သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများ လိုက်ပါ မောင်းနှင် လာသည့် ယာဥ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး အရာရှိတစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း သတင်းသိရ သည်။
ယမန်နေ့ (စက်တင်ဘာ ၈) ရက် မွန်းလွဲပိုင်း ၁၂ နာရီဝန်းကျင်တွင် မိုးမိတ်မြို့ နှင့် မိုင် ၃၀ ခန့်ကွာဝေးသည့် ရွှေတူးဖော်ရာ ကျောက်မော နှင့် ဝိုင်းပေါကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“နေ့လည်ပိုင်း ၁၂ နာရီခွဲလောက်မှာ ဖြစ်တာပါ၊ ဖိုးဝီးကား သုံးစီးနဲ့ ဌာနဆိုင်ရာက ဝန်ထမ်း အယောက် ၂၀ လောက်ရှိတယ်၊ ကားမှန်ကွဲတယ်၊ ဘီးပေါက်တယ်၊ တခြား ထိခိုက်မှုလည်းရှိမှာပေါ့၊ ခရိုင်စိုက်ပျိုးရေးဌာကန အရာရှိတစ်ဦးလည်း ထိခိုက် ဒဏ်ရာရသွားပြီး မိုးမိတ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်၊ အဲ့နောက်မှာ စကစ တပ်သားတွေက တောထဲကို လက်နက် ကြီးတွေနဲ့ ရမ်းပစ်တယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရာမှ ထိခိုက်ဒဏ်ရာရသည့် အရာရှိသည် မိုးမိတ်ခရိုင် လယ်/ယာ စိုက်ပျိုးရေးဌာနမှ အရာရှိ ဖြစ်သူ အသက် ၅၈ နှစ်အရွယ် ဦးစိုင်းတူးတူးဖြစ်ပြီး တံတောင်ဆစ်နှင့် လက်တွင် ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။

ထိုကားမိုင်းဆွဲခံရတဲ့ကိစ္စနှင့် ပတ်သက်ပြီး မိုးမိတ်မြို့နယ် အုပ်ချုပ်ရေးမှူး က “ကားမိုင်းဆွဲခံရတာ ဟုတ်ပါတယ်။ မနေ့က ၁၂ နာရီလောက်မှာ ဖြစ်တာပါ။ ကားပဲပျက်တယ်။ လူထိခိုက်မှုမရှိဘူး” ဟု သျှမ်းသံတော်ဆင့်ကိုပြောသည်။
လက်ရှိတွင် ကျောက်မော နှင့် ဝိုင်းပေါကြား လမ်းတစ်လျှောက်တွင် အာဏာသိမ်း စစ်ကောင်စီတပ်သားတို့ အင်အားဖြန့်ကျက် နေရာယူထားပြီး ဒေသအတွင်း ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း ဒေသခံများက ပြောသည်။
“စစ်ကောင်စီ တပ်သားတွေက မြေပြင် စစ်ဆေးမှုတွေ လုပ်နေတယ်၊ ဒေသခံတွေကိုလည်း ဘယ်မှ သွားခွင့် မပေးသေးဘူး၊ ရွှေတူးဖော်ရေးက အလုပ်သမားတွေလည်း ဘယ်မှမသွားဖို့ တားမြစ်ထားတယ်၊ ပိတ်ဆို့ စစ်ဆေးမှု လုပ်နေတဲ့သဘောပေါ့၊ အဲ့နားဘက်မှာ PDF တွေလည်း ရှိတယ်” ဟု အထက်ပါ အမည်မဖော်လိုသူ အမျိုးသားကပြောသည်။
ကျောက်မော ဝိုင်းပေါကျေးရွာသည် ရွှေတူးဖော်ရေး လုပ်ငန်းရှိသည့်အပြင် မိုးမိတ်မြို့မှ မန္တလေးမြို့သို့ ဆင်းသည့် ဆက်သွယ်ရေး လမ်းမကြီး တစ်ခုလည်းဖြစ်ကြောင်း သိရသည်။
ယင်းနယ်မြေ ဒေသအတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့အပြင် ကချင် လွတ်မြောက်ရေး တပ်မတော် KIA ၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ လှုပ်ရှားနေကြောင်းလည်း သိရသည်။











Leave a Comments