Friday, April 26, 2024

ကျောက်မဲမြို့တွင်း စစ်ကောင်စီ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

Must read

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း သတင်းသိရသည်။

ယမန်နေ့ (စက်တင်ဘာ ၁၇) ရက် ည ၇ နာရီဝန်းကျင် တွင် ကျောက်မဲမြို့ ရပ်ကွက် ၈ အခွန်လွတ်ဈေး အနီးတွင် လုံခြုံရေး ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့မှ သေနတ် ၁၀ ချက် နီးပါး ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပထမ သေနတ်သံ နှစ်ချက်ကြားရတယ်။ နောက်ထပ် ၈ ချက်ကို ဆက်တိုက်ကြားရတယ်။ ကျည်တချို့က လမ်းဘေးရပ်ထားတဲ့ ကားတစ်စီးရဲ့ မှန်ကို ထိမှန်ပြီး ကားထဲရှိနေတဲ့ အမျိုးသမီးကို မှန်စထိသွားတယ်” ဟု ကျောက်မဲမြို့မှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အခွန်လွတ်စျေးအနီး

အဆိုပါ ဒဏ်ရာရသွားသည့် အမျိုးသမီးကို ဆိုင်သိမ်းပြီး ကားဖြင့်နေအိမ်သို့ ပြန်စဥ် ပစ်ခတ်ခံရပြီး၊ ကားမှန်စ အနည်းငယ် ထိမှန်ခံရကာ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံသို့ ညတွင်းချင်း ပို့ဆောင်ထားပြီး ဆေးကုသမှု ခံယူနေကြောင်းလည်း သတင်းသိရသည်။

“စစ်ကောင်စီတွေရော တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေရာ ပစ်ခတ်မှုတွေ မကြာခဏ လုပ်လေ့ရှိတယ်၊ ကျနော်တို့ ပြည်သူအနေနဲ့ ကြောက်ပေမဲ့ ဘာမှလည်းလုပ်လို့မရဘူး။ အခုတော့ မြို့ထဲမှာ ပုံမှန်အတိုင်း သွားလာလို့ရတယ်” ဟု ကျောက်မဲမြို့မှ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီ မှ လက်နက်ဖြင့် ရမ်းသမ်းပစ်ခတ်ချိန်သည် ညမထွက်ရ အမိန့်ထုတ်ထားသည့် အချိန်မဟုတ်ကြောင်း သိရသည်။

ကျောက်မဲမြို့သည် စစ်ကောင်စီတပ်ဖွဲ့အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များစွာ သွားလာလှုပ်ရှားသည့် ဒေသဖြစ်သည့်အတွက် တချို့ဒေသခံပြည်သူများက စစ်ဘေးစစ်ဒဏ် နှင့် အခွန်ကောက်ခံမှု ကင်းလွတ် ရန်အတွက် အိုးအိမ်ပစ်ကာ နိုင်ငံခြားသို့ထွက်ပြေးနေရကြောင်းလည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article