောင့် တရုတ်ပြည်သို့ ကြံများတင်ပို့၍မရခြင်း၊ တရုတ်ပြည်ကုမ္ပဏီက နစ်နာကြေးကို ပြန်လည်ပေးသွင်းရခြင်း၊ အဆိုပါ တွက်ချေကိုက်ညီမှု မရှိသောကြောင့် ကြံရောင်းချမှုများ ရပ်ဆိုင်းထားခဲ့ရပြီး ကြံစိုက်ခင်း ဧက အများအပြား ပျက်စီးနေကြောင်း မူဆယ်ဒေသခံ ကြံစိုက်ပျိုးသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နယ်စပ်ဂိတ်ပိတ်သွားကတည်းက တင်ပို့မရခဲ့ဘူး။ ကြံရောင်းမထွက်တော့ ကုမ္ပဏီက ဓာတ်မြေသြဇာ၊ ကြံမျိုးစေ့ ကုန်ကျစရိတ်ကို ပြန်တောင်းတယ်။ အခုထိ ဂိတ်တွေပြန်မဖွင့်တော့လည်း ကုမ္ပဏီတွေလည်း ရှုံးတယ်။ ရရာလမ်းတွေနဲ့ တရုတ်ပြည်က ယူနေတာလည်း ရှိတယ်။ ဒီချိန်မှာ ကြံစိုက်တဲ့သူတွေက တွက်ချေမကိုက်တာ နဲ့ ဘယ်သူမှ မစိုက်ချင်တော့ဘူး “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

ကြံများကို တရုတ်နိုင်ငံသို့ တင်ပို့သည့် ပုံရိပ်

ယခု လက်ရှိ မူဆယ်၊ နမ့်ခမ်း၊ ပန်ဆိုင်း စသည့် ကြံစိုက်ပျိုးသော ဒေသများမှာ ကြံစိုက်ခင်းဧကပေါင်း (၅၀) ရာခိုင်နှုန်း ထက်ဝက်ကျော်မှာ မစိုက်ပျိုးသူ၊ ဧကပျက်စီးသူများဖြစ်ကြ ကြောင်းသိရသည်။

အလားတူ စစ်အာဏာသိမ်းမှုကြောင့် စစ်ကောင်စီ၏ မူဝါဒ မကြာခဏ ပြောင်းလဲခြင်း၊ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းပြီး တရုတ်ယွမ်ငွေများ မြင့်တက်လာသဖြင့် စားဝတ်နေရေးအတွက် ခက်ခဲလာရာ လက်ကျန် ကြံစိုက်သမားလည်း ကြံများကိုဈေးပေါပေါဖြင့် ရောင်းချနေလျက်ရှိကြောင်း ဆိုသည်။

“အရင်က တရုတ်ပြည်ကိုပို့ရင် ၁ တန်ကို ယွမ် ၄၃၀ (မြန်မာကျပ်ငွေ ၂ သိန်းကျော်) လောက်တော့ ပေါက်ဈေး ရတယ်။ အခုက နိုင်ငံရေး မတည်ငြိမ်တာနဲ့ ခက်ခဲနေကြတယ်။ ကြံခုတ်ရောင်းတော့လည်း တရုတ်ကို ပို့မရတော့ မိုင်းရယ်ဖက် ကုမ္ပဏီတွေဆီကို ဈေးပေါပေါ နဲ့ ရောင်းပေးရတယ်။ ၁ တန်မှာ မြန်မာကျပ်ငွေ ၃ သောင်းခွဲမကျော်ဘူး ရောင်းချခဲ့ရတယ် “ ဟု မူဆယ် (၁၀၅) မိုင်ရှိ လက်ရှိကြံစိုက်ပျိုးသူ တစ်ဦးက ပြောသည်။

ထို့အပြင် စစ်အာဏာသိမ်း (၁) ကျော် ကာလတွင် စီးပွားအဖက်ဖက်က ကျဆင်းလာခဲ့ပြီးနောက် ကြံစိုက်ပျိုးသူများလည်း ရာချီဖြင့် အရှုံပေါ်နေပြီး ဖြစ်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article